menu

Friday 23 March 2012

စံမြန်မာ-မြန်မာစံလား



“ယူနီကုတ်ဆိုသည်မှာ မည်သည့်ဘာသာ စကား (Language)၊ မည်သည့် ပလက်ဖောင်း (Platform)၊ မည်သည့် ပရိုဂရမ် (Program) တွင်မဆို စာလုံးအက္ခရာတစ်လုံးချင်းစီအလိုက် ကိန်းဂဏန်းတစ်ခုဖြင့် တန်ဖိုး သတ်မှတ်ပေးထားနိုင်သည့် နည်းစနစ် (Character Encoding) ဖြစ်သည်”
အခမ်းအနားတွေ ရှောင်လာတာ ကြာပါပြီ။ အခမ်းအနားတစ်ခုတက်တယ်ဆိုတာ သတင်းသမား တစ်ယောက် အတွက် မလွယ်ဘူးဗျ။ အခမ်းအနားနဲ့ လိုက်ဖက်အောင် ဝတ်စားရမှာရှိတယ်။ စုတ်စုတ်ပြတ်ပြတ် ဝတ်လာရင် အဖက်တောင်လုပ်ပြီး ခေါ်မယ့်သူမရှိတာ အကြိမ်ကြိမ် ကြုံရဖူးတယ်။ အိုင်တီခြေထောက်ကလည်း ရွာရိုး ကိုးပေါက် လျှောက်ချင်ရာလျှောက်နေတော့ ဘယ်မှာ ဒီနေ့ ဘာပွဲဆိုတာသိမှ ထပြေးရတာ အဝတ်အစားကိုလည်း သတိမထားနိုင်တော့ပါဘူး။
နောက်တစ်ချက်က ခေတ်သတင်းသမားဆိုတာ အသံသွင်းစက်လေးတစ်လုံးလောက်နဲ့ ကင်မရာလေး တစ်လုံးလောက်တော့ ကိုင်ထားနိုင်မှဖြစ်တာ။ အိုင်တီခြေထောက်မှာက ခြေထောက်ပဲ အရင်းစိုက်နိုင်ပြီး အသံသွင်းစက်ရော၊ ကင်မရာပါမရှိတာက ပွဲမတိုးနိုင်သလိုဖြစ်နေတယ်။

၁၃.၂.၂၀၁၂ နေ့မှာ “စံမြန်မာ” မြန်မာကွန်ပျူတာစနစ်ပွဲ ရှိတယ်ဆိုတာ ကိုဟန်ဇော်က ဖိတ်စာလှမ်းပို့ပါတယ်။ Ruby Ball Room, Asia Plaza ပထမထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းဒေါင့်မှာ နံက် ၉ နာရီခွဲကနေ၊ ၁၁ နာရီခွဲအထိလို့ လည်းပါတယ်။ မြို့ထဲဆိုတော့ သွားတက်ဖို့ မဆိုးပါဘူး။ အိုင်စီတီပွဲဆိုရင် မြန်မာအင်ဖို တက်ခ်မှာ လုပ်တတ်ကြတော့ အဲဒီကိုဆိုရင် အနည်းဆုံးကားခက ၅၀၀ လောက်ထွက်ဦးမှာ။
ဖိတ်စာကိုဖတ်လိုက်တော့ ပိုပြီးစိတ်ဝင်စားသွားတယ်။ ဘာတဲ့
“လမ်းလွဲနေသော ကွန်ပျူတာသုံး မြန်မာဒေတာများနှင့် နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်နေသော Myanmar Character Map အကြောင်း ရှင်းလင်းတင်ပြပွဲ” တဲ့လေ။ ဟဲ့ ဘာတုန်း ဘာတွေက လမ်းလွဲပြီး၊ ဘယ်သူတွေ ဘာတွေဖြစ်ကုန်ပြီတုန်း။ ငါလည်း အိုင်တီလောကနဲ့ သိပ်အဆက်အသွယ် မပြတ်သေးပါဘူး။ ပြူးတူး ပြဲတဲဖြစ်ပြီး ၁၃ ရက်နေ့မှာ အခမ်းအနားကို သွားတက်ဖြစ်အောင် သွားတက်ခဲ့ပါတယ်။
အခမ်းအနားကျင်းပတဲ့ Asia Plaza ကိုရောက်တော့ လူစုံနေပါပြီ။ ပထမဦးဆုံး လက်ကမ်းစာရွက်လေးကို ကြည့်မိပါတယ်။ သူလည်း သူ့အပြောနဲ့သူတော့ ဟုတ်နေပါတယ်။
၂၀၀၁ ခုနှစ်ကတည်းက ကွန်ပျူတာတွက်ချက်မှုမှာ အသုံးပြုနိုင်မယ့် မြန်မာဒေတာစနစ်ကို သူတို့ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာစာကို CJK (China, Japan, Korea) ပုံစံအတိုင်း စာတစ်လုံး၊ ဒေတာတစ်ခုအဖြစ် တည်ဆောက်ပြီး ကွန်ပျူတာရဲ့ဒေတာတွက်ချက်နိုင်မှုကို သိမြင်ပြီး ၂၀၀၄ ခုနှစ်မှာ Myanmar Character Map လို့ခေါ်တဲ့ မြန်မာစာလုံးပေါင်းပုံစနစ်တစ်ခုကို ပြုစုနိုင်ခဲ့တယ်။
မြန်မာသတ်ပုံကျမ်းမှာပါတဲ့ စာလုံးတွေအပြင် ခေတ်ပေါ်စာလုံးတွေ၊ ဘန်းစကားတွေထည့်သွင်းပြီး စာလုံးဖွဲ့စည်းပုံ စနစ်တစ်ခုကို စီစဉ်လိုက်ရာမှာ စုစုပေါင်း သူတို့သတ်ပုံကျမ်းနဲ့ညီတဲ့ စာလုံးရေ ၅၀၀၀ ရရှိခဲ့ပါတယ်။ ဒီစနစ်အတိုင်း sorting, searching တွေ သူ့နည်းသူ့ဟန်နဲ့ လုပ်နိုင်ပါ တယ်။ ၂၀၀၇ ခုနှစ်မှာ သူတို့ပရောဂျက်ကို အပြီးသတ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကို ထောက်ပြလိုပါတယ်။ သူတို့အပြောအရ
“ကျွန်တော်တို့အနေနဲ့ Unicode 6.0 မှာ သတ်မှတ်ပေးတဲ့ ဒီ Character Map ကို သုံးလို့ အဆင်မပြေ တဲ့အကြောင်း၊ ကျွန်တော်တို့ သတ်ပုံကျမ်းစာလုံးများကိုသုံးမှ အဆင်ပြေမှာဖြစ်ကြောင်း၊ ကျွန်တော့် စာတန်းမှာ သက်သေသာဓကများနဲ့အတူ ရှင်းလင်းခဲ့ပါတယ်”
“ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်စာတန်းဟာ အထောက်အထား ခိုင်လုံနေပြီဖြစ်လို့ ယူနီကုတ်အဖွဲ့က ၂၀၁၀ ခုနှစ် နိုဝင်ဘာလဆန်းမှာ ကျင်းပတဲ့ ၃၄ ကြိမ်မြောက် ယူနီကုတ်ပညာရှင်ကော်မတီ (Unicode Technical Commette) အစည်းအဝေးမှာ Myanmar Character Map ဖြစ်တဲ့ ဒီသတ်ပုံကျမ်းအကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စံမြန်မာကုမ္ပဏီဟာ Unicode အဖွဲ့ဝင်ဖြစ်လာခဲ့ပါပြီ။ စိတ်ဝင်စားသူများ www.unicode.org မှာဝင်ပြီး လေ့လာလို့ရပါတယ်” ဆိုတဲ့စကားဟာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အချက်ဖြစ်နေလို့ ဒီအချက်ကို ဆွေးနွေးပါ့မယ်”
“ပထမဦးဆုံးပြောချင်တဲ့ အချက်က မြန်မာနိုင်ငံမှာ မြန်မာကွန်ပျူတာအသင်းချုပ်ရဲ့ ကြီးကြပ်မှုအောက်မှာ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ Myanmar Unicode and National Language Processing Research Center လို့ခေါ်တဲ့ အများအခေါ် NLP ဆိုတာ ရှိပြီးသားဆိုတာ သိထားစေချင်ပါတယ်။ နိုင်ငံတော်အဆင့်အနေနဲ့ အကောင်အထည်ဖော်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။ မြန်မာ NLP က အခုဆိုရင် Myanmar 1, Myanmar 2, Myanmar 3 ဆိုတဲ့ စံအတိုင်း (Unicode 5.1.0) တီထွင်ဖန်တီးခဲ့ပေးပြီးလို့ ဝန်ကြီး ဌာနဆိုင်ရာတွေမှာတောင် အသုံးပြုနေကြပါပြီ။ နိုင်ငံတော်ကအသိအမှတ်ပြုထားတဲ့ ယူနီကုတ်စနစ်ကို မကြာမီ ထွက်မယ့် Windows 8 မှာပါလာတော့မယ်လို့လည်း သိရပါတယ်။
ယခု “စံမြန်မာ” က လုပ်ထားတဲ့ ယူနီကုတ်ဟာ မြန်မာစံလားဆိုတာ ကျွန်တော်ပြောနေတာထက် ယူနီကုတ်နဲ့ ပတ်သက်ပြီး ၁၉၉၉ ခုနှစ်လောက်ကတည်းက “မြစေတီ” ဆိုတဲ့ ယူနီကုတ်ကို တီထွင်ခဲ့ပြီး ယနေ့တိုင် စံအတိုင်းမြန်မာယူနီကုတ် ပေါ်ပေါက်ရေးအတွက် စွမ်းဆောင်ကြိုးပမ်းနေတဲ့ ကိုငွေထွန်းကို တွေ့ဆုံ မေးမြန်းခဲ့တာလေး ပြန်လည်မျှဝေလိုပါတယ်။
ကျွန်တော်ပညာရှင်မဟုတ်ပါ။ စာပဲရေးတတ်ပါတယ်။ ကျွန်တော် သိချင်တဲ့ “စံမြန်မာ” ဟာ “မြန်မာစံ” လားဆိုတာ ကိုငွေထွန်းနဲ့တွေ့ဆုံခန်းလေးကို လေ့လာ ကြည့်စေချင်ပါတယ်။

မေး - စံမြန်မာပွဲ ကျင်းပတဲ့နေ့က ကိုငွေထွန်းကို မတွေ့ဘူး။ ဒါကြောင့် စံမြန်မာနဲ့ပတ်သက်တဲ့ ကိုငွေထွန်းရဲ့ အမြင်ကိုသိချင်ပါတယ်။
 ဖြေ- ဟုတ်ပါတယ်။ ကျွန်တော် နိုင်ငံခြားခရီးစဉ် တစ်ခုမှာ ရောက်နေလို့ မတက်ဖြစ်တာပါ။ အရမ်းတက်ချင်ခဲ့တဲ့ ပွဲပါ။
စံမြန်မာဟာ အကြမ်းအားဖြင့် Implementation အရမ်းကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက ယူနီကုတ်နဲ့ ပတ်သက်ပြီး standard ဆိုတာရှိပြီးသားဗျ။ Standard အတိုင်းမလိုက်နာတဲ့အခါကျတော့ လုပ်ထားတာတွေ ဘယ်လောက်ကောင်းတယ်ပြောပြော လေယာဉ်ပျံနှစ်စီး တွဲထားသလို ဖြစ်နေတယ်။
ဆိုလိုတာက ကားနှစ်စီးတွဲမောင်းလို့ရတယ်၊ သင်္ဘောလည်း နှစ်စီးတွဲမောင်းလို့ရတယ်။ ရထားမှာလည်း ၁၀ တွဲ လောက်တောင် တွဲလို့ရသေးတယ်။ ဒါပေမယ့် လေယာဉ်ပျံကျတော့ နှစ်စီးတွဲဖို့ မဖြစ်နိုင်ဘူး။ နှစ်ထပ် ဆိုရင်တော့ ရကောင်းရမယ်ပေါ့။ လေထဲမှာပျံရင် လေထဲက standard ကို လိုက်နာရမယ်။ လေယာဉ် နှစ်စီးတွဲလိုက်ရင် သီအိုရီအရ လူများများဆန့်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်ဘူး။
တကယ်ဆိုရင် ကျွန်တော်တို့ မြန်မာစာအရ သူတို့ပြောတဲ့သဘောက မှန်နိုင်တယ်။ နည်းပညာအရလည်း သူတို့လုပ်တာကောင်း နိုင်တယ်။ ဒါပေမယ့် အကျိုးမရှိနိုင်ဘူး။ သူ့ မြန်မာစာပုံစံက ကိုးရီးယား၊ တရုတ်၊ ဂျပန် ပုံစံတွေကို မှီငြမ်းထားတယ်လို့ပြောတယ်။ ကိုရီးယားတွေမှာလည်း ဗျည်းတွေ၊ သရတွေ ရှိတယ်။ သူတို့က ဗျည်း၊ သရတွေကိုမယူဘဲ စာလုံးတွေကို တရုတ်စာရေးသလိုရေးလိုက်တယ်။
အကြမ်းဖျင်းပြောရရင် storage သက်သာတယ်လို့ပြောပေမယ့် အဲဒီ storage ကိုလိုက်ပြီးတော့ Index လုပ်ဖို့၊ နောက်ပိုင်းမှာ processing လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဘယ်အဆင့်မှာ ရပ်သွားမလဲဆိုရင် စာရိုက်ရင် ရိုက်တဲ့ဟာပေါ်လာမယ်၊ ပေါ်လာ တဲ့စာကို နောက်တစ်ယောက်ဆီ ပို့လို့ရမယ်၊ သူ့စာရိုက်စနစ် အခြားတစ်ဖက်မှာ ရှိနေရင် အဲဒီစာတွေ ပြန်ပေါ်မယ်ဆိုတဲ့ အဆင့်ပါ။
ကျွန်တော်တို့တွေက Globally Interchange လုပ်နေတော့၊ ဥပမာ domain name လိုဟာမျိုးမှာ သူ့စာရိုက် စနစ်နဲ့ ရိုက်ထည့်ဖို့ မဖြစ်နိုင်တော့ဘူး။ “ကျောင်း” ဆိုတဲ့ စာလုံးတစ်လုံးပေါ်ဖို့ သူတို့ စာရိုက်စနစ်နဲ့ layer ပေါင်းမယ်ဆိုရင် ဖြစ်နိုင်ခြေ ၅ မျိုးလောက်ရှိသွားမယ်။ ကျွန်တော်တို့ နည်းပညာအရပြောရမယ်ဆိုရင်တော့ စံမြန်မာကို တီထွင်မှုတစ်ခုအနေနဲ့ ကောင်းတယ်လို့လက်ခံတယ်။ တီထွင်မှုတစ်ခုဟာ ပိုပြီး အလုပ်ရှုပ် စေတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တီထွင်လိုက်မှ စွမ်းအင်တွေအရမ်းထုတ်နေရရင်တော့ ထူးခြားလာ မယ်လို့မထင်ဘူး။
ရွှေကို Chemical နည်းနဲ့ ဒြပ်တွေပေါင်းပြီး ထုတ်ရင်လည်းရတယ်။ ဒါပေမယ့် အဲဒီနည်းဟာ ရွှေသွား တူးတာထက် ပိုပြီး ကုန်ကျမှုများတယ်။ ဒါကြောင့်လည်း ရွှေတူးနေကြတာပေါ့။ စံမြန်မာဟာ မိုဘိုင်းဖုန်း တွေမှာ သုံးလို့အရမ်းအဆင်ပြေနိုင်တယ်။ ကွန်ပျူတာမှာ storage ပြဿနာကြောင့် စံအတိုင်းသတ်မှတ်ထားတဲ့ ယူနီကုတ်ကို မသုံးသင့်ဖူးပြောရင် မမှန်ဘူး။ ခုခေတ်မှာ storage ဟာ ပြဿနာမဟုတ်ဘူး။ ဒေတာတွေကို Cloud မှာတောင် သွားသိမ်းထားနိုင်တဲ့ခေတ်ရောက်လာပြီ။

မေး - လူတိုင်းသုံးနိုင်အောင် လုပ်ဖို့ပဲလိုတယ်။ လွယ်အောင်လုပ်ပေးမယ်။ လွယ်သွားလို့ Standard အတိုင်းဖြစ်ချင်မှလည်းဖြစ်မယ်။ လွယ်ဖို့အရေးကြီးတယ်ဆိုတာ မှန်နိုင်ပါသလား။
 ဖြေ- လွယ်ရင်တော့ကောင်းတာပေါ့။ ဒါပေမယ့် လွယ်အောင်လုပ်နိုင်တဲ့နည်းတွေ အများကြီးပါ။ အလွယ်လမ်း ကိုချည်းလိုက်နေကြမှာလား။ ရေရှည်အကျိုးမကြည့်ကြတော့ဘူးလား။
ဥပမာ ပစ္စည်းတစ်ခုကိုဝယ်တယ်။ အဲဒီပစ္စည်းက standard အတိုင်းဖြစ်ချင်မှ ဖြစ်မယ်။ ပစ္စည်းက ခဏလေးနဲ့ပျက်တယ်။ အဲဒီလိုပစ္စည်းမျိုးကိုသုံးမှာလား၊ standard နဲ့လည်း ကိုက်ညီပြီး ကြာကြာအသုံးခံတာ မျိုးကိုရွေးမှာလား။ နောက်တစ်ချက်ကြည့်ရင် လူတွေအများကြီး လက်မခံဘူး၊ သုံးလည်း မသုံးနိုင်ကြဘူး။ ခက်တာမှန်ပေမယ့် ကောင်းတဲ့ဘက်ကကြည့်ရင် နိုင်ငံတကာ စံဖြစ်နေတယ်။ ခက်တယ်ဆိုတာ မသိသေးလို့၊ နားမလည်သေးလို့။ နောက်ပိုင်း တဖြည်းဖြည်း လွယ်လာနိုင်ပါတယ်။
ယူနီကုတ်လည်း ကြည့်ပါလား။ ထွက်စက ခက်တယ်။ ခုချိန်မှာ ယူနီကုတ်က အခက်အခဲမရှိတော့ဘူး။ ဒီလိုပဲ တဖြည်းဖြည်း upgrade လုပ်သွားရတယ်။ ဒီလို ခက်တယ်ဆိုပေမယ့် စံအတိုင်းဖြစ်တာကို သုံးမှာလား၊ ခုလွယ်ပြီး နောက်မှ ပိုရှုပ်သွားနိုင်တာကို ရွေးချယ်မှာလား ဆုံးဖြတ်သင့်ပါတယ်။
အရာရာတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ လွယ်တာကို လက်ခံပြီး သုံးနေကြတာ တွေရှိသလို၊ မှန်တာ၊ စနစ်ကျတာ၊ စံဖြစ်တာတွေကိုမှ သုံးနေကြသူတွေလည်းရှိတယ်။ ရေတိုကို မကြည့်ပါနဲ့။ လွယ်တယ်ဆိုတာ တစ်ချိန်မှာ ခက်ခဲလာနိုင်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သဘောပေါက်စေချင်ပါတယ်။ နေရာတိုင်း မလွယ်နိုင်ပါဘူး။
မကြာမီ မိုက်ခရိုဆော့ဖ်က မြန်မာယူနီကုတ်ကို အသိအမှတ်ပြုပြီးထည့်သွင်းပေးလိုက်ရင် စံမဟုတ်တဲ့ စာတွေသွားပြီ။ ဘာမှ ဖတ်လို့ရတော့မှာ မဟုတ်ဘူး။ ခုလည်း Apple မှာ အဲဒီ စံမဟုတ်တာတွေ ဖွင့်လို့ မရဘူး။ လက်ရှိ Windows မှာ မြန်မာစာကိုမသတ်မှတ်ပေးသေးတော့ စံမဟုတ်တာတွေ ဖတ်လို့ရနေဦးမှာပဲ။ Apple နဲ့ Linux တွေမှာ မရနိုင်တော့ဘူး။
နောက်တစ်ခုက standard တစ်ခုက တစ်ခုကို ပြောင်းမယ်ဆိုရင် အဲဒီ standard က ဘယ်လောက် ခိုင်မာသလဲဆိုတာ တွက်ဆနိုင်ရမယ်။ နည်းပညာတစ်ခုတည်းနဲ့ ကြည့်လို့မရဘူး။ လူတွေရဲ့ လက်ခံနိုင်မှု လည်းလိုတယ်။ ပစ္စည်းတစ်ခုကို အခြေအနေမျိုးစုံမှာ သုံးနိုင်ရင် ကောင်းတာပေါ့။ ကိုယ့်စက်မှာ သုံးလို့ရပြီး အခြားစက်နဲ့ ဖွင့်ကြည့်လို့မရဘူးဆိုရင် မဟုတ်သေးဘူး။
ကျွန်တော်တို့ ယူနီကုတ်မှာက Character Point က ၁၀၀ ကျော်ပဲသတ်မှတ်ထားတယ်။ Character Point ကို ၅၀၀၀ ထည့်ရမယ်ဆိုရင် များသွားပြီ။ ဒါတောင် မြန်မာစာတစ်မျိုးပဲရှိသေးတယ်။ အခြား ရှမ်း၊ ကရင်၊ မွန်စာတွေ မပါသေးဘူး။ မြန်မာမှာ ၅၀၀၀၊ ကရင်မှာ ၅၀၀၀၊ ရှမ်းမှာ ၁၀၀၀၀ လောက် Code Point တွေလိုက်လုပ် နေရရင် စဉ်းစားသာကြည့်တော့။

မေး - ထိုင်းနိုင်ငံမှာလည်း ယူနီကုတ်ဆိုတာ တစ်မျိုးတည်းမဟုတ်ဘူး။ ဒါကြောင့် ယူနီကုတ် အများကြီး ဖြစ်နေတာ ပြဿနာမဟုတ်ဘူးဆိုတာ ဟုတ်ပါသလား။
ဖြေ- ထိုင်းမှာ ယူနီကုတ်တစ်မျိုးတည်းမဟုတ်ဘူး ဆိုတာ မှန်ပါတယ်။ ဘာသာတိုင်းလိုလိုမှာ ယူနီကုတ် ကွဲပြားမှုတွေ ရှိနိုင်ပါတယ်။ သူတို့က မတူညီဘူးဆိုပေမယ့် standard ကျတော့ သူတို့မှာ နှစ်ခုမရှိဘူး။ ကိုယ့်ဘာ သာစကားအတွက် သတ်မှတ်ပေးထားတဲ့ standard အတိုင်းလိုက်နာကြတယ်။
ဥပမာ ထိုင်းမှာ IBM ကကြိုလုပ်ထားတဲ့ ယူနီကုတ် ရှိတယ်။ ယူနီကုတ်စံအတိုင်းပေါ်လာတော့ အဲဒီစံနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကြတယ်။ Standard တစ်ခုကို ထပ်ထွင်ချင် ထွင်လို့ရတယ်။ ဒါပေမယ့် သတ်မှတ်ပေးထားတဲ့ standard character point တွေကို ဝင်မသုံးနဲ့ပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွင်သုံးလို့ရပါတယ်။ ထိုင်းကလူတွေ တီထွင်တယ်ဆိုတာ သတ်မှတ်ထားတဲ့ယူနီကုတ်နေရာမှာ သွားလုပ်ကြတာမဟုတ်ဘူး။ နေရာတစ်ခုမှာ သွားခွဲ ထားကြတာ။
IBM နဲ့ Microsoft ကတီထွင်ထားကြတဲ့ ယူနီကုတ်ဟာ ထိုင်းမှာသတ်မှတ်ပေးထားတဲ့ ယူနီကုတ်ထက် သာတယ်။ ဒါပေမယ့် ကုမ္ပဏီကတီထွင်ထားတာကိုသုံးရင် language တစ်ခုပဲရမယ်။ Language အများကြီးမှာ သုံးလို့မရဘူး။ ယူနီကုတ်ဆိုတာ language အများကြီးနဲ့ သုံးနိုင်ရမယ်။ Font level, Input level လောက်နဲ့ ရပ်နေလို့ မရဘူး။ Language level လောက်အထိကို တက်နိုင်မှ ယူနီကုတ်ဆိုတာအောင်မြင်မယ်။

မေး - စံမြန်မာကို မြန်မာစံအနေနဲ့ သတ်မှတ်လို့ ရနိုင်မလား
ဖြေ- ခုချိန်မှာ စံဆိုတာ ယူနီကုတ်တစ်ခုတည်းရှိတယ်။ တရားဝင်ထုတ်ပြီး၊ တရားဝင်သုံးနေကြတယ်။ ကျန်တာ တွေကို စံလို့မပြောနိုင်ဘူး။ သူတို့က စံလို့ပြောရင် သူတို့အဝန်း အဝိုင်းမှာသုံးတဲ့ စံပဲဖြစ်မယ်။ လူတိုင်းသုံးနိုင်တဲ့ စံတော့ မဖြစ်နိုင်ဘူး။
စံတစ်ခုကနေ နောက်စံတစ်ခုကို ပြောင်းသုံးဖို့ဆိုတာ နောက်ထပ် ၁၀ နှစ် လောက်ကြာကောင်းကြာနိုင်တယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံအတွက် စံတစ်ခုအနေနဲ့ သတ်မှတ်နိုင်ဖို့ လုပ်လာတာနှစ်တွေ အများကြီး ကြာသွားပြီ။ ဒါတောင် ခုထိ စံအဖြစ် မသတ်မှတ်နိုင်သေးဘူး။
မိုက်ခရိုဆော့ဖ်ကထုတ်မယ့် Windows 8 Beta မှာ မြန်မာယူနီကုတ်ပါတော့မယ်။ အဲဒါ standard အတိုင်း သတ်မှတ်ထားတဲ့ ယူနီကုတ်ပဲ။ နောက်ထပ် ဦးနှောက်အခြောက်ခံပြီး ယူနီကုတ်ထပ်လုပ်နေစရာ မလိုပါဘူး။ အသစ်ထပ်ထွင်နေစရာ မလိုပါဘူး။ Standard အတိုင်းလိုက်နာနိုင်ရင် ယူနီကုတ်လို့ပြော၊ မလိုက်နာနိုင်ရင် ယူနီကုတ်လို့ မပြောနဲ့ပေါ့။
အိုင်တီခြေထောက်
MAUKKHA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis