menu

Sunday 19 February 2012

ဂျာနယ်လောကတွင် တစ်ဖက်သတ် လိုက်၍ ရေးသားမှုများ ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး မေးခွန်းကို ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မေးမြန်း




ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှောက်မှ ပျောက်ကွယ်သွားရေး မေးခွန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက မေးမြန်းခဲ့သည်။ ရွှေပြည်သာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင်ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် “နိုင်ငံတော်ရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်ဘက်လိုက်၍ အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး၊ ပြည်သူ့လိုအင်ဆန္ဒ အမှန်အမှားကို သမာသမတ်ကျကျ၊ သိက္ခာရှိရှိ မျှတစွာ ရေးသားထုတ်ဝေသော တိုင်းကျိုးပြည်ပြုဂျာနယ်များ ထွက်ပေါ်လာရေး၊ ၀ါသနာအရင်းခံပြီး ၀င်ရောက်လုပ်ကိုင်သောယုံကြည်ချက်၊ ခံယူချက်ရှိသည့်သူများ စိတ်အေးချမ်းသာစွာ သင့်တင့်သော အရင်းအနှီးဖြင့် ဂျာနယ်များ ထုတ်ဝေရပ်တည် နိုင်ရေးအတွက် စည်းကမ်းမဲ့ငွေရှာ၊ စီးပွားရှာသူများ လျော့နည်းပပျောက်လာရေးနဲ့ ဂျာနယ်လောကမှ လူငယ် သတင်းထောက်များ ယခုထက်ပိုမို အရည်အသွေးမြင့်မားလာရေး တို့အတွက် မည်သို့အကာအကွယ်ပေး ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက “မီဒီယာကဏ္ဍမှ ဂျာနယ်လောကတွင် တစ်ဖက်သတ်လိုက်၍ ရေးသားသော အရေးအသားများ ပြည်သူ့ရှေ့မှ ပျောက်ကွယ်သွားရေး အတွက် ယခုနိုင်ငံတော် အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန် မှစ၍ ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်မှုနှင့် တာဝန်ယူမှုရှိသော၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားရှိ သောစာပေနှင့် စာနယ်ဇင်းသမားများ ဖြစ်လာစေရန် တာဝန်သိမှု၊ တာဝန်ယူမှုတို့ဖြင့် ဆောင်ရွက်ကြရန် စာပေစိစစ်ရေးမူများ သတ်မှတ်၍ စစ်ဆေး ကြပ်မတ်လျက်ရှိကြောင်း၊ အနာဂတ် တွင် ပုံနှိပ်ဥပဒေနှင့်အညီ ပေါ်ပေါက်လာမည့် Press Council ကဲ့သို့ အဖွဲ့အစည်းမျိုးဖြင့် ဆက်လက်ထိန်း ကျောင်းသွားမည် ဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးသည် ဗိုလ်မှူးကြီး အငြိမ်းစားဖြစ်ကာ ခလရ(၁၄)၊ ခလရ(၂၇)၊ ရကတ၊ ခလရ(၉၉)၊ ခမရ(၄၃၅)၊ ရကတ၊ ခလရ(၂၉)၊ ခလရ(၈၄)၊ နပခနှင့် တမခ(၅)တို့ တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းမေးမြန်းချက်နှင့် ပတ်သက်၍ လွှတ်တော် အစည်းအဝေးများတွင် သတင်းယူနေသည့် ဂျာနယ်လစ်အ ချို့က လွှတ်တော်အတွင်း နိုင်ငံအတွက် အရေးကြီးသည့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများကို ပြည်သူအကျိုးရှိမည့် ဥပဒေများဖြစ်လာစေရန် ဆွေးနွေးကြရမည့်အချိန်တွင် ယခုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဝေဖန်ခဲ့ကြကြောင်း သိရသည်။
“အခုထက်ထိ censorshipက ရှိနေသေးတယ်။ ပုဂ္ဂလိက သတင်းစာဆိုတာလည်း ခုထက်ထိမရှိသေး ဘူး။ Electronic Media ကိုလည်း အစိုးရနဲ့ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကပဲ လုပ်ကိုင်ခွင့် ရထားတယ်။ ကျွန်တော်တို့လွတ်လပ် စွာလုပ်ပိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်ကလည်း ကောင်းကောင်းမရသေးဘူး။ နိုင်ငံတကာစံနှုန်းနဲ့ဆို တခြားစီပဲ။ ဒီအခြေအနေမျိုးမှာ သတင်းမီဒီယာ ကို ချုပ်ကိုင်တဲ့ ဥပဒေမျိုး လွှတ်တော် က ဇွတ်အတင်း ပြဌာန်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆန့်ကျင်ကန့်ကွက် သွားမယ်။ ဒီဥပဒေနဲ့ ပတ်သက်တဲ့ Eleven Media Group ရဲ့သဘောထား ကြေညာချက်ကို မကြာခင် ကျွန်တော်တို့ ထုတ်ပြန်သွားမယ်။ စတုတ္ထ မဏ္ဍိုင်စစ်စစ် ဖြစ်ပေါ်ရေးကို လိုလားတဲ့ ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်ထွန်းရေးကို လိုလားတဲ့သူအားလုံး ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု Weekly Eleven News Journal  အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis