ကာလကြာ အငြင်းပွားမှုဖြစ်ပွားနေသည့် ဧ၀ရက်တောင်၏ အမြင့်နှင့်ပတ်သက်ပြီး
တိတိကျကျ တိုင်းတာမှုတွင် နိုင်ငံတကာအလှူရှင်များ ပါဝင်ကူညီရန် နီပေါအစိုးရက
တောင်းဆိုခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြော
ကြားခဲ့သည်။
နီပေါနှင့် တရုတ်နိုင်ငံ ကြားခွလျက်ရှိသည့် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကို
အိန္ဒိယမြေတိုင်းအဖွဲ့တစ်ခု က ၁၉၅၄ ခုနှစ်တွင် တိုင်းတာခဲ့ပြီးနောက်တွင်
အမြင့် ၈၈၄၈ မီတာ (၂၉၀၂၉ ပေ) ရှိသည်ဟု မှတ်ယူခဲ့သည်။ သို့သော်လည်း အခြား
လေ့လာရေးအဖွဲ့များက လတ်တလော တိုင်းတာခဲ့ရာတွင် မီတာပေါင်းများစွာ
ခြားနားမှုများ ဖြစ်ပေါ်ခဲ့သည်။
၁၉၉၉ ခုနှစ်တွင် အမေရိကန် အမျိုးသားပထ၀ီဝင်အသင်းကြီးက GPS
နည်းပညာများကို အသုံးပြုပြီး တိုင်းတာရာတွင် ဧ၀ရက်တောင်၏ အမြင့်သည် ၈၈၅၀
မီတာရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။ တရုတ်နိုင်ငံကမူ နှင်းဖုံးနေသော
တောင်ထိပ်ကို ထည့်မတွက်ဘဲ တိုင်းတာခဲ့ရာတွင် ၈၈၄၄ မီတာသာ ရှိခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ သိပ္ပံအဖွဲ့အစည်းများကဲ့သို့သော နိုင်ငံတကာဆိုင်ရာမှ
အလှူရှင်များထံ ထောက်ခံမှုနှင့် ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရရှိရန်
ကြိုးပမ်းနေကြောင်း နီပေါ မြေတိုင်းလေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။
''ဧ၀ရက်တောင်ရဲ့ အမြင့်ကို အတိအကျသိရဖို့အတွက် လုပ်ငန်းတာဝန်တွေ
လုပ်ဆောင်ရာမှာ နီပေါအစိုးရအဖွဲ့မှာ သိပ္ပံပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့
ရင်းမြစ်တွေ မရှိပါဘူး''ဟု မြေတိုင်းလေ့လာရေးဌာန ညွှန်ကြားရေးမှူးချုပ်
Krishna Raj BC က ပြောကြားခဲ့သည်။
ဧ၀ရက်တောင်၏ အမြင့်ကို ၁၈၅၆ ခုနှစ်တွင် ပထမဆုံးအကြိမ်
တိုင်းတာခဲ့ပြီးနှစ် ၁၀၀ နီးပါးအကြာတွင် Sherpa Tenzing Norgay နှင့် Edmud
Hillary တို့ တောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သည်။
ဧ၀ရက်တောင်ထိပ်သို့ ၂၁ ကြိမ် တက်နိုင်ခဲ့သော နီပေါတောင်တက်သမား အပါသည်
မကြာသေးမီက ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းဂုဏ်ပြုလွှာကို ရရှိခဲ့သည်။
ဧ၀ရက်တောင်၏ အမြင့်ကို နီပေါက တိုင်းတာရာတွင် နှင်းလွှမ်းသည့်
အပိုင်းများကိုပါ တိုင်းတာခဲ့သဖြင့် အမြင့်ပေ ၈၈၄၈ မီတာရှိပြီး၊
တရုတ်ကတိုင်းတာရာတွင် ကျောက်သားတောင်ထိပ်ကို တိုင်းတာခဲ့မှုကြောင့် အမြင့်ပေ
၈၈၄၄ မီတာရှိခြင်းဖြစ်သည်ဟု နီပေါနှင့် တရုတ်တို့ ၂၀၁၀ ပြည့်နှစ်တွင်
သဘောတူ လက်ခံထားမှုတစ်ခု ရှိသည်။
EMG |
No comments:
Post a Comment