menu

Friday 23 March 2012

ဟောမုဇ်ရေလက်ကြားကို အီရန် ပိတ်ဆို့နိုင်ပါသလား(ကြည်နေ၀င်းမင်း)


Photo

အမေရိကန်က အီရတ်စစ်ပွဲကို အဆုံးသတ်လိုက် သည်မှာ မကြာသေး၊ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ပွဲညာသံများ ညံလို့လာပြန်ပါပြီ။ နိုင်ငံ၏ နျူကလီးယားအစီ အစဉ်နှင့်ပတ်သက်၍ အပြည့်အ၀ပွင့်လင်းမှုမရှိဘဲ အီရန်သည် နျူကလီးယားအစီအစဉ်ကိုစစ်လက်နက်များတွင် အသုံးပြုရန် စီစဉ်နေသည်ဟူသော ထောက်လှမ်းရေး သတင်းများထွက် ပေါ်လာမှုနှင့်အတူ အီရန်အပေါ် အမေရိကန်နှင့် ကုလသမဂ၏ ပိတ်ဆို့တားဆီးမှုများ ပိုမိုတင်းကျပ်လာခဲ့သည်။ ယခုနောက်ဆုံး အီရန်အပေါ် ချမှတ် သည့် ပိတ်ဆို့တားဆီးမှုမှာ အီရန်စီးပွားရေး၏အဓိကအသက်ရှူလမ်းကြောင်းဖြစ်သော ရေနံတင်ပို့မှုကိုပိတ်ဆို့ တားဆီးရေးဖြစ်သည်။
စက်မှုလုပ်ငန်းများအတွက် အရေးကြီးသော ရေနံအတွက် အီရန် နှင့် အခြားအာရပ်နိုင်ငံများအပေါ် မှီခိုနေရသော ဥရောပသမဂနိုင်ငံများ ကလည်း တားဆီးပိတ်ဆို့မှုတွင် ပူးပေါင်းပါဝင်ပြီး အီရန်ရေနံတင်သွင်းမှုကို ဖြတ်တောက်မည်၊ ဂျပန်နိုင်ငံကလည်း အီရန်ရေနံတင်သွင်းမှုကို လျှော့ချမည်၊ အိန္ဒိယနိုင်ငံကလည်း ပူးပေါင်းမည်ဟုဆိုလာ သောအခါ
ဝင်ငွေ ရပေါက်ရလမ်းအတွက် ရေနံအပေါ်မှီခိုနေရသော အီရန်နိုင်ငံမှာ လှုပ်ခတ်လာသည်။ အီရန်ရေနံကို အမြောက်အမြားဝယ်ယူနေသော တရုတ်နိုင်ငံမှ ခေါင်းဆောင်များပင် အရှေ့အလယ်ပိုင်းမှ အခြားအာရပ်နိုင်ငံ များသို့ သွားရောက်၍ စွမ်းအင်နှင့်ရေနံကိစ္စများ ပြောဆိုဆွေးနွေးလာခဲ့ရာ အီရန်နိုင်ငံက ဟောမုဇ်ရေ လက်ကြားတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရင်း ရေလက်ကြားကိုပိတ်ပစ်မည်ဟု   ခြိမ်းခြောက်လာခဲ့သည်။ ထို့အတွက် အီရန်သည် ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့နိုင်ပါသလား၊ ပိတ်ဆို့နိုင်သည့်စွမ်းရည်ရှိပါသလားဟူသော မေးခွန်းများပေါ်ထွက်လာသည်။
အတွဲလိုက် ဒုံးကျည်ပစ်စင်များ၊ တိုက်ခိုက်ရေးရေယာဉ်အုပ်စုများနှင့် ရေမြှုပ်မိုင်း အမြောက်အမြားပိုင်ဆိုင်ထားသော အီရန်နိုင်ငံမှာ ဟောမုဇ်ရေလက်ကြား သင်္ဘော ဖြတ်သန်းသွားလာမှုကို အနှောင့်အယှက်ပေးနိုင်သော်လည်း ကမ္ဘာ့အရေးပါဆုံး ရေနံလမ်းကြောင်းကို လုံးဝပိတ်ပစ် ရန်မူ မဖြစ်နိုင်ကြောင်း စစ်ဘက်ရေးရာ ဆန်းစစ် လေ့လာသူများက ပြောသည်။ သို့သော် ဤနေရာတွင် အီရန်ခေါင်းဆောင်များအတွက် မေးခွန်း ထုတ်ရမည့်အချက်မှာ တန်ဖိုးကြီးကြီးပေးဆပ်ရမည့် အခြေအနေနှင့် တန်ပါ့မလားဆိုသည့်အချက်ဖြစ်သည်။ ရေလက်ကြားအား ပိတ်ဆို့ရန်ကြိုးစားခြင်းသည် ပင်လယ်ကွေ့တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့များက အီရန်နိုင်ငံအပေါ် အင်နှင့် အားနှင့် တုံ့ပြန်မှုရှိလာနိုင်ပြီး အီရန်နိုင်ငံ၏ လက်ကျန်အနည်းငယ်သော နိုင်ငံတကာမဟာမိတ်များကိုလည်း စိမ်းကားသွားစေနိုင်သည်။
အီရန်နိုင်ငံ၏ လေးနက်သောခြိမ်းခြောက်မှုများမှာ ရေနံတင်ပို့မှုများအား ပစ်မှတ်ထားမည့် အမေရိကန်၏ ပိတ်ဆို့တားဆီးမှုများအပေါ် ၎င်းင်းတို့၏ ထိတ်လန့်မှုကို  ပြသ နေခြင်းလည်းဖြစ်သည်။ အတိတ်ကအမေရိကန်နှင့် ကုလသမဂ္ဂ၏ ပိတ်ဆို့တားဆီးမှုများစွာကို အီရန်ခေါင်း ဆောင်များက ဂရုမစိုက်သလိုပြောကြားခဲ့ပြီးပိတ်ဆို့တားဆီးမှု များမှာ ထိရောက်မှုမရှိဟုပင် သရော်ခဲ့သည်။ သို့သော် ရေနံကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိပါက မူလကပင် ဒဏ်ရာဗရပွနှင့်အီရန်စီးပွားရေးမှာဇောက်ထိုးမိုး မျှော် ဖြစ်သွားနိုင်စရာရှိသည်။
“ဟောမုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုကို အချိန်အတန်ကြာ ပိတ်ဆို့ထားဖို့ဆိုတာတောင် အီရန်အတွက် အလွန့်အလွန်ကိုခက်ခဲပါလိမ့်မယ်။အီရန်မှာရေလက် ကြား ကိုထိထိရောက်ရောက်ဖြစ်အောင် ပိတ်ဆို့ထားနိုင် တဲ့စွမ်းရည်မရှိပါဘူး”ဟု ၀ါရှင် တန်အခြေစိုက် စစ်ပွဲများကိုလေ့ လာရေးအင်စတီကျူဒ်မှ အကြီးတန်းသုတေသန၊ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဂျွန်နသန်ရူးကပြောကြားသည်။ အီရန်လုပ်နိုင်သည် မှာ ရေနံတင်သင်္ဘောများအား တားဆီးခြင်းမှနေ ပေါ်ပေါ်ထင် ထင်တိုက်ခိုက်ခြင်း စသည်တို့ဖြစ်ကြောင်း ဂျွန်နသန်နှင့် အခြား လေ့လာသုံးသပ်သူများကပြောကြားသည်။ ရည်မှန်းချက်မှာ ရေနံဈေးကွက်များကို အထိတ်တ လန့်ဖြစ်စေပြီး သင်္ဘော လုပ်ငန်း အာမခံနှုန်းထားမြင့်တက်လာစေခြင်းနှင့်အတူ ပိတ်ဆို့တားဆီးမှုများကို အမေရိကန်က အလျှော့ပေးလာသည်အထိ ကမ္ဘာ့ရေနံဈေးနှုန်းများမြင့် တက်လာစေရန် အမေရိကန်ကို ဖိအားပေးရေးဖြစ်သည်။
ဟောမုဇ်ရေလက်ကြားမှာလည်း အီရန်နှင့် အိုမန်နိုင်ငံတို့ကြား အကျဉ်းမြောင်းဆုံးနေရာမှာ ကီလိုမီတာ ၅၀ သာ ကွာဝေးရာ လွယ်ကူသောပစ်မှတ်ဟုထင်ရသည်။ ကမ္ဘာ့ရေနံလိုအပ်ချက်၏ ခြောက်ပုံတစ်ပုံကို ပံ့ပိုးပေးသော ရေနံတင်သင်္ဘောများမှာ ယင်းရေလက်ကြားမှ ဖြတ်သန်း ရသည်။ အီရန်ကလည်း မကြာသေးမီနှစ်များအတွင်း ၎င်းင်း၏ ရေတပ်အင်အားကို သိသိသာသာ အင်အားတောင့်တင်းအောင် လုပ်ဆောင်ခဲ့ သည်။ မြန်နှုန်းမြင့်တိုက်ခိုက်ရေးရေယာဉ်များကို တိုးမြှင့်ခဲ့သလိုသင်္ဘောပစ်ဒုံး ကျည်များ၊ မိုင်းထောင်သင်္ဘောများကိုလည်း တိုးချဲ့ခဲ့ သည်။ မဟာဗျူဟာမြောက်နှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အီရန်နိုင်ငံ၏ တော်လှန်ရေးစောင့်ရှောက်မှုအထူးတပ်ဖွဲ့များသည် အင်အားအကောင်းဆုံးရေ တပ်၊ တပ်ဖွဲ့ဝင်များကိုပိုင်ဆိုင်ထားပြီး ၎င်းင်းတို့၏အင်အားမှာ ခန့်မှန်းခြေ အားဖြင့် နှစ်သောင်းခန့်ရှိကာ ကီလိုမီတာ ၁၂၀ အထိ ပစ်ခတ်နိုင်သည့် စီ-၈၀၂ ဒုံးကျည်များ တပ်ဆင်ထားသည့် တိုက်ခိုက်ရေးရေယာဉ် အနည်းဆုံး ၁၀ စီးပိုင်ဆိုင်ထား သည်ဟု ဆိုသည်။
အီရန်ရေတပ်သည် ရေငုပ်သင်္ဘောသုံးစီးကိုလည်း ပိုင်ဆိုင်ပြီး ဟောမုဇ်ရေလက်ကြားအားအုပ်မိုး၍ မြင်နိုင်သော ၎င်း၏ ကမ်းရိုးတန်းတစ် လျှောက်တွင် ကီလိုမီတာ ၁၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော ရေယာဉ်ပစ်ဒုံးကျည်အမြောက်အမြားချထားပြီး ယင်းဒုံးကျည်များကို ရွေ့လျားယာဉ်များပေါ်တွင်တပ်ဆင်ထား၍ ပစ်မှတ်ထားတိုက် ခိုက် ရန်ခက်ခဲသည်ဟုဆိုသည်။ အီရန်၏လေတပ်မှာ ယင်းသို့သော အထောက်အပံ့များ မရရှိကြောင်း ဂျွန်နသန်ရူးက ပြောကြားရင်း ၎င်းင်းတို့၏ ရေတပ်မှာ အမေရိကန်
နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများအား အထိနာအောင်လုပ်ဆောင်ရာ တွင် အကောင်းဆုံးရွေးချယ်စရာဟု အီရန်က သဘောပေါက်ပုံရကြောင်း ပြောသည်။
သို့နှင့်တိုင် ပင်လယ်ကွေ့နိုင်ငံဖြစ်သောဘာရိန်းတွင် အမေရိကန်၏ အမှတ် ၅ ရေတပ်အုပ်စုတပ်စွဲထားခြင်းကိုထည့်တွက်ပါက အီရန်တပ်ဖွဲ့များမှာဟောမုဇ်ရေလက်ကြား ကို လုံးလုံးလျားလျား ပိတ်ဆို့ပစ်လိုက်ရန် လုံလောက်သည့်အင်အားမရှိပေ။ ဤသို့ဆိုလျှင် ရေလက်ကြား ၌ ရေမြှုပ်မိုင်းအမြောက်အမြားထောင်ခြင်းမှာ သီအိုရီအရ အကောင်းဆုံးဖြစ်နိုင်သည်။ သို့သော်လည်း ရေလက်ကြားတွင် ရေစီးနှုန်းမြန်ဆန်ခြင်း မှာအခက်အခဲဖြစ်နိုင်သလို အမေရိကန်နှင့် ၎င်းင်း၏ ပင်လယ်ကွေ့ မဟာ
မိတ်နိုင်ငံများက ယင်းဒေသ၌ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်လေ့လာ ရေးစနစ်များ တပ်ဆင်ထားရာ အီရန်အတွက် ရေမြှုပ်မိုင်းထောင်ရေးမှာထင်သလောက် မလွယ်ကူပေ။ ယူအေအီးနှင့်ဆော်ဒီအာရေးဗီးယားနိုင်ငံများကလည်းရေမြှုပ်မိုင်းတန်ပြန်စွမ်းရည်များကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ထားပြီးဖြစ်ကြောင်း မစ္စတာဂျွန်နသန်က ပြောသည်။
ထို့အပြင် ဟောမုဇ်ရေလက်ကြားမှာ အီရန်နှင့် အိုမန်နိုင်ငံတို့၏ ရေပိုင်နက်ထဲတွင်ပါဝင်သော်လည်း နိုင်ငံတကာနှင့်သက်ဆိုင်သည့် ရေလက်ကြားဟု မှတ်ယူထားကြရာ လွတ်လွတ်လပ်လပ် ဖြတ်သန်းခွင့်ကို အာမခံရမည်ဖြစ်သည်။ ထို့အတွက် မည်သည့်နိုင်ငံကမဆို ယင်းရေလက်ကြားကို ပိတ်ဆို့လိုက်ပါက နိုင်ငံတကာဥပဒေအရစစ်ပွဲ စတင် ခြင်းလုပ်ရပ်ဟု ရှုမြင်ခံရမည်ဖြစ်သည်။ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပါက အီရန်နိုင်ငံ ကိုယ်တိုင်လည်း အခက်တွေ့မည်ဖြစ်သည်။ နိုင်ငံ၏ ၈၀ ရာခိုင်နှုန်း သောဝင်ငွေကို ရှာဖွေပေးနေသည့် ရေနံကို နိုင်ငံခြားသို့ မတင်ပို့နိုင်ရုံမျှမက ၎င်းအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်ဆီကိုလည်း တင်သွင်းနိုင်တော့မည် မဟုတ်ပေ။ “ရေလက်ကြားကို အပြည့်အ၀ ပိတ်ပစ်လိုက်ရင် အီရန်အတွက် အဆိုးဆုံးအခြေအနေဖြစ်ပါလိမ့်မယ်။ ဒါဟာ သူတို့အတွက် နောက်ဆုံး ကျည်ဆန်ပါ”ဟု ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ရေနံလုပ်ငန်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ပက်ထရိုမေးထရစ်မှ အိုလီဗီယာဂျက်ဘ်ကော့ကဆိုသည်။
—Ref: Iran cant'd blockade Hormuz
7DayNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis