menu

Saturday 10 March 2012

မရဲတရဲနဲ့ ရေးကြည့်လိုက်တာပါ(လူထုစိန်ဝင်း)





ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီလို တွေ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ၀န်ထမ်းတွေ လစာတိုးပေးရေးနဲ့ ပတ်သက်တဲ့အဆို ပြည်ထောင်စုလွှတ်တော်မှာ ဘာကြောင့် တင်ခဲ့သလဲ ဆိုတာကို အကျယ်တ၀င့်ရှင်းလင်း ပြောကြား သွားခဲ့တယ်။

သတ္တိရှိစေချင်တယ်
အဲဒီ ပြောသွားတဲ့အထဲမှာ အပြည့်အ၀ သဘောတူတာ တစ်ခုတွေ့ရတယ်။ အဲဒါကတော့ "ကျွန်တော်က ဒီလိုပြောပေမယ့် သတင်းထဲကျတော့ ရဲရဲဝံ့ဝံ့ဆိုတာ ပါပြီးတော့ သတ္တိရှိရှိဆိုတဲ့ စကားကျတော့ ပါမလာဘူး။ သဘောကတော့ဒီစကားကို ကျွန်တော်သုံးလိုက်တာကို သတင်းစာထဲ၊ ရေဒီယိုထဲ၊ တီဗီထဲကို ထည့်လိုက်တယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီးတော့ မထည့်တာလားတော့ မသိဘူး။ သတ္တိလို့ ဘာလို့ထည့်လိုက်လဲ ဆိုတဲ့အခါမှာ ကျွန်တော်ကတော့ သတ္တိရှိချင်တယ်။ ဒါဖြင့်ရင် ကျွန်တော် တစ်ယောက်တည်းပဲ သတ္တိရှိချင်တာလား ဆိုတော့ ကျွန်တော်တို့ နိုင်ငံသား လူမျိုးအားလုံးကို ရှိစေချင်တယ်။ မိုက်မဲခြင်းနဲ့မယှဉ်သော တာဝန်ကျေမှုကို အားလုံးမှာရှိစေချင်တယ်။ အခုချိန်မှာရော အရင်တုန်းကရော ကျွန်တော်တို့တွေ သတ္တိရှိကြလားဆိုတဲ့နေရာမှာ ရှိတဲ့လူတွေလည်းရှိမှာပေါ့။ တချို့မရှိတဲ့သူတွေလည်း ရှိကြမှာပေါ့။ မရှိရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတော့ ကိုယ့်အတ္တ အကျိုးစီးပွားကို ကြည့်ပြီးတော့ မပြောရဲတာတို့၊ ပြောလိုက်ရင် ငါ့ကိုဒုက္ခရောက်စေမှာလို့ အဲဒီလိုဖြစ်လာတဲ့အခါ ကျတော့ မှန်တာလည်း မပြောရဲ၊ ကောင်းတာလည်း မပြောရဲဆိုတဲ့ အနေအထားတွေက ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံ နိမ့်ကျနောက်ကျနေတဲ့ အနေအထားမှာပဲ ဖြစ်နေလိမ့်မယ်" လို့ဖြစ်တယ်။

မရဲတရဲဆုံးဖြတ်
လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းအပြည့်အစုံကို ဖတ်ပြီးတဲ့အခါကျတော့ ဒီစာကို ရေးလိုက်တော့မယ်လို့ မရဲတရဲ ဆုံးဖြတ်ချက်ချပြီး ရေးလိုက်တာဖြစ်တယ်။ မရဲတရဲဆိုတာက ကိုယ့်အတွက် စိုးရိမ်လို့ မဟုတ်ဘူး။ ဒီစာ စာဖတ်ပရိသတ် ဖတ်ရတဲ့အဆင့်ကို မရောက်မီ ဇီဝိန်ချုပ်သွားမယ့် အရေး စိုးရိမ်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ စိစစ်ရေးတို့၊ ပြန်ကြားရေး ၀န်ကြီးဌာနတို့နဲ့ တည့်တည့်ကြီးဝင်တိုးတဲ့ ကိစ္စဖြစ်နေလို့ပဲ။ ဒီကိစ္စကို အစောကြီးကတည်းက ရေးချင်နေတာ ဒါပေမဲ့လွတ်မှာ မဟုတ်ပါဘူးလေဆိုတဲ့ အတွေးက အလေးသာနေလို့ မရေးဖြစ်ဘူး။ အခုလည်း မလွတ်လည်း ရေးခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတော့ ကျန်ခဲ့မှာပဲ။ သမိုင်းတရားခံတော့ မဖြစ်တော့ဘူးပေါ့လို့ တွေးပြီး ရေးလိုက်တာဖြစ်တယ်။ စိစစ်ရေးနဲ့ မလွတ်လို့ ဂျာနယ်ထဲမပါလည်း facebook တင်လိုက်ရင် ဖတ်ကြရမှာပါပဲ။

ပြည်သူ့ရှေ့မှောက်မှကွယ်ပျောက်သွားရေး
ကိစ္စကတော့ မီဒီယာဥပဒေဆိုတဲ့ ကိစ္စပါ။ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ရွှေပြည်သာ မဲဆန္ဒနယ်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးတင်မောင်ဦးက "နိုင်ငံတော်ရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ် ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်ရေး၊ ပြည်သူ့လိုအင် ဆန္ဒအမှန်အမှားကို သမာသမတ်ကျကျ သိက္ခာရှိရှိမျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ပေါ်ထွက်လာရေး၊ ၀ါသနာအရင်းခံပြီး ၀င်ရောက်လုပ်ကိုင်သော ယုံကြည်ချက်၊ ခံယူချက်ရှိသည့်သူများ စိတ်အေးချမ်းသာစွာ သင့်တင့်သောအရင်းအနှီးဖြင့် ဂျာနယ်များ ထုတ်ဝေရပ်တည်နိုင်ရေး အတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်းပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ်သတင်းထောက်များ ယခုထက်ပိုမို အရည်အသွေး မြင့်မားလာရေးတို့အတွက် မည်သို့သော အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါတယ်" လို့ မေးသွားခဲ့တယ်။

ဆက်လက်ထိန်းသိမ်းသွားမည်
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီးဦးစိုးဝင်းက "မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှ ကွယ်ပျောက်သွားရေးအတွက် ယခုနိုင်ငံတော် အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့်ဆင်ခြင်တုံ တရားရှိသော စာပေနှင့်စာနယ်ဇင်းသမားများ ဖြစ်လာစေရန်၊ တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန်၊ စာပေစိစစ်ရေးမူများသတ်မှတ်၍ စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း အနာဂတ်တွင် ပုံနှိပ်ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် ဆက်လက် ထိန်းကျောင်းသွားမည် ဖြစ်ပါတယ်" လို့ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

သတင်းသမားစစ်စစ်ဟုတ်ရဲ့လား
ဒီအမေးနဲ့ အဖြေကိုကြည့်ခြင်းအားဖြင့် မကြာခင်အတွင်း မီဒီယာဥပဒေဆိုတာ တစ်ခုပေါ်ပေါက်လာဖို့ ရှိကြောင်းသိနိုင်တယ်။ အဲဒီမတိုင်ခင်ကလည်း မီဒီယာဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်း မီဒီယာသမားတွေ ပါဝင်တက်ရောက်ဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ကြတယ်။ ပြည်ပသတင်း မီဒီယာသမား အမည်ခံတချို့က မီဒီယာဥပဒေအတွက် အကြံပေးချက်တွေ တင်ပြကြတာလည်း တွေ့ရတယ်။ မီဒီယာကို ချုပ်ကိုင်ဖို့ရေးဆွဲတဲ့ ဥပဒေကို မီဒီယာသမားတွေကိုယ်တိုင် ပါဝင်ဆွေးနွေး အကြံပေးကြတယ်ဆိုတော့ တော်တော်အံ့သြမိတယ်။ သတင်းမီဒီယာ သမားစစ်စစ်တွေမှ ဟုတ်ရဲ့လားလို့လည်း အတွေးရောက်မိတယ်။ ကိုယ့်လည်ပင်းကို စွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာနဲ့ မတူဘူးလား။

ဥပဒေဆိုတာချုပ်ကိုင်ဖို့
ဥပဒေဆိုတာ ဘယ်ဥပဒေပဲဖြစ်ဖြစ် တိုင်းသူပြည်သားများကို ချုပ်ကိုင်ဖို့ချမှတ်တာဖြစ်တယ်။ ဒီမိုကရေစီရဲ့အနှစ်သာရက လူတွေကို တုပ်နှောင်ထားတဲ့ နှောင်ကြိုးအားလုံးက လွတ်ကင်းရေးဖြစ်တယ်။ သတင်းသမားမှန်ရင် ဘယ်လိုချုပ်ကိုင်မှုမျိုးကိုမဆို ဆန့်ကျင်ရမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်ဖို့အတွက် မလိုလားအပ်တဲ့ ပြည်သူလူထုကို နှောင်ကြိုးတည်းတဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီး မရှိမဖြစ်ထားဖို့လိုအပ်တဲ့ ဥပဒေတွေကိုသာ ထားရှိကျင့်သုံးရမှာဖြစ်တယ်။ သတင်းမီဒီယာကို ထိန်းချုပ်တဲ့ဥပဒေ၊ ပုဒ်မတွေအခုကို မနည်းလှပါဘူး။ တချို့ကမလှုပ်သာ၊ မရှက်သာအောင် တင်းကျပ်လွန်းလို့ ဖြေလျော့သင့်ပြီး တချို့ကျတော့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ဆန့်ကျင်ဖက်ဖြစ်နေလို့ လုံးဝဖျက်သိမ်း ပစ်သင့်တယ်။

ကြိုက်သလိုချဲ့ကားလို့ရ
ခေတ်အဆက်ဆက် သတင်းသမားတွေ အများဆုံးရင်ဆိုင်ရတဲ့ အသရေဖျက်မှုဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုဥပဒေ၊ အခုခေတ်ပေါ် အီလက်ထရောနစ် ဥပဒေဆိုတာတွေက ပုံကြီးချဲ့ချင်ရင် ကြိုက်သလိုချဲ့ကားပြီး အမှုလုပ်လို့ရပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းနှစ်ယောက် စားဝတ်နေရေးကျပ်တည်းကြောင်း ဘာတစ်ခုမှကောင်းတာ မတွေ့ရကြောင်း ချမ်းသာသူတွေကတော့ သန်းထောင်ချီပြီးချမ်းသာနေကြကြောင်း၊ ပြောရိုးပြောစဉ် နှစ်ကိုယ်ကြားပြောဆိုနေမိကြတာကို ဘေးစားပွဲမှာရှိတဲ့လူတစ်ယောက်က အစိုးရဆန့်ကျင်ရေးတွေ ပြောနေတာကြားခဲ့ကြောင်းသွားပြီး တိုင်ကြားလိုက်ရင် ချက်ချင်းဖမ်းချုပ်ပြီး စစ်ဆေးခံရတယ်။ ပုံကြီးချဲ့ပြီး အစိုးရ အကြည်ညိုပျက်စေမယ့် စကားတွေပြောတယ်။ ဘေးကလူတွေ ကြားနိုင်တဲ့အတွက် ဆူပူအောင် လှုံ့ဆော်ပါတယ်လို့ စွဲချက်တင်နိုင်တယ်။ မိတ်ဆွေချင်း အီးမေးလ်နဲ့စာပို့ပြီး ညည်းမိတာကိုလည်း အီလက်ထရောနစ် ပုဒ်မတပ်ပြီး ဖမ်းနိုင်တယ်။

လွတ်လပ်ရေးစိတ်ကို ချိုးနှိမ်ဖိသတ်ဖို့
လက်ရှိကျင့်သုံးနေတဲ့ မှုခင်းဆိုင်ရာ၊ တရားမဆိုင်ရာ ဥပဒေတွေ အားလုံးလောက်နီးပါးက ကိုလိုနီ အစိုးရခေတ်က တိုင်းသူပြည်သားများရဲ့လွတ်လပ်ရေး စိတ်ဓာတ်ကို ချိုးနှိမ်ဖိသတ်ဖို့ ရေးဆွဲချမှတ်ခဲ့ကြတာတွေ ဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ ရေးခဲ့တာတွေ မဟုတ်ပါဘူး။ ဒါကြောင့် အခုအချိန်မှာ အဲဒီလိုဖိနှိပ်ချုပ်ချယ်ရေး လက်နက်သက်သက်ဖြစ်နေတဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းဖို့၊ လျော့ချဖို့ အားလုံးဝိုင်းဝန်းကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ သတင်းမီဒီယာတွေကို ချုပ်ကိုင်ဖို့ရည်ရွယ်တဲ့ မီဒီယာဥပဒေမျိုး သွတ်သွင်းမလာသင့်ပါဘူး။ နှစ်ပေါင်းငါးဆယ်ကျော် သတင်းသမား လုပ်လာသူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ချုပ်ကိုင်မယ့် ဘယ်လို အစီအမံမျိုးမဆို ဆန့်ကျင်ကန့်ကွက်ပါတယ်။

လက်ခံနိုင်မှာမဟုတ်
သတင်းသမားတို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ဆိုတာလည်း သတင်းသမားတွေ ကိုယ်တိုင် ဆွေးနွေးတိုင်ပင် ရေးဆွဲရမှာဖြစ်တယ်။ ဆရာဝန်တွေအတွက် ကျင့်ဝတ်ကို ဆရာဝန်မဟုတ်သူတွေကို ရေးခိုင်းလို့မဖြစ်ပါဘူး။ ဆရာဝန်တွေကိုယ်တိုင်ရေးမှ အဓိပ္ပာယ်ရှိပါတယ်။ အဲဒါကြောင့် လုံးဝလွတ်လပ်တဲ့ သတင်းစာဆရာ အသင်းတို့၊ သတင်းထောက် အသင်းတို့ ပေါ်ထွက်လာဖို့ အရင်ဆုံးလုပ်ရပါမယ်။ ဒါကို မလုပ်ဘဲနဲ့ သတင်းမီဒီယာကျင့်ဝတ် စည်းကမ်းရေးဆွဲတာ ဖြစ်ဖြစ်၊ မီဒီယာဥပဒေပြဋ္ဌာန်းတာ ဖြစ်ဖြစ်၊ အမျိုးသား သတင်းဆုဆိုတာမျိုး သတ်မှတ်ပြီးပေးတာဖြစ်ဖြစ် အောင်မြင်လာဖွယ် မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုသတင်းသမား စစ်စစ်မျိုးကမှ လက်ခံနိုင်မှာ မဟုတ်လို့ပါ။EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis