menu

Tuesday 10 April 2012

အရောင်တွေနဲ့ ရှင်သန်နေတဲ့မြို့ (သို့မဟုတ်) တန့်ယန်း(မင်းသီဟဇော်)

တွေ့ရသလောက် ရှမ်းတိုင်းရင်းသားတွေ အတော်များများရှိသည်။ လားဟူ၊ ပလောင်စတာတွေလည်း တွေ့ခဲ့ရသည်။ အညာ မြင်းခြံ၊ မြစ်ခြေ ဘက်က၊ ပဲခူးကစသည်ဖြင့် မြေပြန့်က ဗမာတွေလည်း တွေ့ရသည်။ မြန်မာနိုင်ငံ နေရာဒေသ အတော်များများမှာ တွေ့ရသည့် ဆွေမျိုးပေါက်ဖော်တွေလည်း တန့်ယန်းမှာ စီးပွားရေးလုပ်သည်ကို တွေ့ခဲ့ရသည်  . . .


တန့်ယန်းမြို့အနီးတွင် တိုင်းရင်းသူများအား တွေ့ရစဉ်
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရှမ်း(မြောက်)မြို့တော် လားရှိုးသို့ ဒုတိယအကြိမ် ရောက်ဖြစ်ခဲ့ရသည်။ သတင်းရယူရမည့်နေရာက လားရှိုးတော့မဟုတ် လားရှိုးနှင့် ၇၅ မိုင်အကွာက တန့်ယန်းမြို့ဖြစ်သည်။ လားရှိုးက ၂၀၀၇ ခုနှစ်တုန်းက တစ်ခေါက်ရောက်ဖူးတော့ သိပ်မ စိမ်းလှ။ ဒါပေမယ့် တန့်ယန်းကတော့ အခုမှ သွားရမယ့် ရောက်ဖူးမယ့် နေရာသစ်။ မေးမြန်းစုံစမ်းရမိသလောက် ထိုမြို့ကလေးက  ယခင့် ယခင်က အရောင်ရှိသော မြို့ဖြစ်သည်တဲ့။ ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်က အရောင်အသွေးစုံလေ ကြိုက်လေပါပဲ။


တန့်ယန်းမြို့ အမှတ် ၆ ရပ်ကွက် မဲရုံကို ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်

ဒီလိုနဲ့ လားရှိုးကနေ တန့်ယန်းကို ခရီးစထွက်ခဲ့သည်။ တန့်ယန်းကို အခြားဒေသက အလည်အပတ်လာရောက်တဲ့ ခရီးသွားတွေက မရှိသလောက်ရှားပြီး ဒေသတွင်း ကူးလူးနေသည့် ကုန်သည်၊ ၀န်ထမ်းတွေကိုပဲ တွေ့ခဲ့ရသည်။ လားရှိုး-တန့်ယန်းကားလမ်းက တောင်တက်တောင်ဆင်း တွေရှိသော်လည်း လမ်းက သိပ်မကြမ်းလှ။ လားရှိုး-တန့်ယန်းကားတွေကလည်း ပေါသည်။ ဗင်ကား စီးမလား၊ မှန်လုံစီးမလား၊ ဟိုင်းလပ် စီးမလား ရသည်။ ဒါပေမယ့် ခရီးသည်ပြည့်မှ ထွက်ကြသည်။  နံနက် ၁၀ နာရီခွဲလောက် ကားဂိတ်ရောက်နေပေမယ့် မွန်းလွဲ ၁ နာရီ သာသာမှ ကားကထွက်သည်။ လူမပြည့်လို့ စောင့်နေတာဟု ပြောသည်။
ကျွန်တော်စီးရတဲ့ကားက ဗင်ကား၊ လူကအားလုံးငါးယောက်  ကားခေါင်မိုးနဲ့ နောက်ခန်းထဲကမှာ ကုန်ကအပြည့် သွားရမယ့်လမ်းက တောင်တက်တောင်ဆင်းလမ်း။ ရင်တမမနဲ့ပေါ့။ ဒါပေမယ့် ကားလမ်း ဘေးရှုခင်းတွေကြည့်ရင်းနဲ့ စိုးရိမ်စိတ်တွေ ပျောက်သွားခဲ့ရသည်။
နွေရာသီပဲပေမို့လား မသိ။ လမ်းဘေးဝဲယာ သိပ်စိမ်းစိမ်းစိုစိုတော့ မရှိလှ။ တောင်ကတုံးတွေ၊ တောင်ယာလုပ်ဖို့ တောမီးရှို့ထားတဲ့ မီးကျွမ်းမြေတွေ တွေ့ခဲ့ရသည်။ ခပ်ဝေးဝေးမှာတော့ မှိုင်းညှို့ညှို့ရှမ်း တောင်တန်းတွေကို ခပ်ရေးရေး လှမ်းတွေ့ရသည်။
လားရှိုးမြို့နယ်အဆုံး နမ့်ပေါင်တံတား ဟိုဘက်ရောက်တော့ မိုင်းရယ်မြို့နယ်ထဲ စ၀င်သည်။ နမ့်ပေါင်တံတား ကျော်လွန်ပြီးကတည်းက လမ်းလုံခြုံရေး ကင်းလှည့်နေသည့် လက်နက်ကိုင်အချို့ကို တွေ့ရသည်။ ကားဆရာ ကတော့ ပြည်သူ့စစ်တွေလို့ ပြောသည်။ မိုင်းရယ်မြို့နယ်ထဲက နားခေါ်၊ နမ္မတုံ၊ ဟိုယစသည့် တိုင်းရင်းသားရွာလေးများကို ဖြတ်သန်းလာခဲ့ရသည်။ ဟိုယကျေးရွာအလွန်မှာတော့ နေစောင်းလာပြီမို့ အအေးဓာတ် အနည်း ငယ်ရလာသည်။ ဟိုယကျေးရွာအလွန်မှစပြီး တောင်တက်ခရီး တစ်ကျော့ပြန်လာသည်။ လမ်းခရီးမှာတော့ တောမီးရှို့မှုကြောင့် မီးခိုးမှိုင်းတွေက နေရာအနှံ့ ပြန့်ကျဲနေကြသည်။ လားရှိုး-မိုးရယ်-တန့်ယန်း ၆၆ ကေဗွီ ဓာတ်အားလိုင်းအတွက် လမ်းဘေးတွင် ဓာတ်တိုင်များစုပုံထားသည်ကိုလည်း တွေ့ရသည်။
တန့်ယန်းမြို့ထဲရောက်တော့ ညနေ ၅ နာရီစွန်းစွန်း ဖြစ်နေပြီ။  အလင်းရောင်က သိပ်မရှိတော့။ တည်းခိုခန်းလိုက်ရှာပြီး ပစ္စည်းပစ္စယများချကာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပြေးခဲ့ရသည်။ ဧပြီ  ၁ ရက်နေ့ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သိလိုသည်များ ကို မေးခဲ့ရသည်။ ရရှိသည့် သတင်းများကို ပြန်ပို့ဖို့ အင်တာနက်ဆိုင်ကို မှောင်နဲ့မည်းမည်း သွားခဲ့ရသည်။ တန့်ယန်းမြို့မှာက ပုဂ္ဂလိကလျှပ်စစ်မီးကို ယူရသည်ဟု တည်းခိုခန်းက ကောင်လေးကပြောသည်။ တချို့ကတော့ ကိုယ်ပိုင်မီးစက် သုံးကြသည်။ ည ၉ နာရီလောက်မှာတော့ တန့် ယန်းမြို့က အိပ်စက်သွားပါပြီ။
ဧပြီလ ၁ ရက်နေ့ နံနက် ၅ နာရီလောက်ထပြီး ကြားဖြတ်ရွေးကောက်ပွဲ သတင်းယူဖို့ ပြင်ဆင်ရသည်။ တန့်ယန်းမှာက သွားရေးလာရေးအတွက် ဆိုင်ကယ်ကယ်ရီဆိုတာ မရှိတော့ တည်းခိုခန်းကကောင်လေးကို အကျိုးအကြောင်းပြောပြပြီး ဆိုင်ကယ်ငှားခဲ့ရသည်။ ပြီးတော့မေးရင်းမြန်း ရင်းစုံစမ်းရင်းနဲ့ပဲ တန့်ယန်းမြို့ပေါ် ရပ်ကွက်မဲရုံတွေဆီသွားခဲ့ရသည်။

မဲရုံမဖွင့်ခင် ရောက်သွားသည်က တန့်ယန်းမြို့အမှတ် ၄ ရပ်ကွက် မဲရုံဖြစ်သည်။ ပထမဆုံး မဲလာပေးသူနှင့် မဲရုံပတ်ဝန်းကျင်၊ မဲရုံတွင်းကို ဓာတ်ပုံ ရိုက်သတင်းယူခဲ့သည်။ ဒီအထိတော့ သတင်းယူရတာ အဆင်ပြေနေသေး သည်။ နောက် မဲရုံ တစ်ရုံပြီး တစ်ရုံ ကူးချည် သန်းချည်လုပ်ပြီး သတင်းရယူခဲ့သည်။ ပြီးတော့ ရသလောက်သတင်းကို ဖုန်းနဲ့ပို့လိုက်၊ အင်တာနက်ဆိုင်ပြေးပြီး ပို့လိုက် လုပ်ခဲ့ရသည်။ သတင်းရယူလို့ အဆင်ပြေသည့် မဲရုံတွေရှိသလို မဲရုံပြုလုပ်သည့် ကျောင်းဝင်းထဲကို ကင်မရာ၊ ဖုန်း၊ အသံဖမ်း စက်ထားပြီးမှ ၀င်ခွင့်ပြုသည့် မဲရုံတချို့လည်း ရှိသည်။ မဲရုံမှူး အတော်များများကတော့ သဘောကောင်းကြသည်။ မဲလာပေးသူတွေအားလုံးက လူမျိုးစုံဆိုတော့ ဗမာစာ မတတ်သူတွေ ဘယ်လိုမဲပေးလဲဆိုတာ စုံစမ်းကြည့်တော့ အရုပ်ကိုကြည့်ပြီး ပေးတဲ့သူ ရှိသလို၊ မဲရုံမှာ တာဝန်ကျတဲ့ တိုင်းရင်းသားတွေက ကူညီပြောပြပေးတယ် ဆိုတာ ကိုသိခဲ့ရပါတယ်။ တန့်ယန်းမြို့ပေါ် မဲရုံတွေမှာ မဲလာပေးမှု နည်းတာကို တွေ့ရပါတယ်။ အသည်းကြားက မဲတစ်ပြားကို စိတ်မ၀င်စားကြတာလား။ အရေးမစိုက်ဘဲ ခပ်အေးအေး နေတတ်ကြလို့များလား။ ဒါမှမဟုတ် အခြားအခြားသော အကြောင်းကြောင်း ကြောင့်များလား ဆိုတာတွေကတော့ ကျွန်တော့အတွက် စဉ်းစားစရာ ဖြစ်ခဲ့ရပါတယ်။
မဲရုံတွေကို စုန်ချည် ဆန်ချည် သွားရင်းနဲ့ပဲ မဲရုံပိတ်ချိန်ကို ရောက်လာသည်။ ဒီမှာ ဇာတ်လမ်းက စတော့သည်။ မဲရုံ ပရ၀ဏ်ထဲ ဓာတ်ပုံ မရိုက်ရဟု တာဝန်ကျလုံခြုံရေးက လာပြောသည်။ သူတို့မှာလည်း အထက်က ညွှန်ကြားထားလို့ပါဟု ကောင်းကောင်းမွန်မွန် ပြောရှာသည်။  ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌကို မေးမြန်းကြည့်တော့လည်း ဒီအဖြေပဲထွက်လာသည်။ ဒီတော့ အခွင့်အရေးရသလောက်သာ ရိုက်ခဲ့ရသည်။ တန့်ယန်းမြို့ပေါ် မဲရုံတွေက မဲရလဒ်တွေက ည ၉ နာရီလောက်ထိ အဖြူအမည်း မသဲကွဲသေး။ ခွပ်ဒေါင်း၊ ကျားဖြူ၊ ခြင်္သေ့ ဒီသုံးပါတီ မဲ မတိမ်းမယိမ်း ဖြစ်နေသည်။ ယတိပြတ် ပြော၍မရသေးဘဲ ရွာတွေက မဲရလဒ်တွေကို စောင့်နေရသည်။ တန့်ယန်းမြို့မှာက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအပါအ၀င် မဲရုံက ၈၀ ကျော် ရှိသည်။ အဲဒီထဲမှာ သွားရေး လာရေး ခက်ခဲသည့် ကျေးရွာတွေက ရှိသေးသည်။ ဒီလိုနဲ့ ဧပြီလ ၁ ရက်နေ့မှာ မဲရလဒ် အပြည့်အစုံ မရရှိခဲ့။ နောက်တစ်ရက် ကူးခဲ့ရသည်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် အခြားပြည်နယ်၊ တိုင်းဒေသကြီးတွေက ဘယ်ပါတီ နိုင်သည်ဆိုသည်ကို သိနေရပြီ။ တန့်ယန်းမှာတော့ ဝေးလံခေါင်သီတဲ့ ကျေးရွာတွေက မဲရလဒ်တွေကို စောင့်ရင်း ဧပြီ ၂ ရက်နေ့ မွန်းလွဲပိုင်းမှ တန့်ယန်းမြို့နယ် မဲရလဒ် စာရင်းချုပ်ကို ရခဲ့သည်။ ရပြန်တော့လည်း အခြားနေရာဒေသတွေနဲ့ မတူ၊ နာမည်ကြီးနေသည့် ပါတီကမရဘဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက နိုင်သွားသည်။ သြော် ဒါရှမ်းပြည်နယ်ပဲဟု အတွေးတစ်ခု  ၀င်လာမိ၍ တော်သေးသည်။

တွေ့ရသလောက် ရှမ်းတိုင်းရင်းသားတွေ အတော်များများရှိသည်။ လားဟူ၊ ပလောင်စတာတွေလည်း တွေ့ခဲ့ရသည်။ အညာ မြင်းခြံ၊ မြစ်ခြေ ဘက်က၊ ပဲခူးကစသည်ဖြင့် မြေပြန့်က ဗမာတွေလည်း တွေ့ရသည်။ မြန်မာနိုင်ငံ နေရာဒေသ အတော်များများမှာ တွေ့ရသည့် ဆွေမျိုးပေါက်ဖော်တွေလည်း တန့်ယန်းမှာ စီးပွားရေးလုပ်သည်ကို တွေ့ခဲ့ရသည်  . . .
တန့်ယန်းမှာ နှစ်ရက်ခွဲကျော်ကျော် နေလိုက်ရသော်လည်း ရွေးကောက်ပွဲအတွက် လုံးပန်းနေသည့်အတွက် တန့်ယန်းမြို့ရဲ့ ရုပ်ပုံလွှာကို ပီပီပြင်ပြင် မခံစားမိခဲ့။ သွားရင်းလာရင်း ဖျတ်ခနဲ တွေ့လိုက်ရသည့် တန့်ယန်း မြို့ကတော့ အရောင်ရှိသည်မှာ အမှန်ဟု ပြောချင်သည်။ ကျွန်တော်တွေ့ရသလောက် ရှမ်းတိုင်းရင်းသားတွေ  အတော်များများ ရှိသည်။ လားဟူ၊ ပလောင်စတာတွေလည်း တွေ့ခဲ့ရသည်။ အညာ မြင်းခြံ၊ မြစ်ခြေဘက်က၊ ပဲခူးကစသည်ဖြင့် မြေပြန့်က ဗမာတွေလည်း တွေ့ရသည်။ မြန်မာနိုင်ငံ နေရာဒေသအတော်များ များမှာ တွေ့ရသည့် ဆွေမျိုးပေါက်ဖော်တွေလည်း တန့်ယန်းမှာ စီးပွားရေး လုပ်သည်ကို တွေ့ခဲ့ရသည်။ ဗလီဝတ်ကျောင်းကြီးတွေလည်း တွေ့ခဲ့ရသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ အရောင်အသွေး အတော်များများ တွေ့ခဲ့ရသည်။ တခြားအဓိပ္ပာယ်ရှိသည့် အရောင်လည်း ရှိကောင်း ရှိနိုင်သေးသည်။
တန့်ယန်းမြို့ရဲ့ အဓိကစီးပွားရေးကို စပ်စုကြည့်တော့ စိုက်ပျိုးရေးလုပ်ငန်းဟု ပြောသည်။ စိုက်ပျိုးရေးလုပ်ငန်းမှာမှ ငွေများများရသည့် စိုက်ပျိုးရေးလုပ်သည်ဟု ပဟေဠိဖွက်ပြီး ဖြေသူက ဖြေသည်။ ပြီးတော့ သိတယ် မဟုတ်လားဟုလည်း မေးသေးသည်။ နယ်မြေကလည်း များသောအားဖြင့် အေးချမ်းပါသည် တစ်ခါတရံတော့ ယမ်းနံ့ သင်းတတ်သည်ဟု ပြောသူများလည်း ရှိသည်။ သူတို့ပြောတဲ့ ယမ်းနံ့သင်းတယ်ဆိုတာ သီတင်းကျွတ် လတို့၊ တရုတ်နှစ်ကူးချိန်တို့မှာ ဗျောက်အိုး၊ မီးရှုးမီးပန်း ပစ်ဖောက်တာကို ရည်ညွှန်းတာပဲလားမသိ။ သူတို့ကလည်း သေသေချာချာ မပြောကြ။ သူတို့က ဒီဒေသမှာ နေထိုင်နေရသည်ကိုတော့ နားလည်မိသည်။ တန့်ယန်း က '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့နှင့်လည်း မဝေးလှ၍ ကူးသန်းရောင်းဝယ်သူတွေဖြင့် စည်ကားမှုကတော့ ရှိနေသည်။ တန့်ယန်းမြို့က အထွက်မှာတော့ တောင်ကုန်းပေါ်မှာရှိတဲ့ လက်ဖက်စိုက်ခင်း စိမ်းစိမ်းစိုစိုကို တွေ့ခဲ့ရသည်။ တန့်ယန်းဒေသတစ်ခုလုံး တစ်ချိန်ချိန်မှာ လက်ဖက်စိုက်ခင်းတွေနဲ့ စိမ်းစိုဝေဆာနေပါစေလို့ ဆုတောင်းရင်းနဲ့ပဲ အရောင်ရှိတဲ့မြို့ကလေးကို ကျောခိုင်းခဲ့ရပါတယ်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis