ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အကြိုအဖြစ် မြန်မာနိုင်ငံ စိတ်ပညာအသင်း
ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟု ကြေညာထားခဲ့သည့် 'တစ်ခါတုန်းကတက္ကသိုလ်'
ဖျော်ဖြေပွဲ၏ ကြော်ငြာဆိုင်းဘုတ်များ မြင်ရစဉ်ကတည်းက ရန်ကုန်တက္ကသိုလ်၏
ပုံရိပ်များဖြင့် ဖြတ်သန်းခဲ့ရသူများရော၊ ရန်ကုန်တက္ကသိုလ်ကြီးကို
တွေ့ကြုံခွင့်မရခဲ့သည့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများပါ စိတ်ဝင်စားစရာ
ဖြစ်နေခဲ့သည်။
ဖျော်ဖြေပွဲကျင်းပရာ မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်မြို့
MCC ၀င်းအတွင်း၌ ပရိသတ်များ စည်ကားများပြားနေခဲ့သည်။ ၀င်းအတွင်းသို့
ဝင်လိုက်လျှင် ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်တစ်ခုဟုဆိုရမည့်
ဦးချစ်လက်ဖက်ရည်ဆိုင်ကို အခြားသော စားသောက်ဆိုင်များကြားတွင်
ထင်ထင်ရှားရှား တွေ့မြင်လိုက်ရပြီး အလွမ်းပြေစားသောက်နေကြသူများ၏
တက္ကသိုလ်အလွမ်းကို စတင်ခံစားလိုက်ရသည်။ ဖျော်ဖြေရာ စင်မြင့်ထက်သို့
ကြည့်မိလျှင် ရန်ကုန်တက္ကသိုလ်၏ ထင်ရှားသည့် ပုံရိပ်နှစ်ခုဖြစ်သော
ဂျက်ဆင်နှင့် သစ်ပုတ်ပင်ကို ပုံဖော်ထားခဲ့သည်။
ပထမပိုင်း ဖျော်ဖြေမှုအဖြစ်
မြန်မာသံသီဆိုမှုကို စတင်ရာ ရွှေရတုခေတ် တက္ကသိုလ်ပုံရိပ်များနှင့်အတူ
အဆိုတော်မောင် သိန်းဝင်းက 'ပုဂံလမ်းကသီချင်းသည်'၊ သန်းမြတ်စိုးက
'ပန်းတွေနဲ့ဝေ'၊ တော်ဝင်ကိုကိုထွေးက 'ချစ်ရက်ရှည်ရှည် အင်းလျားမြေ'၊
လှမြင့်ဝင်းက 'ကံကော်တောမှ ဥသြကလေးများ'၊ ကိုမြသိန်းက
'မြသီလာသို့အလွမ်းပြေ'၊ ရန်ပိုင်စိုးက'ကိုဘီအေ'၊ ခင်ညွန့်ရည်က
'အဓိပတိလမ်းမှာ မိုးတွေ ရွာ'၊ မောင်မောင်ကြီးက 'မာနရှင်'၊ သန်းမြတ်စိုးက
'ကျောင်းတုန်းက အကြောင်းတွေ'သီချင်းများအား သီဆိုပေးခဲ့ပြီးနောက်
ရွှေရတုခေတ်ဝတ် စားဆင်ယင်မှုဟန်ပန်များဖြင့် မော်ဒယ်လ်နှင့်
သရုပ်ဆောင်များကပါ ၀င်ပြသပေးခဲ့ကြသည်။
ထို့နောက် 'ဒေ၀စ္ဆရာ' တေးသီချင်းကိုဆန်းဝင်း က သီဆို၍
ကျော်ကျော်ဗိုနှင့်ဂျင်းနီတို့က ကပြပေးခဲ့ကြသည်။ ဒုတိယပိုင်း
တင်ဆက်မှုအဖြစ် Emperor တီးဝိုင်းက စင်မြင့်ထက်သို့ ရောက်ရှိလာပြီးနောက်
သဲနုဝါက 'ခွဲခွာရမယ့်နွေရက်များ'၊ မာရဇ္ဇက 'အနိုင်မယူသူအရှုံး'၊ 'ဆွဲအား'
သီချင်းများကို သီဆိုပေးခဲ့သည်။ ထို့နောက် စင်မြင့်များထက်တွင် ရှားရှား
ပါးပါး တွေ့မြင်ခွင့်ရသူ အဆိုတော် နော်လီဇာက 'မာလာဆောင်
မောင်မလာဘူး'၊'ရက်ရက်စက်စက်' တေးသီချင်းများဖြင့် သီဆိုပေးခဲ့သည်။
ဆက်လက်၍မေဆွိက 'အဓိပတိလမ်းက ခြေရာများ'၊ 'နွေပုံပြင်'၊ ခိုင်ထူးက
'စစ်ကိုင်းလမ်း'၊ 'အဝေးဆုံး'၊ ဇော် ၀င်းထွဋ်က စိန်လွင်၏
တက္ကသိုလ်တေးသီချင်းတစ်ပုဒ်နှင့်အတူ 'ငါ့ရင်ခွင်ကို' တေးသီချင်းအား
သီဆိုပေးခဲ့သည်။ ထို့နောက် Plus 3 တီးဝိုင်းနှင့်အတူ အောင်နိုင်က
'အဆောင်သူ'၊ 'မောင့်သီရိမေ'၊ ရှင်ဖုန်းက'သတိရနေမှာပါ'၊ 'တယ်လီဖုန်းလေး'၊
စည်သူလွင်က 'အဆောင်သရဲ'၊ ဆောင်းဦးလှိုင်က 'ကျောင်းသီချင်း' စသည့်တက္ကသိုလ်ကို
လွမ်းမောစေခဲ့သည့် တေးသီချင်းပေါင်းများစွာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
ဖျော်ဖြေမှုများကြားတွင် အစီအစဉ်တင်ဆက်သူ အရိုင်းက တက္ကသိုလ်၏
လွမ်းမောဖွယ် အရိပ်အငွေ့များ၊ အတွေ့အကြုံများကို ပြောပြပေးခဲ့ရာ
လာရောက်ကြည့်ရှုသူတိုင်းလည်း တက္ကသိုလ်ကိုလွမ်းမောမှုနှင့်အတူ
ဖြတ်သန်းစေခဲ့သည်။ ''ဒီညလေးကတော့ မမေ့နိုင်စရာပါပဲ။ ကျောင်းသားဘ၀တုန်းက
အဆောင်ရှေ့မှာ ဂစ်တာသွားတီးရတာ၊ အဓိပတိလမ်းကို အခေါက်ခေါက်အခါခါ
လျှောက်ရတာ၊ ကျောင်းလခ နည်းနည်းလေးကို တောင် ကြိုသုံးပစ်လို့ လိုက်ရှာရတာ၊
ဦးချစ်လက်ဖက်ရည်ဆိုင်မှာ အကြွေးသွားသောက်ရတာတွေအားလုံးက အမှတ်တရတွေ
ချည်းပါပဲ။ အခုခေတ် တက္ကသိုလ်တက်နေရတဲ့ ကလေးတွေကိုလည်း အဲဒီလိုခံစားမှုလေးတွေ
ပြန်ရစေချင်တာ''ဟုအသက် ၄၀ ၀န်းကျင်ရှိ ပွဲကြည့်ပရိသတ်တစ်ဦးက ဆိုပါသည်။
'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲကို ည ၁၁ နာရီ ၀န်းကျင်မှသာ
အဆုံးသတ်နိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းတော်ကြီးကို လွမ်းမောတမ်းတစေခဲ့သည့်
ညလေးတစ်ညပင် ဖြစ်သည်။
EMG |
No comments:
Post a Comment