menu

Friday 3 February 2012

ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း



နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆိုရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
  7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis