ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလက ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် သတင်းမီဒီယာများ သတင်းရယူနေကြစဉ်
ဒီမိုကရေစီစနစ်၏ အဓိက လက္ခဏာတစ်ရပ်မှာ ကာလအပိုင်းအခြား သတ်မှတ်ပြီး
ပုံမှန်ကျင်းပသည့် ရွေးကောက်ပွဲများဖြစ်သည်။ ရွေးကောက်ပွဲများတွင်
ပြည်သူတို့က ပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ အတိတ်က လုပ်ဆောင်ချက်များ၊
ရှေ့ဆက်အကောင်အထည် ဖော်မည့်မူဝါဒများကို မှတ်ကျောက်တင် ဆန်းစစ်ကြသည်။
ဒါတွေကို မူတည်ပြီး ရွေးချယ်မှုပြုကြသည်။ ထိုကဲ့သို့ ပြည်သူတွေ၊
မဲဆန္ဒရှင်တွေက မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ဖို့အတွက်
သတင်းအချက်အလက်တွေ လိုသည်။ ထိုသတင်းအချက်အလက် များကို
ဖြည့်ဆည်းပေးနိုင်သည်က သတင်းမီဒီယာများဖြစ်သည်။ ထို့ကြောင့်လည်း
ဒီမိုကရေစီစနစ်၏ နောက်ထပ် လက္ခဏာတစ်ရပ်အဖြစ် သတင်းလွတ်လပ်ခွင့်ကို
သတ်မှတ်ထားခြင်းဖြစ်သည်။
ဘက်မလိုက်တဲ့မီဒီယာ
ရွေးကောက်ပွဲ
နီးပြီဆိုသည်နှင့် ပြည်သူတွေသိချင်သော အကြောင်းအရာများကို ယျေဘူယျအားဖြင့်
သုံးမျိုး ခွဲခြားနိုင်သည်။ ပထမတစ်ခုပါတီနှင့်
ကိုယ်စားလှယ်လောင်းများအကြောင်း ဖြစ်သည်။ ဒုတိယတစ်ခုက လက်ရှိအချိန်တွင်
ပြည်သူတွေအတွက် အရေးအကြီးဆုံး မူဝါဒဆိုင်ရာ ပြဿနာများနှင့်
ထိုပြဿနာများအပေါ် ပါတီနှင့်ကိုယ်စားလှယ်လောင်းများ၏ သဘောထားဖြစ်သည်။
နောက်ဆုံးတစ်ခုကတော့ မဲပေးပုံ၊ မဲပေးနည်းနှင့် ဆောင်ရန်၊ ရှောင်ရန်တွေ
ဖြစ်သည်။
ထိုသတင်းတွေကို ပေးနိုင်ဖို့အတွက် လွတ်လပ်သော သတင်းမီဒီယာ ရှိရမည်။
ထိုသတင်း မီဒီယာသည် လွတ်လပ်ရုံမျှသာမက ယုံကြည်စိတ်ချရသော
မီဒီယာဖြစ်ဖို့လည်း လိုသည်။ ဒါမှသာ မဲဆန္ဒ ရှင်များကဘယ်သူကို
ဘယ်လိုရွေးရမည်ကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့
ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များ ပေးနိုင်ရန်အတွက် မီဒီယာများသည်
တိကျခြင်း(Accuracy)၊ ဘက်မလိုက်ခြင်း (Impartiality)၊
တာဝန်ယူတတ်ခြင်း(Responsibility) တို့နှင့် ပြည့်စုံရပေမည်။ ထို့အတူ
ပုဂ္ဂိုလ်ရေးအရ အပုတ်ချရေးသားခြင်း (Defamatory)၊ ခိုင်မာမှုကို
မစိစစ်ပဲရေးသားမိခြင်း၊(Derivative)၊ နစ်နာအောင် ရည်ရွယ်ရေးသားခြင်း၊
(Malicious)၊ အဂတိလိုက်စားခြင်း (Corrupt)တို့ကိုလည်း ရှောင်ကျဉ်ရန်
လိုအပ်ပေသည်။
ထိုအချက်များအနက် အရေးကြီးဆုံးအချက်မှာ ဘက်မလိုက်မှု ဖြစ်သည်။
ဘက်မလိုက်ဘူး၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ မထားဘူးဆိုလျှင် ကျန်အချက်များ
ပြည့်စုံဖို့ မခက်ဟု ဆိုနိုင်သည်။ ဘက်မလိုက်ဘဲ သတင်းရေးသားဖို့ဆိုလျှင်
သတင်းတစ်ပုဒ်တွင် အနည်းဆုံး နှစ်ဖက်အမြင် သဘော ထားကို ထည့်သွင်းဖို့
လိုပေသည်။ ကိုယ်စားလှယ်လောင်းတစ်ယောက်က စွပ်စွဲချက်တစ်ခုကို ပြုလုပ်လျှင်
သို့မဟုတ် ရွေးကောက်ပွဲ ကတိတစ်ခုကို ပေးသည် ဆိုလျှင်၊ ထိုပြောကြားချက်အပေါ်
အခြားပါတီများ၊ ကိုယ်စားလှယ်လောင်းများ၏ တုံ့ပြန်ချက်၊ သုံးသပ်ချက်များကို
ဖော်ပြဖို့ လိုသည်။ ထိုသို့ ဖော်ပြရာတွင် မျှတဖို့လည်းလို ပြန်သည်။
တစ်ဖက်ကို များများ၊ တစ်ဖက်ကို နည်းနည်း ဖော်ပြခြင်း၊ မိမိမလိုလားသောဘက်က
ပြောကြားချက်များမှ ကောင်းကွက်များကို ချန်ထားခြင်းတို့ကို
ရှောင်ကြဉ်ရပေမည်။ ထို့ကြောင့်လည်း ဘက်မလိုက်မှုတွင် Fair and Balanced
နှစ်ချက်နှင့် ပြည့်စုံဖို့လိုသည်ဟု ဆိုကြခြင်းဖြစ်သည်။
ဘက်မလိုက်မှုနှင့်ပတ်သက်ပြီး နောက်ထပ်အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။
ထိုအချက်မှာ သတင်းထောက် သို့မဟုတ် အယ်ဒီတာများအနေဖြင့် မည်သည့်ပါတီ၊
အဖွဲ့အစည်းတွင်မှ ပါဝင်လှုပ်ရှားခြင်းမပြုရန်နှင့် ရွေးကောက်ပွဲရန်ပုံ
ငွေထည့်ဝင်ခြင်းမပြုရန်ဆိုသည့် အချက်ဖြစ်သည်။ သတင်းထောက်များ၊
အယ်ဒီတာများတွင်လည်း ယုံကြည်ချက်များ ရှိကြမည်သာဖြစ်သည်။ သို့သော်
သတင်းမီဒီယာသမားများအနေဖြင့်မူ၊ ရွေးကောက်ပွဲနှင့်ပတ်သက်လျှင်
မိမိနိုင်ငံရေး ယုံကြည်မှုက လွှမ်းမိုးမသွားစေရန်၊ မိမိရေးသားချက်များတွင်
မိမိအနေဖြင့် မည်သည့်ပါတီ၊ မည်သည့် ပုဂ္ဂိုလ်ကိုထောက်ခံသည်ကို စာဖတ်ပရိသတ်က
ကောက်ချက်ဆွဲမသွားအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါသည်။ ဒါသည်ပင်
စာနယ်ဇင်းသမား စစ်စစ်များ လိုက်နာရမည့် စံနှုန်းတန်ဖိုးလည်းဖြစ်သည်။
ဘက်လိုက်မှုတွေ
သို့သော် လက်တွေ့နယ်ပယ်တွင် ထိုစံများအတိုင်းလိုက်နာရန် ခက်ခဲလှသည်ကို
တွေ့ရသည်။ စာနယ်ဇင်းသမားများမှာလည်း ခံစားချက်ရှိသူများဖြစ်ရာ
အနည်းနှင့်အများ တိမ်းစောင်းမှု၊ ဘက်လိုက်မှုများရှိကြမည်သာ ဖြစ်သည်။
ထိုကဲ့သို့သော ဘက်လိုက်မှုများနှင့်ပတ်သက်ပြီး မက် ကွေး(Mc Gural)က
ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးဘက်လိုက်မှုသည် ပုံစံလေးမျိုးနှင့်
ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။
ပထမဘက်လိုက်မှုမှာ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှုဖြစ်သည်။ ထိုဘက်လိုက်မှုများမှာ
စာနယ်ဇင်းသမားများ၏ ပုဂ္ဂိုလ်ရေးခံစားချက်၊ ပုဂ္ဂိုလ်ရေး ကြည်ညိုမှုများကို
အခြေခံပြီး ဖြစ်ပေါ်ခြင်းဖြစ်သောကြောင့် ထင်ထင်ရှားရှား မြင်နိုင်သည်။
လုပ်ဆောင်သူကလည်း ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုဘက်လိုက်မှုမျိုးကို အယ်ဒီတာ့ အာဘော်ဆောင်းပါးများ၊ ခေါင်းကြီးများတွင်
အများဆုံးတွေ့ရတတ်သည်။
ဒုတိယ ဘက်လိုက်မှုမျိုးကတော့ ၀ါဒဖြန့်ချိရေး
သဘောတရားအရ ဘက်လိုက်မှုမျိုးဖြစ်သည်။ မိမိလိုလားသော ပါတီ၊
ပုဂ္ဂိုလ်နှင့်ပတ်သက်လျှင် သာသာထိုးထိုးရေးသကဲ့သို့ မလိုသူဘက်ကို
ဖိဖိနှိပ်နှိပ်ရေးခြင်းမျိုး ဖြစ်သည်။ ထိုဘက်လိုက်မှုမျိုးကို
စကားလုံးများရွေးချယ်ရာတွင် တွေ့ နိုင်သည်။ ဒီမိုကရစီ လိုလားသူများ၊
သဘောထား ပျော့ပြောင်းသူ၊ အစွန်းရောက်သမား၊ စစ်သွေးကြွများဆိုသည့်
စကားလုံးများကို တစ်ခါတစ်ရံတွင် ဘက်လိုက်သည့်သဘောဖြင့် သုံးနှုန်းသည်ကို
တွေ့နိုင်ပါသည်။
တတိယ ဘက်လိုက်မှုကတော့ အတွေးအခေါ် သဘောအရ ဘက်လိုက်မှုဖြစ်သည်။
စာနယ်ဇင်းသမား၏ ပုဂ္ဂိုလ်ရေး ယုံကြည်မှုများ၊ တန်ဖိုးများကို အခြေခံပြီး
ဘက်လိုက်မိခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို
စိတ်ဝင်စားသူဆိုပါက ပြဿနာတစ်ခုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်ဘက်မှ
အလေးကဲစဉ်းစားဖြင့် အခြားရှုထောင့်များကို ထည့်သွင်းစဉ်းစား ရေးသားရန်
ပျက်ကွက်ခြင်း မျိုးဖြစ်သည်။
နောက်ဆုံး ဘက်လိုက်မှု အမျိုးအစားမှာမူ
မရည်ရွယ်ဘဲ ဘက်လိုက်မှုဖြစ်သည်။ ထိုဘက်လိုက်မှုမျိုးမှာ လုပ်ငန်းသဘောအရ
စဉ်းစားပြီး သတင်းအဖြစ် ရွေးချယ်ရာတွင် ဖြစ်ပေါ်လေ့ရှိသည်။
စာနယ်ဇင်းများအနေဖြင့် မိမိသတင်းစာ၊ မိမိဂျာနယ် ရောင်းအားကောင်းအောင်လည်း
ထည့်သွင်းစဉ်းစားရပေရာ လူများစိတ်ဝင်စားသော ပုဂ္ဂိုလ်အဖွဲ့အစည်းအကြောင်းကို
ဦးစားပေးဖော်ပြခြင်းဖြင့် ဘက်လိုက်သကဲ့သို့ ဖြစ်သွားတတ်သည်ကို တွေ့ရသည်။
မြန်မာသတင်းစာဆရာများအတွက် သတင်းပညာ စာစောင်ကို ရေးသားပြုစုခဲ့သူ
ဂျွို့က်ဆလုံးကတော့ ရွေးကောက်ပွဲမှာ သမာသမတ်ကျစေရန်အတွက်
အချို့ဂျာနယ်များအနေဖြင့် ကိုယ်စားလှယ်လောင်း အားလုံးအတွက် ဖော်ပြပေးမည့်
စာမျက်နှာအကျယ်၊ စာလုံးအရေအတွက်စသည်တို့ကို တစ်ညီတည်း
သတ်မှတ်ပေးလေ့ရှိပုံကို ဥပမာအဖြစ် ဖော်ပြထားသည်။ ထိုနည်းလမ်းသည်
မရည်ရွယ်ဘဲဘက် လိုက်မှုကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း
ဖြစ်သည်။
ရွေးကောက်ပွဲတစ်ခု ပြုလုပ်တိုင်း လွတ်လပ်ပြီး တရားမျှတမှုရှိရန် အားလုံးက
မျှော်လင့်ကြစမြဲ ဖြစ်ပါသည်။ သို့သော် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန်မှာ
ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွင်သာ တာဝန်ရှိသည် မဟုတ်ပေ။
|
ကျွန်တော်တို့ဆီမှာ
ကျွန်တော်တို့နိုင်ငံတွင်လည်း မကြာမီ ကြားဖြတ်ရွေးကောက်ပွဲများ
ကျင်းပတော့မည်ဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့်
အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ဆောင်ချက်များ၏ ရလဒ်ကြောင့်
ယခုရွေးကောက်ပွဲကို ပြည်သူတွေ ပိုပြီးစိတ် ၀င်စားကြသည်။
သတင်းမီဒီယာများဘက်တွင်လည်း အစိုးရသစ်၏ မူဝါဒအပြောင်းအလဲများကြောင့်
နိုင်ငံရေးသတင်းတွေ၊ ရွေးကောက်ပွဲ သတင်းတွေကို ပိုပြီး လွတ်လွတ်လပ်လပ်
ရေးနိုင်နေပြီဖြစ်သည်။ ပြည်သူတွေအတွက် လိုအပ်သောသတင်း အချက်အလက်တွေ
ပိုပြီးပေးနိုင်နေ ပြီဖြစ်သည်။
သို့သော် စာနယ်ဇင်းအနည်းစုကသာ
ယနေ့ပြည်သူတွေအတွက် အရေးကြီးဆုံးဖြစ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊
ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများနှင့် ပတ်သက်ပြီး ပါတီများ၊
ကိုယ်စားလှယ်လောင်းများ၏ မူဝါဒများ၊ ထုတ်ပြန်ချက်များကို စိစိစစ်စစ်ဝေဖန်
သုံးသပ်ခြင်း၊ ရွေးကေက်ပွဲ မဲပေးခြင်း၊ မဲစာရင်းပြုစုခြင်း၊ မဲရေတွက်ခြင်း
တို့နှင့်ပတ်သက်ပြီး ပြည်သူကို အသိပညာပေးခြင်းတို့ကို ပြုလုပ်နေပြီး
အများစုမှာမူ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားမှု
သတင်းများကိုသာ ဦးစားပေးဖော်ပြနေသည်ကို လေ့လာတွေ့ရှိရပါသည်။
ထိုကဲ့သို့ လှုပ်ရှားမှုသတင်းများ ဖော်ပြရာတွင်ပင်
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ၁၇ ခုအနက် အနည်းစု
အကြောင်းကိုသာ ဖော်ပြနေပြီး ကျန်ပါတီအများစု၏ သတင်းများကို ဖော်ပြမှုမရှိ
သလောက်ပင် ဖြစ်နေသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် ၂၀၁၀
ရွေးကောက်ပွဲမတိုင်မီ ပေါ်ပေါက်လာသည့် နိုင်ငံရေးအသားပေး ဂျာနယ်တစ်စောင်၏
ဇန်န၀ါရီလ ၂၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်အကြား ထုတ်ဝေခဲ့သော
ဂျာနယ်လေးစောင်ကို လေ့လာခဲ့ရာ ပါတီတစ်ခုတည်းမှ ကိုယ်စားလှယ်လောင်းများ၏
တွေ့ဆုံမေးမြန်းခန်းများကို ၁၂ ကြိမ်ဖော်ပြထားပြီး ကျန်ပါတီ ၁၆ ခုမှ
ပါတီသုံးခု၏ ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းမှု သုံးကြိမ်သာ
ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပေသည်။ အကယ်၍ ပါတီလှုပ်ရှားမှု သတင်းများကိုပါ
ထည့်သွင်းတွက်ချက်မည်ဆိုလျှင် ပါတီကြီးတစ်ခုနှင့် ကျန်ပါတီများအကြား
သတင်းဖော် ပြခံရမှုပိုမိုကွာခြားသည်ကို တွေ့ရ မည်ဖြစ်သည်။ ဂျာနယ်အယ်ဒီတာ
အဖွဲ့အနေဖြင့် မည်ကဲ့သို့ စဉ်းစား လုပ်ဆောင်ခဲ့သည်ကို မသိနိုင်သော် လည်း
ကိန်းဂဏန်းအရ ပြောမည် ဆိုလျှင်ထိုဂျာနယ်အနေဖြင့် ကျန်ပါ တီများအပေါ်
ခွဲခြားဆက်ဆံရာ ရောက်သည်၊ ပါတီတစ်ခုအတွက် ဘက်လိုက်ဖော်ပြရာရောက်သည်ဟု
ကောက်ချက်ချရမည်သာ ဖြစ်ပေသည်။
မှတ်ကျောက်တင်စရာ
ထိုကဲ့သို့ အဖြစ်မျိုးတွေကား မြန်မာနိုင်ငံမှာသာမဟုတ်
အမေရိကန်လိုနိုင်ငံမျိုးမှာပင် မီဒီယာတွေ၏ ဘက်လိုက်မှုတွေ ရှိနေဆဲဖြစ်သည်။
စာနယ်ဇင်းပညာရှင် Ross Howard ကတော့ သူ့ရဲ့ An Elections Reporting
Handbook မှာ ဘက်လိုက်မှု အနည်းဆုံးဖြစ်ဖို့အတွက် စာနယ်ဇင်းသမားများအနေဖြင့်
ရွေးကောက်ပွဲသတင်းများကို အောက်ပါ စံခုနှစ်ချက်နှင့်တိုက်ပြီး စစ်ဆေးပါဟု
အကြံပြုသည်-
၁။ သတင်းမှန်မမှန် အတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ စိစစ်မှုတွေလုပ် ပြီး၊ မပြီး။
၂။ ဘက်လိုက်မှုမရှိဘဲ ကွဲပြားခြားနားသည့် အမြင်အားလုံးကို မျှမျှတတ ထင်ဟပ်ရေးသား ပြီး၊ မပြီး။
၃။ မိမိရေးသားသည့် သတင်းအပေါ် တာဝန်ခံနိုင်မှု၊ တာဝန်ယူနိုင်မှု ရှိ မရှိ။
၎။ မဲဆန္ဒရှင်များ သိသင့် သိထိုက်သော အချက်များ၊ ၎င်းတို့နှင့်သက်ဆိုင်သော သတင်းအချက်အလက်များ ပါဝင်မှု ရှိ မရှိ။
၅။ ဖြစ်စဉ်တစ်ရပ်လုံးကို ခြုံငုံ ဖော်ပြနိုင်ခြင်း ရှိ မရှိ၊
အရေးကြီးသော အချက်များအားလုံးကို စာသား၊ ရုပ်ပုံတို့ဖြင့် ဖော်ပြထားခြင်း
ရှိ၊ မရှိ။
၆။ မဲဆန္ဒရှင်များအတွက် မှန်ကန်သောရွေးချယ်မှုပြုလုပ်နိုင်အောင် အထောက်အကူပြုနိုင်ခြင်းရှိ၊ မရှိ။
၇။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် အခြားဖော်ပြသင့်သော သတင်းအချက်အလက်များ ရှိ၊ မရှိ။
ရွေးကောက်ပွဲတစ်ခု ပြုလုပ်တိုင်း လွတ်လပ်ပြီး တရားမျှတမှုရှိရန် အားလုံးက
မျှော်လင့်ကြစမြဲ ဖြစ်ပါသည်။ သို့သော် လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန်မှာ
ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွင်သာ တာဝန်ရှိသည် မဟုတ်ပေ။
စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများကိုယ်တိုင်ကလည်း ဘက်လိုက်မှု မရှိ၊
အစွဲကင်းစွာဖြင့် စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်းတို့ဖြင့် လွတ်လပ်ပြီး
တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုပါသည်။ သို့မှသာ
စတုတ္ထမဏ္ဍိုင် တာဝန်ကျေပြွန်သည်ဟု ဂုဏ်ယူနိုင်မည်ဟု ထင်ပါသည်။
EMG
မှီငြမ်းပြုစာစောင်များ
၁။ An Elections Reporting Handbook by Ross Howard
၂။ Support the Media During the Election, International Media Support
၃။ မီဒီယာနှင့်နိုင်ငံရေး၊ မိမိကြီး(IR), မျက်မှောက်ရေးရာ စာစောင်
၎။ မြန်မာသတင်းစာ ဆရာများအတွက် သတင်းပညာ၊ ဂျွိုက်ဆလုံး
ပရိသတ်ပြည်သူ စိတ်ဝင်စားသော အကြောင်းအရာများကို ဖော်ပြခြင်းသည်
ဘက်လိုက်ခြင်းမဟုတ်ပါ။ လာမည့်ရွေးကောက်ပွဲတွင် မည်သည့်ပါတီနှင့်
မည်သည့်ပုဂ္ဂိုလ်များကို ပြည်သူများက နှစ်သက်သဘောကျကြပြီး မည်သည့်ပါတီနှင့်
မည်သည့်ပုဂ္ဂိုလ်များ ရေပန်းစားနေသည်ဆိုသည်ကို ပုဂ္ဂလိကပိုင်မီဒီယာများသာမက
အစိုးရပိုင် မီဒီယာများဖြစ်သည့်၊ သတင်းစာနှင့်
ရုပ်သံမီဒီယာတို့အနေဖြင့်လည်း ကျင့်ဝတ်နှင့်အညီ မျှတမှုရှိသော သတင်းများကို
ဖော်ပြရန် လိုအပ်လာပြီဖြစ်ကြောင်း အလေးအနက် တိုက်တွန်း လိုက်ရပါသည်။
(အယ်ဒီတာအဖွဲ့)
|
No comments:
Post a Comment