menu

Wednesday 7 March 2012

ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ပါ(ကိုကြီးတင်)




ဂျာနယ် မဂ္ဂဇင်းတွေဖတ်ရင်းနဲ့ သတိထားမိတာတစ်ခုရှိတယ်။ စာရေးဆရာတွေဟာ သူတို့နဲ့ခေတ်ပြိုင် အချင်းချင်းဆိုရင် သေမှပဲ ရွှန်းရွှန်းဝေအောင် ချီးကျူးထောပနာပြုတတ်ကြတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ အသက်ရှင်နေ ဆဲ စာရေးဆရာချင်း တစ်ယောက်ကိုတစ်ယောက် ချီး ကျူးစကားပြောတာ တော်တော် တွေ့ရခဲတယ်။

ချီးကျူးစကားပြောဖို့ ၀န်လေးနေတာလောက်ဆို တော်သေးတယ်။ အတော်များများက မစ္ဆရိယစကား တွေပြောတတ်ကြတာ သတိထားမိတယ်။ နှုတ်ကထုတ်မပြောပေမယ့် ငါသာ အတော်ဆုံး၊ အတတ်ဆုံး၊ အသိဆုံးဆိုတဲ့ မာနတွေ တံခွန်ထူနေကြတာ သိသာထင်ရှားနေတယ်။ ဒါ တွေကို တွေ့ရဖတ်ရဖန်များတော့ ပြည့်တဲ့အိုးများ ဘောင်ဘင် မခပ်ပါလားဆိုတာ ကျွန်တော့်ကိုသိသွားစေခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပြေးပြီးသတိရလိုက်မိတယ်။ အဲဒါလေး ဖောက်သည်ချချင်ပါတယ်။


မန္တလေးမြို့ရှိ အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်းက ကြီးမှူးပြီး လပတ်ဓာတ်ပုံပြိုင်ပွဲကျင်းပဖို့ စီစဉ်တယ်။ ပြိုင်ပွဲခေါင်းစဉ်က 'ပြည်ထောင်စုမယ်'၊ ရိုက်ကူးမယ့်နေရာက သွားရေးလာရေးမခက်တဲ့ မန္တလေးတောင်ခြေရင်းက ဂေါက်ကွင်းမှာ၊ ကိုယ်ဟန်ပြမယ့် မိန်းကလေးတွေက မန္တလေးတက္ကသိုလ်က ကျောင်းသူတွေ၊ ဒီသတင်းဟာ ဓာတ်ပုံဆရာတွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် ဓာတ်ပုံရိုက်ကြဖို့ အားခဲရပြီ။ ကင်မရာတွေ ဖုန်သုတ်၊ ဖလင်တွေဝယ်ဖို့ ပြင်ဆင်နေကြရပြီ။ အဲဒီတုန်းက ဒီဂျစ်တယ်ကင်မရာကလည်း မပေါ်သေး၊ ရောင်စုံဓာတ်ပုံကလည်း မထွန်းကားသေးဆိုတော့ ဓာတ်ပုံက အဖြူအမည်း၊ တင်သွင်းရမယ့် အရွယ်အစားက တင်းဘိုင်တွဲလို့ခေါ်တဲ့ တစ်ဆယ်ဆယ့်နှစ်လက်မဆိုဒ်။

၁၉၇၀ ပြည့်နှစ်ပိုင်းက ဓာတ်ပုံပြိုင်ပွဲတွေကို အကဲဖြတ်မယ့် ဒိုင်လူကြီးတွေကလည်း ၀ါရင့်ဓာတ်ပုံဆရာကြီးတွေ ဖြစ်နေပြန်တယ်။ မြို့မအပျော်တမ်း တူရိယာအသင်းကို အစပျိုးရာမှာ တစ်ဦးအပါအ၀င်ဖြစ်ခဲ့သလို မန္တလေး ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သူတွေထဲမှာ ပါဝင်ခဲ့တဲ့ ဒါးတန်းဦးသန့်၊ မြို့မတူရိယာအသင်းမှာ စကင်းတယောထိုးဆရာဖြစ်ခဲ့လို့ သူ့ကိုယ်သူ စကင်းအောင်ဒင်လို့ခေါ်ဆိုတတ်တဲ့ ဓာတ်ပုံပညာရှင် ဦးအောင်ဒင်၊ ဓာတ်ပုံဆရာကြီး ဦးအေးကို၊ အစောကြီးကတည်းက နိုင်ငံတကာပြိုင်ပွဲမှာ ဓာတ်ပုံဆုရဖူးတဲ့ စစ်ကိုင်းဦးချစ်မောင်တို့ ဖြစ်ကြတယ်။
သို့ပေမယ့် ကျွန်တော်တို့က ရင်းနှီးခင်မင်စွာခေါ်တဲ့ ဦးလေးသန့် (ဒါးတန်းဦးသန့်)က ဘာသာရေးကို အာရုံစိုက်လုပ်ကိုင်နေတဲ့အရွယ်မို့ သူ့ကိုဒိုင်လူကြီးလုပ်ဖို့ မခေါ်ပါနဲ့လို့ ပြောထားတဲ့အချိန်၊ အဲဒီနှစ်ပိုင်းမှာ ဦးလေးသန့်က မင်းကွန်းမှာ တစ်ပတ်နေပြီး တရားအားထုတ်တယ်။ နောက်တစ်ပတ်မှာ မန္တလေးကို ပြန်လာနေတယ်။ မန္တလေးမှာနေတာ တစ်ပတ်ပြည့်ပြီဆိုရင် မင်းကွန်းကို ပြန်သွားတယ်။ ဒီတော့ ဦးလေးသန့်ကို သွားခေါ်မယ်ဆိုရင် မန္တလေးမှာ ရှိမရှိမသေချာ။ပြိုင်ပွဲဝင်ဓာတ်ပုံရိုက်တဲ့နေ့ ရောက်ပါပြီ။ ဂေါက်ကွင်းထဲမှာ စည် စည်ကားကားဖြစ်နေပုံများ ကြုံတောင့်ကြုံခဲပါပဲ။ 'ပြည်ထောင်စုမယ်' ခေါင်းစဉ်နဲ့ဆိုတော့ မော်ဒယ်လုပ်တဲ့ တက္ကသိုလ် လှပျိုဖြူတွေထဲကလည်း မနည်းလှ။ တဖျတ်ဖျတ် ရိုက်နေကြတဲ့ ဓာတ်ပုံဆရာတွေကလည်း တရုန်းရုန်း၊ ကျောင်းသူတွေနဲ့ ဓာတ်ပုံဆရာတွေကို နေ့လည်စာကျွေးမွေးဖို့ စီစဉ်တဲ့သူတွေကလည်း မနည်းမနော၊ ကျောင်းသူတွေဝတ်ထားတဲ့ တိုင်းရင်းသားဝတ်စုံတွေကလည်း အရောင်အသွေးအမျိုးမျိုး။
ရွေးချယ်မယ့်နေ့မှာ တင်တဲ့ ဓာတ်ပုံအရေအတွက်က တစ်ရာကျော်တယ်။ ဒီနှစ်လပတ်ပြိုင်ပွဲထဲမှာ ဓာတ်ပုံအရေအတွက် အများဆုံးလို့ ဆိုရမယ်။ တနည်းပြောရရင် အကျိတ်အနယ်ရှိလှတဲ့ ဓာတ်ပုံပြိုင်ပွဲတစ်ခုပေပဲ။ အရေးထဲမှာ ဒိုင်လူကြီး မပြည့်စုံတဲ့ပြဿနာနဲ့ ကြုံရပြီ၊ အဲဒီကာလက ဒိုင်လူကြီးသုံးဦးက ရွေးချယ်တဲ့စနစ်။ အခုဈေးချိုမြောက်ဖက်က အခန်းလေးထဲမှာ ရောက်နေတာက ဒိုင်လူကြီးနှစ်ဦးတည်း၊ ဘယ်လိုလုပ်ကြမလဲ၊ ဦးလေးသန့်က လာမခေါ်နဲ့လို့ ပြောထားတာမို့ သူ့ကိုသွားပင့်ဖို့ရာ မ၀ံ့၊ အခန်းထဲမှာ လူကလည်း စုံနေပြီ။ ဓာတ်ပုံရွေးချယ်ရမယ့် အချိန်တွေက တရွေ့ရွေ့ကုန်နေပြီ။ ဓာတ်ပုံဆရာတွေရဲ့ အစီအစဉ်က ဘယ်လိုလဲလို့ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတဲ့ အသံတွေကလည်း ညံနေပြီ။ ကိုင်း ... ဘာပဲဖြစ်ဖြစ် ဦးလေးသန့်ကို သွားခေါ်ရတော့မှာပဲ။ အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်းအတွက် ကံကောင်း သွားတာလား။ ဦးလေးသန့်အတွက် အလုပ်ရှုပ်စရာ ဖြစ်သွားတာလား မသိတော့ပါ။ မန္တလေး ၂၄ လမ်းက အိမ်ကိုသွားတော့ ဦးလေးသန့်ကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ တွေ့ရတယ်။ လူငယ်တွေ ကြိုးစားပမ်းစား လုပ်နေကြတဲ့ကိစ္စပေပဲ။ ငါလည်း ၀င်ကူဦးမှဖြစ်မှာပဲဆိုတဲ့ အတွေးမျိုး ရှိပုံရတယ်။ ဦးလေးသန့် လိုက်လာရှာတယ်။

ဦးလေးသန့်မှာ အခြားလူကို အထင်သေးတတ်တဲ့ သဘောမျိုး၊ ငါသာအသိ၊ ငါသာအတတ်လုပ်တတ်တဲ့သဘောမျိုး လုံးလုံးမရှိတာပါကလား။ ငါမသိတာတွေလည်း ရှိနေတယ်ဆိုတာ သိနေတဲ့သူပါကလား။ အင်မတန် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့သူပါကလား။ ဦးလေးသန့်ဟာ အလွန်တရာ ရိုးရှင်းလွန်းလှကလား  . . .
ဓာတ်ပုံရွေးချယ်တဲ့ နည်းစနစ်တွေအတိုင်း ပထမဦးစွာ ဓာတ်ပုံတွေကို တစ်ပုံပြီးတစ်ပုံ အကြမ်းတစ်ခါကြည့်တယ်။ ပြီးမှ ဒုတိယအကြိမ် ကြည့်ပြီး ဒိုင်လူကြီးသုံးဦးက အမှတ်ပေးတယ်။ ဒိုင်လူကြီးတွေ အမှတ်ပေးနေတာကို ဓာတ်ပုံဆရာတွေက ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားရတယ်။ အခန်းလေးကကျဉ်းနေပြီး ပရိသတ်ကများနေတော့ ထိုင်ခုံမရှိလို့ နောက်ဖက်မှာ ရပ်ကြည့်နေသူတွေကလည်း အပြည့်။ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ဆိုရင် ကိုယ်ရိုက်ထားတဲ့ပုံတွင်မက အခြားဓာတ်ပုံဆရာတွေရဲ့လက်ရာကိုလည်း အကဲခတ်ရတယ်။ တက္ကသိုလ် ကျောင်းသူတွေရဲ့ ကချင်ဝတ်စုံ၊ ကရင်ဝတ်စုံ၊ ရှမ်းဝတ်စုံတွေနဲ့ ရိုက်ထားတဲ့ပုံတွေက တစ်ပုံနဲ့တစ်ပုံ အရည်အသွေး သိပ်မကွာလှ၊ ပုံကောင်းတွေ အတော်များတယ်။ ဓာတ်ပုံဆရာတွေထဲမှာ ကိုယ်ကတော့ ခေါင်းစဉ်နဲ့ကိုက်ညီအောင် အသေအချာရိုက်ထားပေမယ့် ဒိုင်လူကြီး သဘောကျတာက ဘာဖြစ် မလဲဆိုတာကို တွေးနေသူလည်းရှိရဲ့။ ဒီလိုအနုပညာဆန်တဲ့ ပြိုင်ပွဲတွေမှာ ဒိုင်လူကြီးအကြိုက်ဆိုတာလည်း ရှိသေးတာမဟုတ်လား။
နောက်ဆုံးမှာတော့ ပြိုင်ပွဲအဖြေကို ကြေညာပါပြီ။ ပထမရတဲ့ ဓာတ်ပုံ၊ ဒုတိယရတာက ဘယ်သူ၊ တတိယက ဘယ်ဆရာ၊ ဆုက စုစုပေါင်း ခြောက်ဆုပေးတယ်။ ပထမ၊ ဒုတိယ၊ တတိယနဲ့ နှစ်သိမ့်ဆု သုံးဆု၊ ဓာတ်ပုံခြောက်ပုံကို ပထမရတဲ့ ပုံကစပြီး နှစ်သိမ့်ဆုရတဲ့ဓာတ်ပုံအထိ တစ်ခုပြီးတစ်ခု ဖြည်းဖြည်း ပြပေးတယ်။ ဓာတ်ပုံလပတ်ပြိုင်ပွဲကတော့ ပြီးသွားပါပြီ။ ဒိုင်လူကြီးတွေလည်း ပြန်သွားကြပြီ။ ဒါပေမယ့် ပြဿနာရှိနေတယ်။ ဓာတ်ပုံဆရာတွေကြားမှာ တီးတိုးတီးတိုးဝေဖန်သံတွေ ထွက်နေတယ်။ ပထမဆုရတဲ့ပုံ ... ဘာပြဿနာမှမရှိ။ အားလုံးကျေ နပ်တယ်။ ဒုတိယ၊ တတိယ ဘာမှ ပြောစရာမလို၊ နှစ်သိမ့်ဆု(၁)၊ နှစ် သိမ့်ဆု (၂) သူ့ဟာနဲ့သူ ဟုတ်တယ်။ အထူးသုံးသပ်နေစရာမလို၊ ဓာတ်ပုံဆရာတွေ အတွန့်တက်နေကြာတာက နှစ်သိမ့်ဆု(၃)။
နှစ်သိမ့်ဆု(၃)ပုံက ဘယ်လို ဓာတ်ပုံလဲ၊ ဘာကိုရိုက်ပြထားလို့လဲ၊ ကြည့်ပါ။ နှစ်သိမ့်ဆု(၃)ပုံမှာ မိန်းကလေးက သူ့ခေါင်းကို မြက်ခင်းပေါ် စောင်းစောင်းကလေးလှဲထားပြီး သူမျက်လုံးတွေက အပေါ်ဖက်တစ်နေရာဆီကို လှမ်းကြည့်နေတယ်။ တွေးတွေးငေးငေးလေး ဖြစ်နေတဲ့ပုံ။ ၁၀ x ၁၂ အရွယ်ဓာတ်ပုံထဲမှာ မိန်းကလေးရဲ့ ဦးခေါင်းတစ်ခုလုံး အပြည့်နီးပါး ဖြစ်နေတယ်။ သူ့မျက်နှာတစ်ခုတည်းကိုပဲ သက်သက်ပြထားသလို ဖြစ်နေတယ်။ ပြိုင်ပွဲရဲ့ခေါင်းစဉ်က ပြည်ထောင်စုမယ်၊ ဒီတော့ တိုင်းရင်းသားရိုးရာ အ၀တ်အစား ၀တ်ဆင်ထားတာ ပါဝင်ရမယ်။ တစ် ကိုယ်လုံးပုံမဟုတ်တောင် အနည်းဆုံး ကိုယ်တစ်ပိုင်းပုံတော့ ဖြစ်ရမယ်။ ဒါမှခေါင်းစဉ်နဲ့ ကိုက်ညီမယ်၊ အခုနှစ်သိမ့်ဆု(၃)ပုံက ခေါင်းစဉ်နဲ့ ဘာမှမဆိုင်၊ ဘာဖြစ်လို့များ ဒီပုံကို ဒိုင်လူကြီးတွေက အမှတ်ပေးရတာလဲ၊ စောဒကတက်သံတွေ စောကြောဆန်းစစ်တဲ့အသံတွေက အခန်း ကျဉ်းလေးထဲတင်မက ၂၆ လမ်း ပေါ်အထိ လျံထွက်နေပါတော့တယ်။
မင်းကွန်းပြန်သွားရင် မတွေ့လိုက်ရမှာစိုးလို့ ဦးလေးသန့်ကို လူငယ်ဓာတ်ပုံဆရာတစ်ဦးက သွားတွေ့ချင်နေတယ်။ တွေ့ချင်ရတဲ့ အကြောင်းရင်းက နှစ်သိမ့်ဆု(၃)ပုံ ကိစ္စ၊ အဲဒီပုံနဲ့ပတ်သက်ပြီး ဦးလေးသန့်ကို မေးချင်မြန်း ချင်လို့၊ ဦးလေးသန့်က ဘာပြန်ပြောမလဲဆိုတာ နားထောင်ချင်လို့၊ လူငယ်ဓာတ်ပုံဆရာက ဦးလေးသန့်ဆီ သွားရာလမ်းတစ်လျှောက် အခုလိုကြိုတွေး နေမိတယ်။ ဓာတ်ပုံနဲ့ ရုပ်ရှင်က ဂီတဖက်မှာပါထဲထဲဝင်ဝင် တတ်သိလှတဲ့ ဦးလေးသန့်လို ပုဂ္ဂိုလ်က ဓာတ်ပုံပညာတွေကို တစ်ဝကြီးရှင်းပြပေလိမ့်မယ်။ သူသိသူတတ်တာတွေကို အာဝဇ္ဇန်းရွှင်ရွှင်နဲ့ မိန့်ဆို နေပေလိမ့်မယ်။ တစ်နည်းပြောရရင် ဆရာလုပ်နေပေလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ခုခေတ်မှာ နာမည်ကြီးပြီဆိုရင် ကိုယ်သိရှိထားတာတွေကို လိုတာထက် ပိုပြောနေသူက အများသားမဟုတ်လား။ ဒါကြောင့်မို့ ဦးလေးသန့်က ဓာတ်ပုံဆေးသား၊ အလင်းအမှောင်၊ အပြတ်အတောက်၊ ပြိုင်ပွဲခေါင်းစဉ်နဲ့ ဓာတ်ပုံဆက်စပ်မှု၊ ကင်မရာမင်းရဲ့ ဓာတ်ပုံအယူအဆ စတာတွေ စတာတွေ ...။
ဦးလေးသန့်က ''အမှန်က တော့ဗျာ ... အဲဒီဓာတ်ပုံကို အမှတ် ပေးလိုက်တာကျွန်တော်ပဲ။ ကျန်တဲ့ ဒိုင်လူကြီးတွေကပေးတဲ့အမှတ်နဲ့ ကျွန်တော့်အမှတ်ပေါင်းလိုက်တော့ အဲဒီပုံက နှစ်သိမ့်ဆု(၃) ဖြစ်သွား တာပေါ့။ အဲဒီပုံကိုကြည့်ပြီး ကျနော်ခံစားလိုက်ရတာက မိန်းက လေးဟာ နေ့ခင်းကြောင်တောင်ကြီးမှာ စိတ်ကူးယဉ်နေတာဗျ။ တစ်ကိုယ်တည်း စိတ်ကူးယဉ်နေတာ၊ နေ့ခင်းအိပ်မက် Day Dream ပေါ့ဗျာ။
''ဦးလေးသန့်က ဆက်ပြောတယ်။ ''ကျွန်တော်ဒိုင်သူကြီး မလုပ်တတ်ပါဘူး။ ကျွန်တော်က ဓာတ်ပုံတွေကို အမှတ်မပေးတတ်ပါဘူး။ ကျွန်တော်က ကျွန်တော်ခံစားလို့ရတဲ့ပုံ၊ ကျွန်တော်ကြိုက်တဲ့ပုံကိုပဲ ရွေးတတ်တာ၊ အမှန်က ဓာတ်ပုံတွေကို အမှတ်ပေးမယ်ဆိုရင် ပြိုင်ပွဲခေါင်းစဉ်၊ ဆေးသား၊ အလင်းအမှောင်၊ ဒါတွေအားလုံးကို ထည့်သွင်းစဉ်းစားပြီး အမှတ်ကို သူ့ရာခိုင်နှုန်းနဲ့သူ ခွဲပေးရမှာဖြစ်ပါတယ်။ ကျွန်တော်က အဲဒါတွေ မပိုင်ဘူး။

ပြီးတော့ သူထပ်ပြောတာက ရန်ကုန်က ဦးခင်လေးမောင်တို့၊ ဦးသိန်းမောင်တို့က ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို စည်းကမ်းနဲ့အညီ အမှတ်ပေးတတ်ပါသတဲ့၊ ဓာတ်ပုံဆရာကောင်းတွေ ဒိုင်လူကြီးကောင်းတွေ ဖြစ်ကြပါသတဲ့၊ သူတို့က အဲဒီအလုပ်ကို စနစ်တကျလုပ်တတ်ပါသတဲ့။ သူက အဲဒီအလုပ်ကို ကောင်းကောင်း မလုပ်တတ်ပါဘူးတဲ့။ သူနားမလည်တာတွေ ရှိနေလို့ သူ့ကို ဒိုင်လူကြီးလုပ်ဖို့ လာမခေါ်နဲ့လို့ ပြောထားတာဖြစ်ပါသတဲ့။
ဦးလေးသန့်ဆီကနေ လူငယ်ဓာတ်ပုံဆရာ ပြန်လာခဲ့ပါပြီ။ ဦးလေးသန့် ပြောလိုက်တဲ့ စကားတွေကို တရေးရေး ပြန်လည်တွေးတောရင်း လူငယ်ဓာတ်ပုံဆရာဟာ ထူးဆန်းအံ့သြစွာနဲ့ ဟောဒီကောက်ချက်ချနေမိပါတော့တယ်။

ဦးလေးသန့်မှာ အခြားလူကို အထင်သေးတတ်တဲ့ သဘောမျိုး၊ ငါသာအသိ၊ ငါသာအတတ်လုပ်တတ်တဲ့ သဘောမျိုး လုံးလုံးမရှိတာပါကလား။ ငါမသိတာတွေလည်း ရှိနေတယ်ဆိုတာ သိနေတဲ့ သူပါကလား။ အင်မတန် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့သူပါကလား။ ဦးလေးသန့်ဟာ အလွန်တရာ ရိုးရှင်းလွန်းလှကလား။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis