menu

Friday 3 February 2012

ကားအရောင်းစင်တာအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်



ပြည်တွင်းကားအရောင်းဝန်ဆောင်မှုစင်တာအသစ်တစ်ခုကို တိုးချဲ့ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ RAN SPEED AUTO CENTRE အမည်ရှိ အဆိုပါကားအရောင်းစင်တာကို ယနေ့မှစတင်ကာ ဥက္ကလာပဘုရားအနီး တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်မယ့် အစီအစဉ်တစ်ခုကို စီစဉ်နေပါတယ်။ လုပ်ဖို့ကတော့ သေချာသလောက်ပဲ။ ဘဏ်တွေနဲ့ ညှိနှိုင်းနေပြီးဘဏ်တွေကနေ အာမခံပေးရင် အကောင်အထည်ဖော်သွားမှာပါ။
ဒီကားအရောင်းစင်တာကို လူလတ်တန်းစားတွေအတွက်ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်လို့ သင့်တင့်တဲ့နှုန်းထားနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်” ဟု အဆိုပါကားစင်တာမှ ဦးအေးမင်းရှိန်ကပြောသည်။ အဆိုပါကားအရောင်းစင်တာမှာ SAKURA ကားအရောင်းစင်တာမှ ခွဲထွက်ဖွင့်လှစ်ခြင်းဖြစ်သည်။ စလစ်တစ်ရွက်ရှိပါက အဆိုပါ အရောင်းစင်တာတွင်ရှိသည့်ကားများကို သိန်း ၁၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ရန်စီစဉ်ထားပြီး စလစ်မရှိပါကလည်း သတ်မှတ်ထားသည့်နှုန်းထားများအတိုင်း ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း လက်ရှိဂျပန်ကားအမျိုးအစားအများစုကို ပြသထားကြောင်းသိရှိရသည်။ အရောင်းစင်တာတွင် ပြထားသည့်ကားများကို ၀ယ်ယူနိုင် မည့်အပြင် အွန်လိုင်းမှ ၀ယ်ယူနိုင်ရန်အတွက်လည်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “ကားဝယ်မယ်ဆိုရင် နေရာတစ်ခုတည်းမှာ မ၀ယ်ဘဲနဲ့နေရာတွေစုံအောင် လိုက်လံစုံစမ်းပြီး ၀ယ်ယူသင့်ပါတယ်။ ကိုယ်ဝယ်မယ့်ကားနဲ့ ပတ်သက်ပြီးတော့ သေချာစဉ်းစားဖို့လိုအပ်တယ်” ဟု ကားဝယ်ယူမည့်သူများအား ၎င်းကအကြံပြုပြောကြားသည်။ SAKURA ကားအရောင်းစင်တာအနေဖြင့် ယခုဖွင့်လှစ်လိုက်သည့် RAN SPEED ကားအရောင်းစင်တာအပြင် ဆက်လက်၍ ကားအရောင်းစင်တာများ တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း တတိယမြောက် ကားအရောင်းစင်တာကို နေပြည်တော်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားမှ ကားတိုက်ရိုက်ဝယ်ယူရန် အခက်အခဲရှိသော ကားပိုင်ရှင်များအတွက် အလွယ်တကူဝယ်ယူနိုင်ရန် ကားအရောင်းစင်တာများကို သက်ဆိုင်ရာက ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိဖွင့်လှစ်ထားသော ကားအရောင်းစင်တာအချို့မှာ Sandar Service Co.,Ltd မှဖွင့်လှစ်သောကားစင်တာ၊ Sakura Technical Service Co.,Ltd မှဖွင့်လှစ်သော ကားစင်တာ၊ Diamond Auto Service Co.,Ltd မှဖွင့်လှစ်သော ကားစင်တာနှင့်ယခုဖွင့်လှစ်သော RAN Speed Auto Centre တို့ဖြစ်ကြောင်းသိရသည်။
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis