menu

Friday 3 February 2012

‘ ဒီနှစ်အကယ်ဒမီပွဲက ကျွန်တော့်အတွက် ခံစားမှု ရသတစ်မျိုး ဖြစ်နေမှာပေါ့’ ၊ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း




e4442 စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ အနုပညာရှင်တစ်ယောက်ကို ပရိသတ်တွေက အောင်မြင်တဲ့ ဟစ်ဟော့ အဆိုရှင် တစ်ယောက်အဖြစ် အမြဲတွဲပြီး မှတ်မိကြမှာပါ။ ဂီတအနုပညာ သာမက သရုပ်ဆောင်မှုပိုင်းကိုပါ အနုပညာလောက ထဲ စရောက်ကတည်းက လှုပ်ရှားခဲ့သူမို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သရုပ်ဆောင်မှု အရည်အသွေးကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ပရိသတ်တွေနဲ့ အနုပညာ မောင်နှမတွေက စိုင်းစိုင်းလို့ ချစ်ခင်ရင်းနှီးစွာခေါ်ကြတဲ့ သူ့ရဲ့သရုပ်ဆောင်မှု အရည်အသွေးကို ၂၀၁၁ ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ‘ အာဒံရယ် ဧ၀ရယ် ဒဿရယ်’  ရုပ်ရှင်ကားမှာတော့ အားလုံးဆီက ခိုင်မာတဲ့ အသိအမှတ်ပြုမှု တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်၊ ဖေဖော် ၀ါရီလ ၇ ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီဆု ချီးမြှင့်ပွဲရဲ့ အမျိုးသားဇာတ်ပို့ ဆုအတွက်ကိုလည်း စိုင်းစိုင်းခမ်းလှိုင် ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်လာပါတယ်။ ၂၀၁၁ ခုနှစ်ကစလို့ ဇာတ်ကားရိုက်ကူးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာသလို ပြီးခဲ့တဲ့ ပွင့်လင်းရာသီရှိုးပွဲတွေမှာလည်း ဖျော်ဖြေမှုတွေ အများအပြားလုပ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့အခါ . . . .

 မေး- ရှိုးပွဲရာသီမှာ ကားရိုက်တွေစိပ်လာတဲ့ အတွက်ညှိရတာ အခက်အခဲဖြစ်ခဲ့လား။
ဖြေ - ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကနေ ဇန်န၀ါရီလ နောက်ဆုံးပတ်အထိ ကျွန်တော်ဗီဒီယို လုံးဝမရိုက်ဘဲ ရှိုးပွဲ တွေဆိုပါတယ်။ အခုဒီတစ်ကားက နေပြီးတော့ သင်္ကြန်မတိုင်ခင် မွေးနေ့အထိ ဇာတ်ကားတွေရိုက်ပါမယ်။
မေး- စိုင်းစိုင်းအနေနဲ့ အခုဇာတ်ကားတွေ ဆက်တိုက်ရိုက်နေတာဆိုတော့ ဘယ်လိုဇာတ်ကား တွေ သရုပ်ဆောင်ဖြစ်တာ များလဲ။
ဖြေ - ဒီရက်ပိုင်းတော့ “သမိုင်းသစ် ကောင်းကင်” ဆိုတဲ့ဇာတ်ကားလေး ရိုက်ဖြစ်နေပါတယ်။ အချစ်နဲ့ဟာသ ကားလေးတွေ ပိုရိုက်ဖြစ်ပါတယ်။ ဒရမ်မာလည်း ရိုက်ဖြစ်ပါတယ်။ အက်ရှင်တို့ သည်းထိတ်ရင်ဖို ဇာတ် ကားတို့လည်း ရိုက်ချင်ပါတယ်။
မေး- ပရိတ်သတ်တွေက စိုင်းစိုင်းကို ဖန်စီ ဇာတ်ကားလေးတွေနဲ့ ပိုလိုက်တယ်။ ဒရမ်မာ သရုပ်ဆောင်မှုတွေကို သိပ်အားမရဘူးဆိုတဲ့ ဝေဖန်မှုတွေအပေါ် စိုင်းစိုင်းရဲ့သဘောထားက။
ဖြေ - ပရိသတ်တွေက ကျွန်တော်တို့ အနုပညာရှင်တွေအတွက် တကယ့် စားသုံးသူ အစစ်အမှန်တွေပါ။ ဥပမာ ကျွန်တော် မုန့်ဟင်းခါးရောင်းတယ် ဆိုပါတော့။ ၀ယ်စားတဲ့သူတွေက မကောင်းဘူးပြောရင် ဒါမကောင်းတာ သေချာတယ်။ ပရိသတ်တွေက ကျွန်တော့်ကို ဒရာမာကားရိုက်တာ မလိုက်ဘူးလို့ပြောရင် ကျွန်တော် ဒရာမာမှာ ညံ့နေသေးလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်။ လိုက်တယ်၊ ကောင်းတယ်ဆိုတာမျိုး ဖြစ်လာတဲ့ တစ်နေ့ ရောက်အောင်လည်း ကြိုးစားနေပါတယ်။
မေး- မွေးနေ့မှာ Birthday Show လုပ်ဖို့ အစီအစဉ်ကို ပရိသတ်အတွက် ပြောပေးပါဦး။
ဖြေ - မွေးနေ့ရှိုးလုပ်ဖြစ်မှာပါ။ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ဘယ်နေရာ မှာ လုပ်မယ်ဆိုတာတော့ ပြန်ပြီးတော့ ကြေညာပါမယ်။
မေး- နောက်ထွက်မယ့် စီးရီးကရော အခြေအနေဘယ်လိုရှိလဲ။
ဖြေ -သီချင်းတွေကတော့ တော်တော်လေးစုမိ၊ ဆောင်းမိဖြစ်နေပါပြီ။ ဘယ်နေ့ မွေးဖွားလာမလဲဆိုတဲ့ Due Date တော့ မထွက်သေးပါဘူး။ ဆိုတဲ့အပိုင်းမှာတော့ တော်တော်များများ ပြီးနေပါပြီ။
မေး- ‘အာဒံရယ်၊ ဧ၀ရယ်၊ ဒသရယ်’ဇာတ်ကားမှာ စိုင်းစိုင်းကို ဇာတ်ပို့ဆုအတွက် အကယ်ဒမီမှန်းကြတဲ့ အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ - ဒီကားက ပရိသတ်ကြားမှာ အောင်မြင်ထားတဲ့ ကားတစ်ကားဖြစ်တာကြောင့် ဒါရိုက်တာ၊ သရုပ်ဆောင် တွေ အကယ်ဒမီရမယ်လို့ ပြောကြပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဘက်ကလည်း ၀မ်းသာပါတယ်။ အကယ်ဒမီမှာ ကျွန်တော့်ထက်ပိုပြီး ထူးချွန်တဲ့သူတွေ၊ ရသင့်တဲ့သူတွေ ရကြမယ်လို့ပဲ ထင်ပါတယ်။
မေး- ဒီကားလေးက အောင်မြင်မှုရတဲ့ အတွက် နောက်ရိုက်မယ့် ဇာတ်ကားတွေအတွက် ဆက်လျှောက်မယ့် အနုပညာလမ်းအတွက် ဘယ်လို အခြေအနေမျိုးရှိသွားလဲ။
ဖြေ - ကိုယ်ပါဝင်တဲ့ ဇာတ်ကားက အောင်မြင်ခဲ့တယ်။ ပရိတ်သတ် အားပေးခဲ့တဲ့အတွက် ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုရှိလာတယ်။ အနုပညာ ခွန်အားတစ်ခုလည်း ရလာတယ်။
မေး- ‘ အာဒံရယ် ဧ၀ရယ် ဒဿရယ်’ ဇာတ်ကားက ဇာတ်ကောင်စရိုက်က စိုင်းစိုင်းရဲ့ သီချင်း တချို့ထဲက အချစ်ခံစားမှုမျိုး ဖြစ်နေတဲ့အတွက် သရုပ်ဆောင်တဲ့အခါမှာ ပိုပြီး အဆင်ပြေသွားတာ မျိုးဖြစ်လား။
ဖြေ - ဇာတ်ကားရိုက်တဲ့အခါ ဒီကားမှ မဟုတ်ပါဘူး။ တခြားကားတွေမှာရော ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ ရရှိခဲ့တဲ့ ဒဏ်ရာအနာတရ၊ ကိုယ်ဖတ်ခဲ့တဲ့စာ၊ ကိုယ်ကြည့်ခဲ့တဲ့ ရုပ်ရှင်၊ ကိုယ်နားလည်ခဲ့တဲ့ အနုပညာ၊ အဲဒါတွေအားလုံးက အထောက်အကူ ဖြစ်စေပါတယ်။
မေး- ဒီနှစ် အကယ်ဒမီပွဲ တက်ရတဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားမှု တစ်ခုခုထူးခြားနေတာမျိုး ရှိလား။
ဖြေ - ကျွန်တော့်အနေနဲ့ အရင်နှစ်တွေတုန်းကတော့ အကယ်ဒမီပွဲကို အေးအေးလူလူ ပျော်ပျော်ပါးပါး သွားခွင့်ရပေမယ့် ဒီနှစ်မှာတော့ အားလုံး က အကယ်ဒမီလို့ ၀ိုင်းပြီးမေးနေကြတာတွေကို မပြီးမချင်း ဖြေရှင်းနေရမယ့် သဘောမှာရှိပါတယ်။ အတန်းထဲမှာ စာသိပ်မတော်ပဲနဲ့ အောင်စာရင်း ထွက်ခါနီးအချိန်ရောက်မှ ဘာသာစုံဂုဏ်ထူး ထွက်မှာလားလို့ ခဏခဏ အမေးခံရသလိုမျိုး ဖြစ်နေတယ်။ အဲဒီအခြေအနေကြောင့် ဒီနှစ်အကယ် ဒမီပွဲက ကျွန်တော့်အတွက် ခံစားမှု ရသတစ်မျိုး ဖြစ်နေမှာပေါ့။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis