menu

Wednesday 7 March 2012

ဟိုချီမင်းနှင့် ရန်ကုန်ကို ညီနောင်မြို့တော်အဖြစ် သတ်မှတ်ရေးအတွက် အပြန်အလှန် သဘောတူစာချုပ် ချုပ်ဆိုမည်













အနာဂတ်ကာလတွင် ဗီယက်နမ်၏မြို့တော် ဟိုချီမင်းနှင့် ရန်ကုန်မြို့တို့ အကြားတွင် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို အကျိုးတူပြုလုပ်နိုင်ရန် မျှော်မှန်းပြီး ညီနောင်မြို့တော်အဖြစ် သတ်မှတ်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား အပြန်အလှန် သဘောတူ စာချုပ်များကို မကြာမီ ချုပ်ဆိုသွားမည် ဖြစ်ကြောင်း ဗီယက်နမ်သံရုံးမှ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါ သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ရန်ကုန်မြို့တော်ခန်းမတွင် လာမည့် မတ်လ ၁၂ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တော်ဝန်နှင့် အဖွဲ့ သည် မြန်မာနိုင်ငံသို့ မတ်လ ၁၁ ရက်နေ့မှ ၁၅ ရက်အထိ ချစ်ကြည်ရေး ခရီးစဉ်လာရောက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့ တွင် ဟိုချီမင်းမြို့တော် ကောင်စီ၏ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင်ကြမည်ဖြစ်သည်။

ဟိုချီမင်းနှင့် ရန်ကုန်အကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဟိုချီမင်းမြို့တော် ကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မဒမ်ငုယင်သီဟောင် နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးတို့က လက်မှတ်ရေး ထိုးကြမည်ဖြစ်သည်။ အဆိုပါပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့လည်း ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ ဟိုချီမင်းမြို့မှ လာရောက်မည့် အဖွဲ့ဝင်များ အနေဖြင့် လေးရက်ကြာ လေ့လာရေးခရီးစဉ်တွင် မြို့နှစ်မြို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ၊ ဓာတ်ပုံပြပွဲများကိုလည်း ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံမြို့တော် ဟိုချီမင်းမှာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြို့ ၁၅ မြို့နှင့် ချိတ်ဆက်ပြီး စီးပွားရေး ဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ အနာဂတ်တွင် ဗီယက်နမ်နှင့် မြန်မာနိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုများအတွက် ယင်းကဲ့သို့ ညီနောင်မြို့တော်များ အဖြစ် ဆက်သွယ် ဆောင်ရွက်မှုနှင့် သဘောတူညီမှု ရရှိခြင်းမှာ အထောက်အကူ ဖြစ်နိုင်ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis