menu

Wednesday 11 April 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် တွေ့ဆုံ




နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် နေပြည်တော်သို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်။ (Photo: AFP)
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်က နေပြည်တော်၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
တွေ့ဆုံမှုသည် နံနက် ၁၁ နာရီမှ ၁၂ နာရီ မိနစ် ၃၀ အထိ ကြာမြင့်ခဲ့ပြီး ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှု ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုမှာကောင်းမွန်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်လေဆိပ်သို့ နေချင်းပြန် ရောက်ရှိချိန်တွင် မီဒီယာများအား ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင်  ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုသည် မြန်မာ့နိုင်ငံရေးဖြစ်စဉ်၌ အရေးပါသော သမိုင်းမှတ်တိုင် တစ်ခုဖြစ်ခဲ့ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လေးနက်သော ခြေလှမ်းတစ်ခုလည်း ဖြစ်ခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ခဲ့ပါသည်။

b5_2_09_1
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ခေတ္တတည်းခိုရာ ဟိုတယ်တွင် တွေ့မြင်ရစဉ်။
ပထမအကြိမ် တွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ၌ ပူးပေါင်းဆောင်ရွက်ကြမည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။ တွေ့ဆုံမှု ရလဒ်အဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို လွှတ်တော်သို့ တင်ပြ ပြင်ဆင်ခဲ့ ပါသည်။  ယင်းဥပဒေ ပြင်ဆင်ပြီးနောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နေရာတစ်နေရာစီ  အနိုင်ရရှိခဲ့ပါသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဧပြီလ ၂ ရက်၊ ၃ ရက်နေ့ ထုတ်ပြန် ကြေညာချက်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၄၃ နေရာတွင် အနိုင်ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က နေရာတစ်နေရာစီ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲများနှင့် စပ်လျဉ်း၍ မဲဆန္ဒနယ် အများစုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီလ ၇ ရက်နေ့တွင် ကြေငြာစာတမ်း တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်စဉ်တွင် ရှေ့ဆုံးမှပါဝင်ခဲ့သော ပြည်သူလူထု၊ နိုင်ငံတော်သမ္မတကြီးနှင့် ပါဝင်ဆောင်ရွက်ခဲ့သူများအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြခဲ့ပါသည်။
လက်ရှိအချိန်တွင် အမေရိကန်နှင့် ဥရောပ သမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့်  မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ဖြေလျော့ရန်ရှိကြောင်း ထုတ်ဖော်ပြောကြား လျက်ရှိနေပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis