menu
Friday 3 February 2012
ဂျူး နှင့် ထွေရာလေးပါး
ကိုယ်ရေးချင်တာ ရေးလိုက်ရလို့  ကျေနပ်အားရမိတဲ့ စာအုပ်
          ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ပဲပေါ့။ ကိုယ့်အနေနဲ့လည်း အဲဒါကို သိပ်သဘော ကျပါတယ်။ အခုချိန်ထိလည်း ဒီစာအုပ်ကို ရေးမိတဲ့အတွက် နောင်တမရဘူးလေ။ ကျွန်မ ရေးလိုက်မိတယ်။ ပန်းချီလေးတွေလည်း ထည့်လိုက်တယ်။ စာရေးဆရာရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်တယ်။ ပရိသတ်ကို လုံးဝမငဲ့ဘဲ လုပ်လိုက်မိတာပေါ့နော်။ ပရိသတ်ကို အားနာပါတယ်။ ဒါပေမဲ့ ဖတ်ချင်တဲ့သူပဲ ဖတ်ပါ၊ မဖတ်ချင် မဖတ်ပါနဲ့၊ ကျွန်မကတော့ ကျွန်မကြိုက်သလို စိတ်ထဲက ခံစားချက်အတိုင်း ရေးလိုက်တာပါပဲ။ ၀တ္ထုတစ်ပုဒ်မှာ ရှိရတဲ့ ဖော်မြူလာတွေ၊ ဘောင်တွေကို ဘာမှ မစဉ်းစားဘဲ ရေးလိုက်တာ ဖြစ်တဲ့အတွက် Tempo တွေ ဘာတွေလည်း ညှိထားတာ ဘာမှမရှိဘူး။ ပန်းချီကိုတော့ ကျွန်မ ပိုပိုသာသာလေး ထည့်ရေးလိုက်တဲ့အတွက် မလိုချင်တဲ့သူကလည်း မယူဘူး၊ လိုချင်တဲ့သူက ယူတယ်ပေါ့နော်။
ရေးပြီးမှပြန်ပြင်ချင်တဲ့စာအုပ်
ိ
          ရေးပြီးမှ မှားသွားတာက လရဲ့ အောက်ဘက် မိုင်အဝေးမှာ ထဲက Counselling လုပ်တဲ့ အခန်းကို ပြောရမယ် Counselling က နောက်ပိုင်းမှ ပိုတွင်ကျယ်လာတာ။ အဲဒီအ ချိန် ၂၀၀၂ တုန်းက သိပ်ခေတ်မစားသေးဘူး။ ၂၀၀၄၊ ၂၀၀၅မှ ပိုခေတ်စားလာတာ။ ကျွန်မ အနေနဲ့ကလည်း သိပ်မသိလို့ မှားသွားတဲ့ အမှားလေးတွေ ပါပါတယ်။ အခန်းက အသံမလုံတော့ အထဲက ပြောသမျှကို အပြင်က ကြားရတယ်ဆိုတဲ့ အကြောင်းလေ။ အဲဒါကို ကလျာ မဂ္ဂဇင်းထဲမှာ Travelogue တစ်ခု ရေးရင်းက ထည့်ရေးထားပေးပါတယ်။ အဲဒါက မဖြစ်သင့်ဘူးလေ။ America ကို ရောက်လို့ သူတို့ Counselling အခန်းကို ကျွန်မ ကိုယ်တိုင် သွားကြည့်တော့မှ သိတာလေ။
ဝတ္ထုတွေရေးဖြစ်နေတဲ့ တွန်းအား
အချိန်အကြာဆုံးယူပြီးရေးရတဲ့စာအုပ်
          ကျွန်မ စာအုပ်တစ်အုပ်ကိုရေးရင် အနည်းဆုံး တစ်နှစ်ခွဲ-နှစ်နှစ် ကြာတယ်။ ရေးဖို့  စိတ်ထဲမှာ ရှိထားပြီးသားပေမယ့် ပြန်ရေးဖြစ်တဲ့အခါ ကြာသွားတာတော့ ပင်လယ်နှင့် တူ သော မိန်းမများ စာအုပ်ပါ။ Generation သုံးဆက်က အမျိုးသမီးတွေရဲ့ အကြောင်းကို ရေးဖို့ ၁၉၉၁-၉၂ လောက်ကတည်းက စိတ်ကူး ရှိခဲ့ပေမယ့် ၁၉၉၅-၉၆ မှ ရေးဖြစ်တယ်။ ဇာတ်လမ်းဆင်နေပြီး မရေးနိုင်ဘူး။ နည်းနည်းလေးမှကို မတို့နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒေါ်ငွေအိမ်ရဲ့ ခေတ်ကာလဆိုတာ ကျွန်မမှ မမီတာ။ အိမ်စိုးမေ ဆိုတာလည်း ကျွန်မ မမီဘူး။ ကျွန်မ မမီတဲ့ မျိုးဆက် နှစ်ဆက်အတွက် စာတွေ ဖတ်ရမယ်၊ လူတွေကို မေးရမယ် ဆိုတာ သိတော့ နည်းနည်း တွန့်နေတာပေါ့။ နောက်မှ ဖြည်းဖြည်းချင်း ပုံပြန်ဖော်ယူခဲ့တယ်။ အဲဒါကတော့ သန္ဓေတည်ဖို့ တော်တော် ကြာခဲ့တယ်လို့ ပြောရမယ်။
          နောက်တစ်ခုက ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ။ အဲဒါကလည်း ကိုယ်နဲ့ ဘယ် လိုမှ မဆက်စပ်တဲ့ တောင်တက်ဇာတ်လမ်း ၀တ္ထုဖြစ်တယ်။ ခါကာဘိုရာဇီတောင်ကို ကျွန်မ ချစ်တယ်လေ။ ရောက်ဖူးလို့တော့ မဟုတ်ဘူး။ ပုံတွေထဲမှာ မြင်ဖူးတာပဲ ရှိတယ်။ ကျွန်မကို ခါကာဘိုရာဇီတောင်အပေါ် စိတ်ဝင်စားအောင် ဆွဲဆောင်လိုက်တာကတော့ အင်္ဂလိပ်လူမျိုး ရူပဗေဒပညာရှင် ‘ကင်ဒမ်ဝပ်’ဆို သူပါပဲ။ သူ ရေးခဲ့တဲ့ ဆောင်းပါးတွေ ထုတ်ထားတဲ့ စာအုပ်ကို ဖတ်ပြီးတော့မှ ကျွန်မကို ခါကာဘိုရာဇီက ဆွဲဆောင်ခဲ့တာ။ နောက်ပြီး ခါကာဘိုရာဇီကို တက်တဲ့ ဂျပန်ကြီးတွေလေ။ ၁၉၉၅ မှာ မအောင်မြင်လို့ ၁၉၉၆ မှာ ထပ်တက်ခဲ့ တော့မှ အောင်မြင် သွားတာလေ။ အဲဒီအချက်ကလည်း ခါကာဘိုရာဇီက ကျွန်မကို ဆွဲဆောင်ထားတာ။ အဲဒီနောက်ပိုင်း ကျွန်မ အမေရိကကို ရောက်သွားတယ်။ အဲဒီအချိန်က သူတို့ဆီမှာတော့ ဧ၀ရက်တောင်တက်တဲ့ မှတ်တမ်းကားကို ကျွန်မ ကြည့်ရတယ်။ ပြီးတော့ Into Thin Air ဆိုတဲ့ စာအုပ်ကို ၀ယ်ပြီးဖတ်တယ်။ ကိုယ်တိုင် တောင်တက်ခဲ့သူ တစ် ယောက်ရဲ့ အတွေ့အကြုံတွေ ရေးထားတာလေ။ အဲဒါနဲ့ တောင်ရဲ့ Atmosphere ကို ကျွန်မ ရနေတာ။ ၁၉၉၇-၉၈ လောက် ပေါ့နော်။ ၁၉၉၉မှာ ပြန်ရောက်လာပြီး ၂၀၀၀ ပြည့် နှစ်မှာ ရေးတယ် ၂၀၀၂ခုနှစ်ကျမှ ထုတ်ဖြစ်တယ် ဆိုတော့ သူ ကလည်း တော်တော်တော့ ကြာတယ်။
စိတ်တိုင်းအကျဆုံးရုပ်ရှင်
          ကျွန်မ၀တ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်တဲ့အထဲမှာ အားလုံးအပီဆုံးဆိုရင်တော့ တစ်ခါ က ဧရာဝတီညများ ကို ညွှန်းရမယ်။ တောရှုခင်းလေးတွေ၊ တောဇာတ်ကောင်လေးတွေနဲ့ ပြတဲ့ ပြကွက်လေးတွေကို ကျွန်မ စိတ်တိုင်းကျတယ်။ သရုပ်ဆောင်တွေကလည်း ကြိုးစားပါတယ်။ ထွန်းအိန္ဒြာဗို ဆိုရင် တော်တော်ကောင်းပါတယ်။ သရုပ်ဆောင်သွားတာ အပိုအလို လုံးဝ မရှိပါဘူး။ မေသန်းနုလည်း တော်တော့်ကို ကောင်းတယ်။ မင်းဟိဏ်းလည်း အပိုအလို မရှိဘူး။ ကိုလွင်မိုးကျတော့ ဟာသကွက်လေး နည်းနည်းလေး များတယ်။ အဲဒါကလည်း ဇာတ်ညွှန်းက ပျင်းစရာ ကောင်းတယ်ဆိုတော့ သူလည်း ဒါရိုက်တာ တစ်ယောက်၊ မင်းသား တစ်ယောက်၊ ထုတ်လုပ်သူ တစ်ယောက်အနေနဲ့ ပရိသတ်ကို နည်းနည်း Relax ဖြစ်အောင် လုပ်ပေးလိုက်တဲ့ သဘောလို့ ထင်တယ်။ ဒါကြောင့် ကျွန်မရဲ့ နဂိုမူလ ဟင်္သာနဲ့ နည်းနည်းလေးတော့ ကွာတာပေါ့နော်။ အဲဒါပါပဲ။ ကျန်တာကတော့ ပြောစရာမရှိပါဘူး။ ဒါရိုက်တာ အနေနဲ့လည်း တော်ပါတယ်၊ ကောင်းပါတယ်။ သူ လေးနှစ်လောက် အချိန်ယူ ပြီး ရိုက်ခဲ့တယ်။ ပြောစရာ တစ်ခုပဲရှိတာက ဇာတ်ညွှန်းက ဖြစ်သင့်တာထက် ပိုလေးနေ တာပါပဲ။ ပရိသတ်ကို မငဲ့ဘဲ ကျွန်မတို့ လုပ်ခဲ့ကြတာလေ။ အဲဒီ ဇာတ်ညွှန်းက တော်တော်ညံ့တဲ့ ဇာတ်ညွှန်းပါ။ ဇာတ်ညွှန်းတစ်ခု ရေးတဲ့အခါ လိုက်နာရတဲ့ Formula ရှိရတယ်။ အဲဒီ Formula ကို ကျွန်မက လုံးဝ လှည့်မကြည့်ဘဲနဲ့ ၀တ္ထုကိုပဲ ပုံမပျက်အောင် လုပ်လိုက်တာ။ ကိုယ်မတတ်တာလည်း ပါပါတယ်။ အချိန်က နှစ်နာရီစာပဲ ရတယ်။ ဒါပေမဲ့ ကိုယ်က ထည့် ချင်တာတွေ များနေတယ်။ ၀တ္ထုရေးရတာနဲ့ ဇာတ်ညွှန်းရေးရတာက မတူဘူးလေ။ နောက် ပြီး ရုပ်ရှင်ကြည့်တဲ့ ပရိသတ်နဲ့ ၀တ္ထုဖတ်တဲ့ ပရိသတ်ရဲ့စိတ်ရှည်မှုက မတူဘူးလေ။ ရုပ်ရှင် ပရိသတ်က အဲဒီလောက် စိတ်မရှည်ကြဘူးလေ။
ဇာတ်ကောင်ကြောင့် ကိုယ့် Theme ကို ပြောင်းရတာ
          အဲဒါမျိုး လေး-ငါးပုဒ်လောက် ရှိတယ်။ ဥပမာတွေနဲ့ ပြောပြရမယ်ဆိုရင် ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ မှာ ဒီဇာတ်ကောင် အမျိုးသမီးကို ဒီလိုချမိတဲ့အတွက် ဒီလိုပဲ ဇာတ်သိမ်း ရမှာပဲ။ ကိုယ်ဘယ်လိုပဲ ပြောင်းသိမ်းချင်ပေမယ့် မရဘူး။ နောက်တစ်ခုက ပင်လယ်နှင့် တူသော မိန်းမများ ထဲက အိမ်စိုးမေရဲ့ ဇာတ်ရုပ်။ အိမ်စိုးမေရဲ့ ဇာတ်ရုပ်ကို ကျွန်မ ဒီလိုပုံဖော် ပြီးတဲ့နောက်မှာ အိမ်စိုးမေဟာ ဘယ်လိုမှ ပျော့ပျောင်းနူးညံ့တဲ့ မိန်းမ မဖြစ်နိုင်တော့ဘူး။ အချစ်အတွက်ဆို စွန့်စားတဲ့မိန်းမ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ပေါ့နော်။ ဒါပေမဲ့ ကျွန်မ သူ့ ကို ဘယ်လောက်ထိအောင် မြင့်မြတ်မှု ပေးထားလဲဆိုရင် တိုက်ပွဲကိစ္စမှာ သူက ဟင်္သာကို စိုးရိမ်တဲ့အခါ ကျတော့ ဟင်္သာက သူ့ရှေ့ကနေ မခံချင်စိတ်နဲ့ တက်တော့ သူတို့ ပဋိပက္ခ ဖြစ်ကြတယ်လေ။ အဲဒါကြောင့် အိမ်စိုးမေက လိုက်ဆွဲတာ ပေါ့။ အဲဒါက ရုပ်ရှင်ထဲမှာပေါ့နော်။ ၀တ္ထုထဲမှာကျတော့ ဟင်္သာက မပုန်းတတ်ဘူးလေ။ စစ်တိုက်တဲ့နေရာမှာလည်း မ ကျွမ်းကျင်ဘူး ဆိုတော့ သူက ရှေ့ကနေ ကိုးလိုးကန့်လန့်ဖြစ်ပြီး ၀ပ်နေခိုင်းတဲ့ကြားက ကြွလာတော့ စိုးရိမ်ပြီး လှမ်းဆွဲလိုက်တာ၊ အဲဒီမှာ ကျည်ဆံ မှန်သွားတယ်။ အိမ်စိုးမေဟာ ဒီလို ပဲ ဖြစ်ရမှာပဲ။ ဟင်္သာဟာ ဉာဏ်လည်း သိပ်မကောင်းဘူး။ ပညာလည်း မတတ်တဲ့သူ ဆိုတော့ ဒီလိုပဲ ဖြစ်မှာပဲ။ စစ်အတွေ့အကြုံလည်း မရှိဘူး။ အဲဒီလိုမျိုး ဇာတ်ဆောင်အတိုင်းပဲ နောက်က လိုက်ရတာပေါ့။ တကယ်တော့လည်း စာရေးဆရာအနေနဲ့ အိမ်စိုးမေကို ဘယ် သေစေချင်ပါ့မလဲ။ ဒါပေမဲ့လည်း ဒီလိုပဲ လုပ်လိုက်ရတာပေါ့နော်။
အကြိမ်ကြိမ်ပြန်ပြင်ခဲ့တဲ့ ဇာတ်သိမ်း
          ခုနောက်ပိုင်းမှာ ရေးတုန်းကတစ်မျိုး၊ ပြန်ဖတ်တော့ နောက်စိတ်ကတစ်မျိုး ဖြစ်တာမျိုးတော့ ရှိတယ်။ နောက်ပိုင်း သုံး-လေးအုပ် မှာတော့ ပြန်ပြင်တယ်။ အထပ်ထပ် ပြန်ပြင် ဖြစ်တယ်။ မပြီးနိုင်အောင် ပြင်တယ်။ ဒါပေမဲ့ ၀တ္ထုကို ထုတ်လိုက်ပြီးတဲ့အခါမှာတော့ ဒါကို ဒီလို သိမ်းလိုက်ရရင် ကောင်းမှာ ဆိုတဲ့ ဇာတ်သိမ်းမျိုးတော့ မရှိပါဘူး။
အကြိမ်အများဆုံးပြန်ဖတ်ခဲ့ရတဲ့ ဇာတ်လမ်း
          ဒါက နောက်ပိုင်းကျမှရှိတာ။ အရင်ကတော့ ကျွန်မအနေနဲ့ အသက်လည်း ငယ် သေးလို့လား မသိဘူး၊ ရေးလိုက်ရင် ပြန်ပြင်ရတဲ့ ဥစ္စာ မရှိဘူး။ ဇာတ်သိမ်းပြီးတဲ့ အထိအောင် လုံးဝ ပြန်လှည့်ကြည့်စရာ မလိုဘူး။ ချက်ချင်းမပြင်ဘဲ ခဏလေးထားပြီး တစ်ခါပြန် ဖတ်တယ်။ ဘာမှ ပြင်စရာ မရှိဘူး။ အခုနောက်ပိုင်းမှာ ခဏခဏ ပြင်ရတယ်။ ဘယ်ကစ ပြင်ရသလဲဆိုရင် နံရံ၏အခြားတစ်ဖက်မှာ အဲဒီမှာ နည်းနည်းပြင်ရတယ်။ နည်းနည်းပြင်ရ တယ်ဆိုတာ ဇာတ်လမ်းကို ပြင်ရတာ မဟုတ်ဘူး၊ ဇာတ်သိမ်းကို ပြင်တာ မဟုတ်ဘူး၊ စကားလုံးတွေ၊ Presentation ကို ပြင်ရတာ။ အဲဒီထဲမှာ နှောင်းက ဆရာ့လက်ပေါ်မှာတင် သေသွားတာကိုး။ နှောင်းကို ဆေးရုံမှာထားခဲ့ပြီး ဆရာပြန်လာတဲ့ အိမ်အ၀င်ပေါ့။ အဲဒီအိမ် အ၀င်ကို စိတ်တိုင်းမကျလို့ အဲဒါကို နှစ်ခါ-သုံးခါလောက် ပြန်ရေးရတာ။ အဲဒီဇာတ်သိမ်း ပိုင်း။ ဒါပေမဲ့ ထွက်သွားပြီးတဲ့နောက်မှာ ဒါကို ပြန်ပြင်ချင်လိုက်တာ ဆိုပြီး မရှိဘူး။ ရေးပြီး တော့ ကျေနပ်သွားတယ်။ ဒါပေမဲ့ ခဏခဏ ပြန်ပြင်ချင်တာကတော့ ဟိုတစ်လောက ထွက်သွားတဲ့ စောင့်နေမယ်လို့  မပြောလိုက်ဘူး
          အသက်အရွယ်ကြီးလာလို့ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျတာ များလာလို့လား မသိ ဘူး။ ရေးချင်ပြီး မရေးနိုင်တဲ့ အကြောင်းအရာတွေကလည်း အများကြီးရှိတော့ ပထမဆုံးအခေါက်မှာ မရေးတော့ပါဘူးဆိုပြီး ထားလိုက်ပေမယ့် နောက်တစ်ခေါက် ပြန်ဖတ်တော့ ဒါက ပါသင့်တယ်လို့ ပြန်စဉ်းစားပြီး ရေးမိတာ၊ ထည့်မိတာ ရှိပါတယ်။ အဓိကက အသက်ကြီး လာတော့ ဘာကိုမှ စိတ်တိုင်း မကျတော့တာပါ။ စိတ်တိုင်းကျအောင် အထပ်ထပ် ဖတ်ရတော့လေ။ အဲဒီသဘောလို့ ထင်တာပဲ။
စောင့်နေမယ်လို့  မပြောလိုက်ဘူးမှာ
          ရသပိုင်း အားနည်းတယ်လို့ ဝေဖန်ကြပါတယ်။ သုတပိုင်း ပိုများပါတယ်။ လူငယ်တွေအတွက် အကျိုးအမြတ်ရှိတယ်လို့ ပြောကြတာပါပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အဲဒီလို ကြားရတာ ပျော်ပါတယ်။ တတ်နိုင်ရင်တော့ ရသရော၊ သုတရော၊ အတူတူ ပေါင်းမိရင် တော့ ပိုကောင်းတာပေါ့။ ကျွန်မကို ဝေဖန်တဲ့၊ အမြဲ Interview လုပ်နေကျ ဆရာကိုခင် မောင်ဇော်က ပြောဖူးတယ်။ ပရိသတ်ကို ပေးချင်တဲ့ Message ဒါမှမဟုတ် စိတ်စေတနာတွေ အဲဒါတွေ များတယ်၊ ဒါပေမဲ့ အဲဒါကိုပဲ ရင်ထဲထိအောင် လုပ်ရတာပေါ့နော်၊ ဒါပေမဲ့ အဲဒီလို ရင်ထဲကို တိုက်ရိုက်မထိဘဲ ကျွန်မက ခေါင်းကို သွားပစ်တာတဲ့။ ဦးနှောက်ကို သွား ထိတာတဲ့။ အဲဒီလို မထိပါစေနဲ့တဲ့။ ရင်ကို ထိအောင်ပဲ လုပ်ပါတဲ့။ ရင်ကိုထိမှ ဦးနှောက်ကို ထိမှာတဲ့။ သူက အဲဒီလို စကားလုံးလှလှလေးနဲ့ ပြောတာ။ ကျွန်မ ပြန်မပြောတတ်ဘူး။ တော်တော်လေး ကောင်းပါတယ်။ ဒါအမှန်ပဲလေ။
မကြာခဏပြန်ခံစားမိတဲ့ ၀တ္ထု
          မကြာမကြာတော့ ပြန်မခံစားဖြစ်ဘူး။ ကိုယ့်ဝတ္ထုထက် သူများဝတ္ထုဖတ်ဖို့  အချိန် ကလည်း လိုသေးတာကိုး။ ဒီတော့ မဖတ်ဖြစ်ဘူး။ တစ်ခါတလေ စာအုပ်တွေ ရှင်းရင်း ကောက်ဖတ်ဖြစ်တာမျိုးတော့ ရှိတယ်။ အကုန် အစအဆုံးတော့ ပြန်မဖတ်ဖြစ်ဘူး။ နည်းနည်းပါးပါး ပြန်လှန်ဖြစ်တာမျိုးပဲ ရှိတယ်။
ရေးတုန်းကခံစားမှုနဲ့ ပြန်ဖတ်တဲ့ ကွာခြားချက်
          ခံစားမှုက ဒီအတိုင်းပါပဲ။ တချို့ကျတော့ ရေးတုန်းက ကိုယ်ရေးခဲ့တဲ့ဇာတ်ကောင်နဲ့ စကားလုံးတွေဟာ အခုအချိန်မှာ တစ်ခါတစ်ခါ နည်းနည်းပါးပါး ရယ်စရာ ကောင်းနေတာ မျိုး ဖြစ်တတ်တယ်။ ဒါ ငါငယ်ငယ်တုန်းက အတွေး၊ ကလေးအတွေးမို့လို့သာ ဒီလိုရေး လိုက်တာဆိုပြီး တွေးမိတာပေါ့။ ဒါကို နောင်တရတာ မဟုတ်ဘူး။ အဲဒီအရွယ်မှာ ရေးတာ ဟာ အဲဒီလိုပဲ ဖြစ်မှာပဲလေ။ အခုအချိန်မှာ ဒီလိုမှ ရေးနိုင်ပါ့မလားလို့ ပြန်တွေးမိတာပေါ့။
ဆရာဝန်နဲ့ လူမှုရေးလုပ်ငန်း
          အဲဒါက ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုပေါ့။ ဆရာဝန်ဆိုရင် လူတွေက ဘယ်လိုထင်လဲ ဆိုတော့ အသက်ကိုကယ်တယ်၊ အကျိုးကိုပဲ ပြုတယ်၊ အကျိုးကို မယုတ်စေဘူး ဆိုပြီးတော့ ယုံကြည်တာပေါ့။ အဲဒီလို ယုံကြည်မှုကို ရတဲ့အတွက် ကံကောင်းတာပေါ့။ ဆရာဝန်တွေမို့  Fundation မှာ ပိုပြီးအောင်မြင်တာဘာညာ  ရှိချင်လည်း ရှိမှာပေါ့နော်။ ကျွန်မအနေနဲ့ တော့ ဆရာဝန်တွေ လူမှုရေုးလုပ်တာ ကောင်းပါတယ်။ ကျန်တဲ့သူတွေ၊ အဆိုတော်တွေ လည်း လူမှုရေးလုပ်ကြဖို့ ပြောချင်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်တစ်နိုင်လေး လူမှုရေး လုပ်ကြဖို့  အရေးကြီးတာပေါ့နော်။ အဖွဲ့အစည်း အကြီးကြီးမဟုတ်ဘဲ လက်တစ်ဆုပ်စာကပဲ တကယ့် Commit လုပ်တဲ့သူ လိုပါတယ်။ စိတ်စေတနာကောင်းတဲ့သူ၊ အတန်းပညာ လည်း ကောင်းတဲ့သူတွေက တတ်နိုင်သလောက် အများကြီးဆောင်ရွက်နိုင်ဖို့ပါပဲ။ လူမှု ရေးလုပ်ဖို့ ကျွန်မက အားပေးပါတယ်။ ဒါက အရွယ်ပေါ်မှာ မူတည်တယ်လေ။ အသက် နည်းနည်း ကြီးလာမှလည်း လူမှုရေး လုပ်ဖြစ်တာကိုး။ အသက်ငယ်ငယ်မှာက ပညာဆို လည်း ပညာ၊ စီးပွားဆိုလည်း စီးပွားကို တတ်အားသရွေ့ လုပ်နေကြတာကိုး။ အသက် နည်းနည်း ကြီးလာတော့မှ ဒါတွေအပြင် နောက်ထပ် လိုနေတာလေးတွေ ရှိသေးပါလားဆို ပြီး သိလာတာ။ လူ့ဘ၀ဆိုတာ မသေဘူး ဆိုတာ မရှိဘူးလေ။ ဒီတော့ ကိုယ့်ဘ၀ အဓိပ္ပာယ် ကို ကိုယ်ပဲ ဖော်ရမှာလေ။ လူမှုရေးလေးတော့ လိုပါတယ်။ တစ်နိုင်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင် ကို Contribute လုပ်ဖို့ပေါ့။ ကိုယ့်တိုင်းပြည်တစ်ခုလုံး မဟုတ်တောင်မှ ကိုယ့်မိသားစု၊ အ သိုင်းအ၀ိုင်း၊ Small Community ပေါ့။ အဲဒီကနေမှ Big Community။ ကိုယ့် မြို့၊ ကိုယ့်နိုင်ငံ အဆင့်ပေါ့နော်။
ဆရာဝန်အားနဲ့ စာရေးဆရာအား
          လူတွေပြောတာတော့ ကလောင်သွားက တော်တော်ထက်တယ်တဲ့။ ဆရာဝန်တစ် ယောက်က လူနာတွေ အများကြီးကို ကုသပေးနိုင်သလို လူနာတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းပေါ့။ စာရေးဆရာကျတော့ နိုင်ငံတစ်ခုလုံးထိ ပျံ့နှံ့နိုင်တယ်။ တချို့ဆို တစ်ကမ္ဘာလုံး ပေါ့နော်။ စာရေးဆရာရဲ့ အနေအထားက ပိုပြီးကြီးတာပေါ့။ တကယ်တော်ရင်ပေါ့လေ။ လူပေါ်မှာ မူတည်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ထက် စာရေးဆရာက ပိုပြီး Influence ဖြစ်တယ်လို့ ထင်ပါတယ်။
(၂၀၀၇၊ Life Style မဂ္ဂဇင်း)
Ju Facebook Page မှ
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
ShareThis