menu

Friday 23 March 2012

ပြိုင်ဆိုင်မှုပြင်းထန်မည့် ကြားဖြတ်ရွေးကောက်ပွဲ

'နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိက ပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ'ဟု ဆို


နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော် သီရိလေးမြို့နယ် တွင် ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲသည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှုဖြစ်မည်ဟု နိုင်ငံရေး ပါတီများနှင့် ဒေသခံများက ဆိုသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော နေပြည်တော် ဥတ္တရ သီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိနှင့် ပုဗ္ဗသီရိ မြို့များရှိ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကသာ မဲဆန္ဒနယ် လေးနယ် စလုံး တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးကြည်မြင့် က ဥတ္တရသီရိမြို့ မဲဆန္ဒနယ်နှင့် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်သီးပုဂ္ဂလိက ကိုယ်စား လှယ်လောင်း ဦးမြင့်လွင်သန်း တို့ ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
"နေပြည်တော်မှာ အင်န်အယ်လ်ဒီရဲ့ အဓိကပြိုင်ဘက်က ကြံ့ခိုင်ရေးပါတီပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥတ္တရ သီရိ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမင်းသူက ပြောသည်။

"ကျွန်တော်တို့ ဇမ္ဗူသီရိမှာမှ မဟုတ်ပါ ဘူး။ တစ်နိုင်ငံလုံးမှာ ပါတီကြီးနှစ်ခုဖြစ် တဲ့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီက အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပါ"ဟု ပြည်ခိုင်ဖြိုးပါတီ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းဌေးက ပြောသည်။
လက်ရှိ သမ္မတဦးသိန်းစိန် ၂၀၁၀ ပြည့် နှစ် ရွေးကောက်ပွဲက အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည့်အတွက် တာဝန်ကြီး သည့်အပြင် မျှော်မှန်းထားသည့်နေရာ မဟုတ်သော်လည်း အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဦးဝင်းဌေးက ပြောသည်။ ပါတီများအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှစတင်၍ စည်းရုံးရေး ဆင်းမှုများပြုလုပ်ခဲ့ပြီး ယခုအချိန် (မတ် လ ၂၀ ရက်)အထိ သက်ဆိုင်ရာ မဲဆန္ဒ နယ်ရှိ ရပ်ကွက်၊ ကျေးရွာအားလုံးနီးပါး ကို ဆင်းထားပြီးဖြစ်သည်ဟု ကိုယ်စား လှယ်လောင်းများက ပြောကြားသည်။
"၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးက စည်းရုံး ရေးတော်တော်ဆင်းတယ်။ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက စည်းရုံးရေး ဆင်းတာ နည်းတယ်။ အခု တော့ အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုး ထက် စည်းရုံးရေးဆင်းတာ ပိုများတာ တွေ့ရတယ်"ဟု နေပြည်တော်ခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောသည်။
"စည်းရုံးရေးက တော်တော်များများ ဆင်းပြီးပါပြီ။ ကိုယ့်အနေနဲ့က ရုံးမရှိသေး တဲ့၊ မရောက်သေးတဲ့နေရာတွေက ဖိတ်ခေါ်ထားတာ တွေ ရှိပါတယ်"ဟု အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ဦးမင်းသူက ပြောသည်။
ပြည်သူများအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်အား လေးစားအားကိုး ယုံကြည်မှု၊ အင်န်အယ်လ်ဒီပါတီ၏ ၂၃ နှစ်ကြာမျှ ပြည်သူ့ အကျိုးအတွက် ရပ်တည်ခဲ့မှုများအတွက် မဲပေးလိမ့်မည် ဟု အင်န်အယ်လ်ဒီ ကိုယ်စားလှယ် လောင်းများက ပြောသည်။
"ကျွန်တော်ကတော့ ဇမ္ဗူသီရိမြို့နယ် တစ်ခုလုံး ကွက်ပြည့်နင်းထားပါတယ်။ ပြည်သူတိုင်းလည်း အကောင်းမြင်သမား မဟုတ် ဘူးလေ။ အဆိုးမြင်တာလည်း ရှိပါတယ်။ အများအားဖြင့် ကျွန်တော်တို့ ကို ထောက်ခံတာတွေ့ရပါတယ်" ဟု ဦးဝင်းဌေးက ပြောသည်။
ဒေသခံဖြစ်ခြင်း၊ ဒေသဖွံ့ဖြိုးမှုများကို အသင်းဘ၀ကပင် လုပ်ဆောင်ပေးခဲ့ ခြင်းကြောင့် ပြည်သူက ထောက်ခံမည် ဟု ထင်ကြောင်း ၎င်းက ပြောသည်။
"ကျွန်မတို့ ဒေသခံမဟုတ်ပေမယ့် တစ်နိုင်ငံလုံး ဒီမိုကရေစီအရေးအတွက် လုပ်လာတာပါ။ ဒေသတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးက ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအတွက်ပါ"ဟု ဇမ္ဗူသီရိမြို့နယ်၊ အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
ဇမ္ဗူသီရိမဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ပေါင်း ၄၄,၀၀၀ ကျော်အနက် မဲပေးနိုင် သူ ၀န်ထမ်းဦးရေ ၃၇,၀၀၀ ကျော် ရှိသဖြင့် မဲပေးနိုင်သူ ဦးရေ၏သုံးပုံ နှစ်ပုံကျော်ရှိ သည်ဟုဆိုနိုင်ကြောင်း၊ ၀န်ထမ်း ရပ်ကွက် ကိုးရပ်ကွက်လုံး၌ စည်းရုံးရေး ဆင်းပြီးဖြစ်သည်ဟုလည်း ၈၈ မျိုးဆက် ကျောင်းသူတစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း က ပြောသည်။
"၀န်ထမ်းတွေမှာ ဘယ်ကိုမဲပေးရ မယ်။ ဘယ်ကိုမဲမပေးရဘူးဆိုပြီး ဖိအား ရှိမနေပါဘူး။ ကျွန်မကိုလည်း တကယ့် ကို လှိုက်လှိုက် လှဲလှဲ အားပေးထောက်ခံ ကြတယ်။ အနိုင်ရမယ်လို့ ယုံကြည်ပါ တယ်"ဟု အကျဉ်းသားဟောင်းတစ်ဦး ဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။
မဲဆန္ဒရှင်များတွင် ဒေါ်အောင်ဆန်း စုကြည်အား ကြည်ညိုလေးစားခြင်း၊ အင်န်အယ်လ်ဒီ၏နှစ်ပေါင်းများစွာ ဒီမို ကရေစီရေး ကြိုးပမ်း မှုများကြောင့် မဲထည့်မည့်သူများရှိသကဲ့သို့ လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင်၏ ပါတီဖြစ် ခြင်း၊ လမ်းဖောက်ပေးခြင်း၊ ရေရရှိရေး ဆောင်ရွက်ပေးခြင်းစသည့် ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်မှုများကြောင့် ပြည်ခိုင် ဖြိုးပါတီ မဲထည့်သူများလည်း ရှိမည်ဟု ဒေသခံများက ပြောသည်။
"ကျွန်တော်တို့က ရွာကတော့ ပြည်ခိုင် ဖြိုး မဲထည့်မယ့်သူများတယ်။ သူတို့က လမ်းဖောက်ပေး၊ မီးပေးတာတွေ လုပ် ပေးနိုင်တယ်။ အိမ်က လူကြီးတွေက လည်း ပြည်ခိုင်ဖြိုးကို မဲထည့်မှာဆိုတော့ ကျွန်တော်လည်း ထည့်ရမှာပေါ့" ဟု လူဦးရေ ၅၀၀ ခန့်ရှိသည့် ဇမ္ဗူသီရိမြို့၊ သဲကြီးကုန်းရွာနေ အသက် ၂၅ ခန့်ရှိ ကိုဆန်းမင်းထူးက ပြောသည်။
"ကျွန်တော်ကတော့ ဇေယျာသော်ကို မဲပေးသွားမယ်။ အမေစုကို ထောက်ခံ လို့ ဇေယျာသော်ကို မဲပေးစို့ဆိုတာ သိပ်သဘော ကျတယ်"ဟု ပုဗ္ဗသီရိ မြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးက ပြောသည်။
"ကျွန်တော်တို့ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရှိပြီးသားပါ"ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ဥတ္တရ သီရိ၌ ဦးမင်းသူ (အင်န်အယ်လ်ဒီ)၊ ဦးလှသိန်းဆွေ (ပြည်ခိုင်ဖြိုး)နှင့် ဦးကြည် မြင့် (တစည)၊ ပုဗ္ဗသီရိ၌ ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်(အင်န်အယ်လ် ဒီ)၊ ဦးသာဌေး(ပြည်ခိုင်ဖြိုး)နှင့် ဦးမြင့် လွင်သန်း(တစ်သီးပုဂ္ဂလ)၊ ဇမ္ဗူသီရိ၌ ဒေါ်စန္ဒာမင်း(အင်န်အယ်လ်ဒီ)နှင့် ဦးဝင်းဌေး(ပြည်ခိုင်ဖြိုး)နှင့် ဒက္ခိဏသီရိ ၌ ဦးနိုင်ငံလင်း (အင်န်အယ်လ်ဒီ)နှင့် ဦးမောင်ရှိန်(ပြည်ခိုင်ဖြိုး)တို့ ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် ပြိုင်ဘက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကို ပြတ်ပြတ် သားသား အနိုင်ရခဲ့ပြီး အနိုင်ရကိုယ်စား လှယ်များသည် သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများအဖြစ် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis