menu

Wednesday 7 March 2012

အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံးသို့ ရောက်ရှိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တံတားဦးမြို့နယ်ရှိ ဒေသခံများနှင့်အတူ တွေ့ရစဉ်
မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်မှုစနစ် မမှန်ကန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းနိုင်ငံအဆင့်မှ အောက်ဆုံး သို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

မတ်လ ၃ ရက်နေ့မှ စတင်ခဲ့သော အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် မဲဆွယ်စည်းရုံးခြင်းများကို လေးရက်ကြာ ပြုလုပ်ခဲ့သည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့တွင် ပြုလုပ်ခဲ့သော ဟောပြောပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ မြန်မာနိုင်ငံဟာ အနှစ် ၂၀ ကျော်အတွင်းမှာ အရှေ့တောင်ဒေသရဲ့အောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီလို အောက်ဆုံးအဆင့် လောက် ရောက်စရာ နိုင်ငံမျိုး မဟုတ်ပါဘူး။ သဘာဝအားဖြင့် ကျွန်မတို့နိုင်ငံဟာ
ချမ်းသာပါတယ်။ လူတွေက ဘယ်လိုပြောသလဲဆိုတော့ မြန်မာနိုင်ငံဟာ နိုင်ငံကချမ်းသာပြီးတော့ ပြည်သူတွေက ဆင်းရဲတယ်တဲ့၊ ဒီလို ပြောပါတယ်။ နိုင်ငံက ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲတယ်ဆိုတာ ဘာကြောင့်လဲလို့ စိစစ်ရင် အဓိကကတော့ အစိုးရစနစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို ဦးစားမပေးတဲ့ အစိုးရ၊ ပြည်သူတွေကို မျက်နှာမပူတဲ့ အစိုးရ၊ ပြည်သူတွေကို မလေးစားတဲ့ အစိုးရဆိုရင် တိုင်းပြည်က ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ပြည်သူတွေက ဆင်းရဲမှာပါပဲ''ဟု ပြောကြားခဲ့သည်။

''လွတ်လပ်ရေးရတာ နှစ်ပေါင်း ၆၀ ကျော်သွားပြီ။ ဒီနှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်း နိုင်ငံအဆင့်ကနေ အောက်ဆုံးကို ရောက်သွားတယ်။ ဒီလိုအောက်ဆုံးအဆင့်ကို ရောက်သွားရတာဟာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် အုပ်ချုပ်မှုစနစ် မမှန်လို့ပဲလို့ သုံးသပ်ရမှာပဲ။ ဒီနိုင်ငံဟာ ဒီနိုင်ငံပဲ၊ ဒီပြည်သူဟာ ဒီပြည်သူပဲ။ နိုင်ငံလည်း ပြောင်းလဲမသွားဘူး။ ပြည်သူလည်း ပြောင်းလဲမသွားဘူး။ အုပ်ချုပ်မှုစနစ်သာ ပြောင်းသွားတယ်။  အရင်တုန်းက မြန်မာနိုင်ငံကို လိုက်မမီနိုင်တဲ့၊ မြန်မာနိုင်ငံကို စံနမူနာအဖြစ်ထားခဲ့ရတဲ့ နိုင်ငံတွေ ရှေ့တန်းမှာ ရောက်သွားတယ်။ ဥပမာ စင်ကာပူ ဆိုပါတော့။ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးလို့ သတ်မှတ်ခံထားရတယ်။ မြန်မာတော်တော်များများ ပညာတတ်ရင် စင်ကာပူမှာ သွားပြီး အလုပ်လုပ်ကြတယ်။ တော်ရုံ တန်ရုံ ပညာတတ်ရုံနဲ့ ဟိုက လက်မခံဘူး။ တကယ်တော့ စင်ကာပူဆိုတာ မြန်မာနိုင်ငံထက် နောက်ကျပြီးမှ လွတ်လပ်ရေးရတာ။ အဲဒီအချိန်က ၀န်ကြီးချုပ်ဖြစ်လာမယ့် လီကွမ်ယူက နှစ် ၂၀ အတွင်း မြန်မာနိုင်ငံကို မီစေရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့တာ။ အခု ကျွန်မတို့အနေနဲ့ နှစ် ၂၀ အတွင်း စင်ကာပူကို မီစေရမယ် ဆိုတဲ့ ကတိပေးရဲရဲ့လား စဉ်းစားနေတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့သော အဆိုပါဟောပြောမှု၌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ပြည်သူလူထု၏ လက်ရှိအခြေအနေများအပေါ် ထောက်ပြပြီး လူ့စွမ်းအားအရင်းအမြစ်ပေါ် အခြေခံသော နိုင်ငံတစ်ခု တည်ဆောက်ရန် ပြောကြားခဲ့သည်။ ''စင်ကာပူဟာဆိုရင် ကျွန်းနိုင်ငံ သေးသေးလေးပဲ။ ဘာသယံဇာတမှလည်း မရှိဘူး။ သူ့မှာရှိတာဆိုလို့ လူသားအရင်းအမြစ်ပဲ ရှိတယ်။ ကံကောင်းတာတစ်ခုက လွတ်လပ်ရေးရပြီးပြီးချင်း တက်လာတဲ့အစိုးရဟာ ပညာတတ်တွေ ဖြစ်လို့ပါပဲ။ ဘာသယံဇာတမှမရှိတဲ့ တိုင်းပြည်မှာ ပြည် သူဟာ သယံဇာတပဲဆိုတာ သူတို့ သိခဲ့ကြတယ်။ ပြည်သူတွေရဲ့ အရည်အချင်းတက်လာအောင်လုပ်မှ နိုင်ငံတိုးတက်မယ်ဆိုတာ သိတဲ့အတွက် ဒါကိုအလေးပေးပြီး လုပ်ဆောင်ခဲ့လို့ တိုးတက်သွားတာဖြစ်ပါတယ်။ တကယ်တော့ သဘာဝဓာတ်ငွေ့တို့ ဘာတို့ဆိုတာ တစ်ချိန်ချိန်မှာ ကုန် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံပြန်လည်တည်ထောင်ရာတွင် မျိုးဆက်သစ်လူငယ်တို့၏ အခန်းကဏ္ဍကို အဓိက ဦးစားပေး ပြောဆိုသွားခဲ့ပြီး အသက်မွေးဝမ်းကျောင်းပညာများ ယခုထက် ပိုမိုသင်ကြားပေးနိုင်ရန် ပြောဆိုခဲ့ကာ လူငယ်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော ပညာရပ်များဖြင့် ရပ်တည်နိုင်သော ခေတ်တစ်ခေတ် ရောက်အောင် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့ မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ် .  .
''ကျွန်မတို့နိုင်ငံမှာ အဓိကအားဖြင့် ပြည်သူတွေရဲ့ဘ၀ကို မြှင့်တင်ပေးဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်ရမယ်။ နှစ် ၂၀ အတွင်းလုပ်လာတဲ့ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ မ အောင်မြင်ခဲ့လို့ ပြည်သူတွေရဲ့ဘ၀ နိမ့်ကျလာတာ ဖြစ်ပါတယ်။ လူငယ်တော်တော်များများဟာ ဘွဲ့ရပြီး ဘာအလုပ် လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ဒါကြောင့် ပညာရေး စနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကို အများကြီး သင်ကြားပေးရပါမယ်။ ပညာသင်ပေးတယ်ဆိုတာ လောကကြီးမှာ လူပီပီရပ်တည်နိုင်ဖို့ဖြစ်တယ်လို့ နားလည်ပါတယ်။ ပညာတွေသင်ပြီး လောကကြီးမှာ လူပီပီမရပ်တည်နိုင်လို့ အရက်ဆိုင်သွားထိုင်နေတဲ့ လူငယ်တွေ အများကြီးပဲလို့ ကြားပါတယ်။ ဒီလူငယ်တွေ ယုံကြည်ချက်ရှိရှိ သိက္ခာရှိရှိနဲ့ နိုင်ငံရဲ့အနာဂတ်ကို ဖော်ဆောင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးရပါမယ်''ဟု ပြောကြားခဲ့သည်။

''နိုင်ငံဂုဏ်ရှိမှ ကျွန်မတို့ သိက္ခာရှိတယ်။ နိုင်ငံဂုဏ်သိက္ခာနဲ့ ကျွန်မတို့ ဂုဏ်သိက္ခာ ခွဲခြားလို့မရဘူး။ ဒီတော့ အတ္တပဲပြောပြော၊ ပရပဲပြောပြော နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်နိုင်မှ ကျွန်မတို့ သိက္ခာရှိတယ်ဆိုတာ အဖွဲ့ချုပ်ရဲ့ ယုံကြည်ချက်ဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
EMG 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis