menu

Tuesday 10 April 2012

ပုသိမ်မြို့ လောင်စာဆီဇုန်တွင် မီးလောင်မှုဖြစ်ပွား




ပုသိမ်မြို့၊ ၁၃ ရပ်ရှိ လောင်စာဆီဇုန်တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သိုလှောင်ရုံတစ်ခုနှင့် သိုလှောင်ရုံအတွင်းရှိ ဆီပေပါများ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူနှင့်အခြားတစ်စုံတစ်ရာ ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။

မီးလောင်ကျွမ်းမှု အကြောင်းရင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ အမှတ် ၁၃ ရပ်၊ ငကျီးထူရပ်ကွက်ရှိ လောင်စာဆီသိုလှောင်ရုံသို့ သယ်ယူလာသည့် ဆီဘောက်စာကားမှတစ်ဆင့် ဆိုင်အတွင်းသို့ ဆီများချနေစဉ် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကားမှ ဆိုင် အတွင်းသို့ သွယ်တန်း၍ ဆီထည့် သည့် ပိုက်မှတစ်ဆင့် ပွတ်တိုက်မှု ဖြစ်ပွားပြီး စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


''အခုလို ရာသီဥတုပူပြင်းတဲ့ အချိန်မျိုးမှာ လောင်စာဆီကို လှယ်ရင် အအေးခံပြီးမှ လှယ်သင့်ပါတယ်။ ရာသီဥတု အပူရှိန်၊ ကားအပူရှိန်၊ ပိုက်အပူရှိန်ပေါင်းပြီး မီးလောင်လွယ်တဲ့ အောက်တိန်းလို ဆီမျိုးဆိုတော့ ပိုဆိုးသွား တာပေါ့။ ပေပါထဲကိုပဲဖြစ်ဖြစ်၊ အခြား ပစ္စည်းတွေထဲကိုပဲဖြစ်ဖြစ် ဆီထည့်မယ်ဆိုရင် နေရာလပ်ချန်ပြီး ထည့်သင့်ပါတယ်'' ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပြခဲ့သည်။ ယင်းမီးလောင်ကျွမ်းမှုသို့ ပုသိမ်မြို့မှ မီးသတ်ယာဉ် ၇ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မြို့မ ရေလှူတော်အသင်းမှ ရေသယ်ယာဉ် ၁ စီးနှင့်  မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆၅ ဦး လာရောက် ငြှိမ်းသတ်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis