menu

Saturday 10 March 2012

မိတ္ထီလာမြို့မှ ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံးမြို့နယ် သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့သူ ကွယ်လွန်


ပထမဦးဆုံး ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန်နှင့် ပထမဆုံး မြို့နယ် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး (၉၃) နှစ် သည် ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နေအိမ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။
၎င်းသည် အသက် ၂၃ နှစ် အရွယ်တွင် သူရိယ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် မိတ္ထီလာ မြို့နယ် သတင်းထောက် အဖြစ် စတင် လုပ်ကိုင်နေစဉ် ၁၉၄၂ ခုနှစ် ၌ မြန်မာနိုင်ငံသို့ ဖက်ဆစ် ဂျပန်များ ဝင်ရောက် လာပြီးနောက် ဂျပန် စစ်သားများထံမှ ဂျပန်စကား သင်ယူကာ စကားပြန် ဖြစ်လာခြင်း ဖြစ်သည်။ ထို့နောက် လွတ်လပ် ရေး ရပြီးခေတ်တွင် ဖဆပလ ပါတီ သို့ ဝင်ရောက်ခဲ့ပြီး ဖဆပလ တည် မြဲ သန့်ရှင်း နှစ်ခြမ်းကွဲချိန်တွင် သန့် ရှင်း ပါတီသို့ ရောက်ခဲ့သည်။
ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး သည် ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန် ဖြစ်သော်လည်း လူငယ် ခေတ်ပညာတတ် မျိုးချစ်စိတ် ရှိသူ ဖြစ်ကာ မြန်မာ အချင်းချင်း ဗိုလ်ကျ စိုးမိုးခြင်း မရှိခဲ့ပေ။ ထို့ပြင် မြန်မာ အမျိုးသား၊ အမျိုးသမီးများဘက်မှ ခုခံကာကွယ် ပြောဆိုလေ့ ရှိသဖြင့် ဂျပန်ခေတ် တစ်ခေတ်လုံး နာမည် ကောင်းဖြင့် ကျော် ကြားခဲ့သူ ဖြစ် ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် ဦးကျော်လှိုင် (ခေါ်) ဖိုးဖိုးလေး အပါအဝင် ဂျပန် ကင်ပေတိုင် မြန်မာ စကားပြန် သုံး ဦးရှိပြီး ယခုအခါ အသက် ၈၆ နှစ် အရွယ်ရှိ ဦးသီဟန် တစ်ဦးသာ ကျန် ရှိတော့ကြောင်း သိရသည်။
ကျော်ဇေယျ (မိတ္ထီလာ) (ပေါ်ပြူလာ ဂျာနယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis