menu

Saturday 10 March 2012

မြန်မာနိုင်ငံသားများ နိုင်ငံခြားခရီးသွားနှုန်း ပိုမိုမြင့်တက်




လွန်ခဲ့သောနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်အ၀င်မှာ စံချိန်တင် မြင့်တက် ခဲ့ပြီး မြန်မာပြည်သားများ နိုင်ငံခြား တိုင်းပြည်များသို့ ခရီး သွားလာနှုန်းမှာ မြင့်တက်လာကြောင်း ပြည်ပခရီးစဉ်များကို ၀န်ဆောင်မှု ပေးနေသည့် ခရီးသွား လုပ်ငန်းကုမ္ပဏီအချို့က ပြောသည်။
"မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ် ထွက်တဲ့ အရေအတွက်က ပိုများ လာပါတယ်။ ဆန်းဖားကုမ္ပဏီအနေနဲ့တော့ နိုင်ငံခြားဆေးကုသဖို့ သွားမယ့်သူတွေ အတွက် ခရီးစဉ်၊ လွတ်လပ်ပြီး လွယ်ကူစွာ သွားနိုင်မယ့် ခရီးစဉ်တွေ အပြင်၊ စရိတ် ငြိမ်းခရီးစဉ်တွေကိုပါ ၀န်ဆောင်မှု ပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ နှိုင်းယှဉ် ကြည့်ရင် နိုင်ငံခြားသွားရောက်လည်ပတ် သူတွေ ပိုများလာပါတယ်။ ဒီအတိုင်းဆို နောင်လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ဆို ပိုများလာနိုင်ပါတယ်"ဟု Sun Far ခရီးသွားလုပ်ငန်းကုမ္ပဏီမှ အရောင်း နှင့် ဘွတ်ကင်ဆိုင်ရာ မန်နေဂျာဖြစ်သူ ဦးဟိန်းသန့်က ပြောသည်။
မြန်မာခရီးသွားဧည့်သည် အများစု သည် အရှေ့တောင် အာရှ နိုင်ငံများသို့ အများဆုံး သွားရောက်လည်ပတ်ကြ ကြောင်း ၎င်းက ဆက်ပြောသည်။

"ထိုင်းနိုင်ငံကိုတော့ အဓိကအားဖြင့် ဈေးဝယ်၊ ဆေးကုသဖို့၊ အပန်းဖြေဖို့ အတွက် အများဆုံးသွားကြပါတယ်။ ဘန်ကောက်၊ ချင်းမိုင်နဲ့ ဖူးခက် တို့က မြန်မာလူမျိုးအကြိုက် သွားလည်တဲ့ နေရာတွေဖြစ်ပါတယ်။ နောက် စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံတွေ လည်း အသွားများပါတယ်"ဟု ဦးဟိန်းသန့်က ဆက်ပြောသည်။
မြန်မာခရီးသွားဧည့်သည်များ ပြည်ပ သို့ အလည်အပတ် အထွက်များပြားလာ သော်လည်း အိမ်နီးချင်းနိုင်ငံအချို့မှ ဗီဇာ တင်းကျပ်မှုနှင့် အာဆီယံနိုင်ငံများဖြစ် သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့် တိုက်ရိုက် လေကြောင်း မရှိခြင်းတို့သည် လုပ်ငန်း တိုးတက်နှုန်းအား ဟန့်တားစေကြောင်း ပြောသည်။
"ကျွန်တော်တို့က အာဆီယံနိုင်ငံ အချင်းချင်းတောင် ဗီဇာကြိုတင် လျှောက်ထားရယူနေရတုန်းပါ။ ဒီဗီဇာ ကိစ္စဆို ကျွန်တော်တို့ အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်စေပါတယ်။ မြန်မာနိုင်ငံသား တွေကိုလည်း တန်းတူဆိုက်ရောက်ဗီဇာ ထုတ်ပေးရင် ပြည်ပခရီးစဉ်တွေ ၀န်ဆောင်မှုပေးရာမှာ ပိုမိုအဆင်ပြေစေ မှာပါ"ဟု ၎င်းက ဆက်ပြောသည်။
"၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက် အ၀န်း အကောင်အထည်ဖော်ပြီးရင် လက်ရှိထက် နိုင်ငံခြားခရီးသွားနှုန်းက ပိုများလာနိုင် ပါတယ်"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာ က ပြောသည်။
"၂၀၁၅ မှာ နိုင်ငံသားတွေလည်း တခြားအာဆီယံနိုင်ငံတွေ သွားလည်တဲ့ အခါ ဗီဇာလျှောက်ထားစရာမလိုတော့ ပါဘူး"ဟု ၎င်းက ပြောသည်။
အလားတူ Unique Asia ခရီးသွား လုပ်ငန်းကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးဖြစ် သူ ဦးလင်းဇော်ဝေမန်းက ပြည်ပခရီး နှုန်း မြှင့်တက် လာပြီး ဈေးကွက်ပိုမို ကောင်းမွန်လာကြောင်း ပြောသည်။
"တစ်နှစ်ထက်တစ်နှစ် ပြည်ပခရီး သွားတဲ့ ဧည့်သည်အရေအတွက်က ပို များလာပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို အမေရိကန်ဒေါ်လာနှုန်း ကျဆင်းခဲ့တဲ့ အတွက် ခရီးထွက်တဲ့သူတွေ များပါ တယ်။ နောက် လူတွေက ပြည်ပနိုင်ငံတွေ ထွက်ပြီး ဗဟုသုတအတွေ့အကြုံနဲ့ လုပ်ငန်းကိစ္စတွေအတွက် စိတ်ဝင်စားမှု ပိုများလာကြပါတယ်"ဟု ၎င်းက ဆက် ပြောသည်။
မြန်မာခရီးသွားဧည့်သည် အများစု သည် ခေတ်မီကစားကွင်းများ၊ ဘုရား ကျောင်း၊ ဈေးဝယ်စင်တာများကို အဓိက သွားရောက် လည်ပတ်ကြသည်။
ပြည်ပခရီးသွားလုပ်ငန်းများ ယခု ထက် ပိုမိုတိုးတက်လာစေရန်အတွက် လက်ရှိ ပြည်ပခရီးစဉ်များကို ၀န်ဆောင်မှု ပေးနေသည့် ကုမ္ပဏီများကို သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။
"ပြည်ပခရီးစဉ် ၀န်ဆောင်မှုလုပ်ငန်း ဈေးကွက်က တော်တော်လေး ကောင်း လာပါတယ်။ လက်ရှိလည်း ဒီလို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက အများကြီးဖြစ်ပြီး သူတို့တွေအကြား ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက သာ တရားဝင်လုပ်ပိုင်ခွင့်လိုင်စင်ချပေး မယ်ဆို ဒီဈေးကွက်လည်း ပိုမိုခိုင်မာ လာမယ့်အပြင် ခရီးသွားပြည်သူတွေ လည်း ယုံကြည်ရတဲ့ ကုမ္ပဏီနဲ့ သွားလို့ရ ပါတယ်" ဟု Golden Image ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်လွယ်က ပြောသည်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis