menu

Friday 23 March 2012

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်နှင့် တွေ့ဆုံခြင်း


‘သက်မွန်တို့ မင်းသမီးတွေ အနေနဲ့တော့ ကိုယ်လုပ်ချင်တယ် ဆိုတာမျိုးကို သိပ်အများကြီး ရွေးချယ်ခွင့် မရှိပါဘူး’

e4511 ၂၀၁၁ ခုနှစ်အတွင်းမှစ၍ ပရိသတ် ချစ်ခင်အားပေးမှုကို ပိုမိုလက်ခံရရှိလာခဲ့သည့် သရုပ်ဆောင် သက်မွန်မြင့်က ၂၀၁၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ပရိသတ်များ မျှော်လင့် ထားကြသည့်အတိုင်း ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။ ရုပ်ရှင်ဗီဒီယို ဇာတ်ကားများနှင့် ကြော်ငြာများတွင် ဆက်တိုက် ပါဝင် သရုပ်ဆောင်လျက်ရှိသူ သက်မွန်မြင့်နှင့် တွေ့ဆုံဖြစ်သည့် အခိုက် မင်းသမီးတစ်ယောက်၏ ရပ်တည်ရမှု အနေအထား၊ မင်းသမီးများအပေါ် ဝေဖန်စကားများအပေါ် အမြင်၊ လက်ရှိဈေးကွက် အနေအထားစသဖြင့် အနုပညာရေးရာ အဖြာဖြာအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ . . .


မေး- ချစ်တယ်ပြောမှ လွှတ်မယ် ဇာတ်ကားက ရိုက်ထားတဲ့ အချိန်နဲ့ အခုရုံတင်ချိန်က ခြားနေတော့ ပြန်ကြည့်ဖြစ်တဲ့ အချိန်မှာ ဘာတွေကွာ ခြားသွားလဲ။
ဖြေ- ရိုက်တဲ့အချိန်တုန်းကလည်း ဟာသကားလေး ဖြစ်တဲ့အတွက် အားလုံးပျော်ပျော်ပါးပါးနဲ့ သရုပ်ဆောင် ရတာဆိုတော့ အရမ်းပျော်စရာကောင်းပါတယ်။ အခုပြန်ကြည့်ဖြစ်တော့လည်း ဇာတ်ကားကအစကနေ အဆုံးထိ တစ်ကားလုံး ရယ်နေရတာဆိုတော့ ပရိသတ်တွေလည်း ကြိုက်ကြလိမ့် မယ်လို့ ထင်ပါတယ်။
မေး- တစ်နှစ်ထက်တစ်နှစ် လုပ်နိုင်စွမ်းလည်း ပိုလာတဲ့အခါ အခုနှစ်အတွက်ရော အနုပညာ လှုပ်ရှားမှုအပိုင်းကို ကြိုတင်ပြင်ဆင်ထားတာ မျိုးရှိလား။
ဖြေ- သက်မွန်တို့အလုပ်က အဲဒီလိုမျိုးတော့ သိပ်အများကြီး ကြိုပြင်လို့မရပါဘူး။ သက်မွန်တို့ မင်းသမီးတွေ အနေနဲ့တော့ ကိုယ်လုပ်ချင်တယ် ဆိုတာမျိုးကို သိပ်အများကြီး ရွေးချယ်ခွင့်မရှိဘူးလေ။ ကိုယ်လုပ်ခွင့်ရလာတာ အပေါ်၊ လုပ်နိုင်လာတာအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရတာမျိုးပါ။ သက်မွန်နဲ့ လိုက်ဖက်တယ်ထင်လို့ လုပ်နိုင်မယ်ထင်လို့ ရွေးချယ်လာတဲ့ ဇာတ်တွေအပေါ်မှာ ကိုယ် က အကောင်းဆုံး ဘယ်လောက်အထိ ပူးပေါင်း ပါဝင်နိုင်မှာလဲ၊ ရလာတဲ့ အခွင့်အရေးကိုမှ ဘယ်လောက်အထိ အကျိုးရှိအောင် လုပ်ပြနိုင်မှာလဲဆိုတာလောက်ပဲ သက်မွန်တို့ဘက်က လုပ်ပြလို့ ရပါတယ်။ ဒီနှစ်တော့ ဘယ်လို လုပ်မယ် ဘယ်လိုပြောင်းမယ် ဆိုတာမျိုးတွေ သက်မွန်တို့အနေနဲ့ အများကြီး ကြိုတွေးလို့မရပါဘူး။
မေး- ရုပ်ရှင်ဗီဒီယို ဈေးကွက်ကျနေပြီလို့ သုံးသပ်နေကြတဲ့ အပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ- ဒီအနုပညာအလုပ်ကို ချစ်မြတ်နိုးလို့ လုပ်နေကြတာဆိုတော့ ဒီလောကကြီး ဒီလိုဖြစ်နေတယ် ဆိုတာကို သက်မွန်တို့လည်း ကြားနေရတဲ့အတွက် စိတ်ပူတာမျိုးတော့ ရှိတာပေါ့လေ။ ဒါပေမယ့် အားလုံး တက်ညီလက်ညီနဲ့ ၀ိုင်းပြီးဖြေရှင်းကြမယ် ဆိုရင်တော့ဒီပြဿနာ က ပြေလည်သွားမယ်လို့ သက်မွန် ထင်ပါတယ်။ အားလုံး ပူးပေါင်းပါဝင်ကြဖို့တော့ လိုတာပေါ့။
မေး- မင်းသမီးတွေရိုက်ရက် နည်းတယ်၊ ဈေးတိုးယူတယ် ဆိုတာတွေ ကြားနေရတဲ့ အပေါ်မှာ သက်မွန်အနေနဲ့ ဆိုရင်ရော ကိုယ့်အနုပညာနဲ့ ပတ်သက်လို့ ဘယ်လိုသတ်မှတ်ထားလဲ။
ဖြေ- အဲဒါက ဇာတ်ကားအပေါ်မှာပဲ မူတည်ပါတယ်။ လေးရက်နဲ့ပြီးတဲ့ ကားကိုခုနစ်ရက်ပေးလည်း အလကားပဲလေ။ တကယ် လိုအပ်တဲ့ကားဆို ရင်လည်း ခုနစ်ရက်မဟုတ်ပါဘူး၊ ၁၀ရက်ဆိုလည်း ကားကောင်းဖို့ အတွက် သက်မွန်တို့က ပေးရမှာပါပဲ။ တစ်ခါတလေမှာ သက်မွန်ရယ် သုံးရက် နဲ့ပြီးအောင် ရိုက်ပါ့မယ်၊ ရက်လေး ပေးပါဆိုပြီး အတင်းတောင်းတာမျိုး တွေရှိတယ်။ အဲဒီလိုဆို သက်မွန်တို့လည်း မရိုက်ချင်ဘူး။ ခုနစ်ရက်ရိုက်ရမယ့် ကားကိုသုံးရက်ရိုက်ရတဲ့အတွက် နေ့ညရိုက်ရတယ်။ သက်မွန်တို့အလုပ်က လူတင်ပင်ပန်းတာမျိုး မဟုတ်ဘူး။ စိတ်ကိုပါ ခိုင်းရတာမျိုးဆိုတော့ အရမ်းပင်ပန်းပါတယ်။ ဒါပေမယ့် မဖြစ်မနေ အတင်းတောင်းလာတဲ့ အခါမျိုးကျတော့ နားလည်မှုနဲ့ လုပ်ပေးရတဲ့ အနေအထားမျိုးတွေ ရှိတာပေါ့နော်။ သက်မွန်ကတော့ဖြစ်လာတဲ့ အကြောင်းတရား တစ်ခုကို ဘာကြောင့်ဆိုတာမျိုး တစ်ဦးတစ်ယောက်အပေါ်  အပြစ်အားလုံး လွှဲချလိုက်တာမျိုး မဖြစ်စေချင်ဘူး။ အားလုံးညှိနှိုင်း ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
မေး- အနုပညာသက်တမ်း ဆယ်စုနှစ်တစ်စု တိုင်လာတဲ့အချိန်မှာ ရထားတဲ့နေရာတစ်ခုကို ရော ကျေနပ်ပြီလား။
ဖြေ-ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ သက်မွန် ဒီလောကထဲစ ၀င်လာစဉ်တုန်းက အစိမ်းသက်သက် ၀င်လာပြီး ပရိသတ်က အားပေးတယ်။ ပရိသတ်ကပေးတဲ့ ခွန်အားနဲ့ပဲ ဆက်လျှောက်ခဲ့ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်အားပေးမှုနဲ့ လျှောက်လာတဲ့ခရီးကို အခုလိုအတိုင်းအတာတစ်ခုထိ လျှောက်ပြီး ချိန်မှာ ကျေနပ်တယ်လို့ပဲ ဆိုရမှာပါ။ အဲဒီအတွက်လည်း ပရိသတ်ကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်။
မေး- စေတန်ရဲ့ ကချေသည် ရုပ်ရှင် ဇာတ်ကား မှာရော သရုပ်ဆောင်ခဲ့ရတဲ့အပေါ် ကျေနပ်လား။
ဖြေ-အဲဒီကားက တကယ်တမ်းကျတော့ အရမ်းပင်ပန်းပါတယ်။ သူ့ ကာရိုက်တာအရ စိတ်ကို အရမ်းခိုင်း ရမယ့်ဇာတ်မျိုးလေ။ အဲဒီရက်တွေတုန်းက သက်မွန်က အလုပ်တွေ အရမ်းပင်ပန်းနေတဲ့ အချိန်ဆိုတော့ ဒါရိုက်တာ လိုချင်တဲ့အတိုင်းဖြစ်အောင် တော်တော်လေးကို ကြိုးစား ယူခဲ့ရပါတယ်။
EMG  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis