menu

Sunday 19 February 2012

အိမ်ကလေး ၁ဝ(နေဝင်းမြင့်)


ကျတော်တို့ ဇနီးမောင်နှံ နေထိုင်ခဲ့ဖူးသော မြစ်ကမ်းပါးပေါ်က အိမ်ကလေးလို့ ဆိုနိုင်သည့် တိုက်ခန်းကလေးသည်လည်း ကျတော်တို့ ဘဝတွင် အမှတ်ထင်ထင် ရှိခဲ့သည်ဟု ဆိုရပါမည်။ အိမ်ကလေးတွေ အကြောင်းရေးလျှင် သည်နေထိုင်မှု ဘဝသည်လည်း မရေးမဖြစ် ရေးရဦးမည်ဟု ကျတော် တွေးထားခဲ့သည်။ သည်အိမ်ကလေးက ကျတော့်ဘဝ၏ အိမ်ပိုင်ရာပိုင် ဘဝအစလည်း ဖြစ်သည်။ ကျတော် ငယ်စဉ်က အဘိုးအဘွားများ အဆက်ဆက် အိမ်ကြီးရခိုင်နှင့် နေခဲ့ ကြသည်ကို မှတ်မိနေပါသည်။ တလောက ကျတော်ဇာတိရွာကို အလည်အပတ် ရောက်ခဲ့သည်။ ကျတော်တို့ ဝိုင်းထဲ မှာ ကျတော်တို့ ဆွေမျိုးသားချင်း တချို့သာ နေထိုင်ကြတော့သည်။ ရောက်တုန်းရောက်ခိုက် အမေနှင့် ကျတော်နေ ထိုင်ခဲ့သည့် အိမ်ဟောင်းရာကလေးကိုပင် ဓာတ်ပုံ ရိုက်ခဲ့သေးသည်။ အိမ်ကတော့ မရှိတော့။
သစ်ဆွေးပုံကြီးထဲမှာ တော့ ကနုတ်ကွက်တွေ လှပစွာ ဖောက်ရှယ်ထားသည့် ပန်းဆွဲသစ်သားပြား အဟောင်းကလေးတချပ်ကို မြင်လိုက်ရ တော့ အဘိုးတို့ အိမ်ကြီးကို ဖျတ်ခနဲ သတိရလိုက်သည်။ ကျတော်တို့ မြေး၊ မြစ်များ အားလုံး အဘိုးကို မမီလိုက်ကြ တော့ဘဲအဘွားကို မီခဲ့သည်။ အဘွားသည်ပင် ကျတော်တို့ သိတတ်သည့် အရွယ်ရောက်တော့ အသက်တွေ ရလှပြီ။ အဘိုးအိမ်က ရှေးအိမ်ကြီး ဖြစ်သည်။ လေးထောင့်စပ်စပ် အုတ်တထပ်ခံ ပျဉ်ထောင်အိမ်ကြီး ဖြစ်သည်။ အိမ်ကြီးက သည်နေ့ ခေတ်အမြင်ဖြင့် ကြည့်လျှင် လေးလံလှသည်ဟု ဆိုရပါမည်။ အုတ်ထုကပင် ကိုးလက်မ အုတ်ရိုး (သို့မဟုတ်) တပေအုတ်ရိုးဆိုတော့ ထူထူပိန်းပိန်းကြီး ဖြစ်သည်။ ပြတင်းပေါက်တွေက အိမ်ကြီးနှင့်စာလျှင် သေးသယ်လွန်းကြ
သည်။ ငယ်ငယ်က သတိမထားမိသော်လည်း အခု ပြန်စဉ်းစားတော့ အချိုးအစားမကျသလို ဖြစ်နေရသည်။ အတွင်းမှာ ကြီးမားသော အုတ်လှေကားကြီးတစင်း ရှိသည်။ တဆစ်ချိုးတပ်ထားသော်လည်း လှေကားထစ်တွေက များလွန်းတာ လည်းမှတ်မိနေသည်။ အောက်ထပ်က မော့ကြည့်လျှင် သစ်သားဆင့်တုံးကြီးတွေက မီးရထားသံပေါင်ကြီးတွေလောက် ရှိနေတာ ဆေးမသုတ် ဘာမသုတ်ဆိုတော့ သစ်သားရောင်မွဲမွဲမှာ ပိုးမျှင်တွေ အထွေးလိုက်၊ အပေါ်ထပ်တထပ်လုံး အ ခန်းတခန်းသာ ဖွဲ့ထားသည်။ အမိုးခေါင်ဆက်မှာတော့ စာသိုက်တွေ မွမွကြဲနေကြ၏။ ဝါးလုံးရှည်ကြီးတလုံးကို ခါးက ချည်ကာ အောက်ထပ်ကို ကြိုးနှင့်ဆွဲထားရသည်။ စာတွေ သောင်းကြမ်းဆူပွက်နေသည့်အခါ ကြုံရာလူက ကြိုးကို ဆွဲ လိုက်ခြင်းအားဖြင့် ဝါးလုံးဖျားက အပေါ်ထပ်မှာ တဒိုင်းဒိုင်းရိုက်သံကြီး ပေါ်လာရသည်။ သည်အသံက စာခြောက်သံ ဖြစ်သည်။ စာတွေ ခဏတော့ ငြိမ်သက်သွားသည်ဆို၏။
“မင်းတို့အဘိုးက အိမ်ကြီး ဆောက်တော့မယ်ဆိုတော့ နှစ်ဖက်ယက်ခေါင်၊ မဒရပ်ခေါင်၊ ယွန်းထပ်ခေါင်၊ အိမ်တော် ခေါင်တွေ လိုက်ကြည့်ပြီးမှ လက်သမားကိုကံရနဲ့ တိုင်ပင်ပြီး ဆောက်ကြတာ။ သစ်ဆိုတာလည်း ကောင်းပေ့ဆိုတဲ့ သစ် တွေ စလင်းတညောင်ဘက်က မှာယူတယ်။ မြို့စီးတရာ မြို့လာတထောင် ဆိုသလိုပဲ အပြင်အပက လေဒဏ် မိုးဒဏ်ခံ အောင် ကျကျနန တွက်ချက်ပြီး ဆောက်ကြတာပေါ့”
ကျတော်တို့ ဘွားအေက အိမ်ကြီးအကြောင်း စကားရောက်လျှင်ပြောပြတတ်သည်။ ဖြစ်လာနိုင်သည့် မကောင်းကျိုးကို ပျက်ပြယ်စေရန် လောကီအစီရင်တွေလည်း ပါခဲ့သည်ဆို၏။ အဘိုးအိမ်က ကွဲကြေကျလာတတ်သည့် အရိပ်ပန်းများပါ သည့် မှန်ရောင်စုံချပ် အကွဲများကိုပင် အဘွားက ကျတော်တို့ ကစားနေရာက သိမ်းယူသွားတတ်သည်။ သည်ခေတ် ဒါ မျိုးမင်းတို့က ဘယ်နားမှာများ တွေ့ဖူးလို့ ကစားစရာဖြစ်ရတာတုံးလို့လည်း ဆူတတ်ပါတယ်။ ဖုန်ထူ ပူအိုက်သော် အ
ညာကျေးလက်ကအိမ် ဆိုသော်ငြား လေဝင်လေထွက် မရှိ။ အရှင်ဖွင့်နိုင် ပိတ်နိုင်သော တရုတ်ကပ်ရှင်မပါ။ တနေ့ခင်း လုံး ပူထားသည့် နေရောင်ကို အောက်ထပ် အုတ်ရိုးတွေက စုပ်ယူထားကာ ညဘက်မှာ ထုတ်လွှတ်သော်လည်း အ ဘွားက ပြတင်းပေါက်တွေကို ကုန်စင်အောင် ပိတ်ထားတတ်သည်။ ပြတင်းပေါက်တွေက သံချောင်းကြီးတွေ ဒေါင်လိုက် ကန့်ထားသော်လည်း စိတ်ချလောက်စရာ မရှိဟု တွက်ပုံရသည်။ မည်သို့ပင်ဖြစ်စေ ခံ့ညားခြင်း၊ သန်စွမ်းခိုင်မာ ခြင်း၊ ကြီးမားသော ထုထည်ပေါ်မှာ ယုံကြည်စိတ်ချခြင်းအားဖြင့် အဘိုးအဘွား၊ အဖေအမေတို့ နေခဲ့ကြသည်။ နောင် အဖေတို့ အမေတို့ လက်ထက်မှာ သည်ဝိုင်းကြီးကို ခွဲရေးတွဲရေးတွေ ပေါ်လာတော့ ဝိုင်းတိုက်အလယ်မှာ ကန့်လန့်ခံနေ သည့် ရှေးအိမ်ကြီးကို ဖျက်လိုက်ကြသည်ဆို၏။
“အမေတို့တောင် အမေ (အဘွားကို ဆိုလိုသည်) သေမှ ဖျက်ရဲကြတာ၊ သစ်တွေက အကောင်းကြီးတွေ ရှိသေးတာ ရယ်၊ အောက်ထပ်အုတ် အင်္ဂတေကိုပဲ ဆယ့်ငါးရက်လောက် ဖျက်ရတာသာ ကြည့်တော့”
သည်လိုအိမ်ကြီးမှာ နေထိုင်ကြီးပြင်းခဲ့ရသည့် အမေ့ခမျာ အဖေနှင့် အကြောင်းပါတော့ အစိုးရဝန်ထမ်းပီပီ အစိုးရအိမ် တန်းလျားများ၊ တိုက်ခန်းများမှာ တလျှောက်လုံး နေခဲ့ရသည်။ ဝန်ထမ်း၏ သားသမီးများဖြစ်သော ကျတော်တို့ လက် ထက်မှာသာ တလျှောက်လုံး နေခဲ့ရသည်။ အိမ်လခက လစာ၏ ဆယ်ရာခိုင်နှုန်းသာ ပေးရခြင်း၊ ရေနှင့်လျှပ်စစ်မီး ဈေး ပေါပေါသုံးရခြင်း စသည့် “သာရည်” လောက်ကို ကြည့်ကာ ကိုယ်ပိုင်အိမ်နှင့် နေရဖို့ စိတ်မရောက်ခဲ့တာလည်း ပါပါလိမ့် မည်။ အိမ်တဆောင်နိုင်လောက်အောင် မစုမဆောင်းနိုင်ကြတာလည်း ပါပါလိမ့်မည်။
မန္တလေးရောက်တော့ ဘဝတခု စရပြီ။ ကျတော့် အိမ်သူ၏ မိဘများကတော့ အိုးပိုင်အိမ်ပိုင်တွေ ဖြစ်သည်။ လှေသူကြီး နှင့် လှေသူကြီးကတော်တို့ မြစ်ဆိပ်မှာ နှစ်ပေါင်းများစွာ ဝယ်ထားသည့်မြေက အတန်အသင့် ကျယ်ပါ၏။ အိမ်က အ တန်အသင့် ကျယ်ပါ၏။ သို့သော် ညီအစ်ကို မောင်နှမသားချင်းများသဖြင့်လည်း ကျတော်တို့ ကိုယ်ပိုင် မနေသာတာပါ သလို မနေချင်တာလည်း ပါသည်။ သည်တော့ မြစ်ဆိပ်ကို မေးတင်ထားသည့် စည်ပင်သာယာတိုက်ခန်းတွေမှာ ကန ဦးက ငှားနေခဲ့ရသည်။ အိမ်ထောင်ပရိဘောဂကလေး မရော်မရည်နှင့် ဘဝကို စခဲ့ကြရပါသည်။ ပေါပေါလောလော ရှိ တာက သူမဘက်က စာအုပ်များနှင့် ကျတော့်ဘက်က စာအုပ်များသာ ဖြစ်လေသည်။ ရပ်ကွက်ထဲမှာ အိမ်ချင်းကပ်၊ တံစက်မြိတ်ချင်းထိ၊ နောက်ဖေးချင်း ဆက်နေရမှာကို စာရေးခြင်းဖြင့် အသက်မွေးရသော ကျတော့်အဖို့ ဘယ်လိုမှ အပ် စပ်စရာ အကြောင်း မမြင်သော်လည်း မရှောင်မလွှဲသာတော့လည်း နေရတော့မည်သာ။ ကျတော်အိမ်သူ၏ မိဘမောင် နှမများက ခပ်ဝေးဝေးမှာ မနေစေချင်။ သည်တော့ တိုက်ခန်းတခန်း ငှားကာနေဖို့ ဖြစ်လာခဲ့သည်။ ထိုစဉ်က တလသုံး ထောင်၊ တနှစ်စာ ကြိုပေးရသည်။ နောက်နှစ်ဈေး ပြန်ညှိ တနှစ်စာပြန်တင်၊ အငှားဘဝဖြင့် သုံးနှစ်လောက် နေကြည့် တော့ အများနေတိုက်ခန်း ဆိုသော်လည်း နေပျော်စရာ ကောင်းသည်။
တိုက်ခန်းကချည်း ဆယ့်သုံးလုံးတန်းရှိလေရာ တောင်ဘက်ဆယ်လုံးက ချမ်းမြသာစည်မြို့နယ်ထဲမှာ ပါသည်။ မြောက် ဘက်သုံးလုံးက မဟာအောင်မြေမြို့နယ်ထဲမှာ ပါသည်။ ဈေးနှင့် နီးသည်။ အိမ်ရှေ့တာရိုးကြီးဘေးမှာ လက်ပံပင်ကြီး ရှိ သည်။ ဧရာဝတီမြစ်ကို ကျတော်တို့နေသည့် အပေါ်ဆုံးထပ်က ဆီးမြင်ရသည်။ မြစ်ကို ကျော်လိုက်လျှင်စစ်ကိုင်းတောင် ပေါ်က ထုံးသင်္ကန်းဖွေးဖွေး စေတီတော်တွေကို ဖူးရသည်။ ညဘက်မှာ ရွှေတောင်ကြီး ပေါက်နေတတ်သည့် စစ်ကိုင်း တောင် တောင်ဘက်ထွတ်ဖျားမှ ဆွမ်းဦးပုညရှင်စေတီ၏ ရောင်လျှံတော် ဝင်းဝင်းကို ဖူးမြင်ရသည်။ နောက်ဖေး ပြတင်း ပေါက်က ရှုမြော်သည့်အခါ မဟာမုနိ ဘုရားကြီး၏ ဂန္ဓကုဋီတိုက်တော်က ရွှေရည်တွေ ဖိတ်ကျနေသည်။ အရှေ့မြောက် ထောင့်က မန္တလေးတောင်တော်၏ ထိပ်ပိုင်းကိုလည်းကောင်း၊ ရန်ကင်းတောင်က မီးတန်းကိုလည်းကောင်း၊ ကောင်း ကင်သာယာသည့်အခါ မြင်ရလေ့ရှိသည်။ အိမ်လခ တနှစ်စာ ပေးနိုင်သည့်အခါ တနှစ်စာ စိတ်အေးရသည်။ အိမ်အ တွက် မရှိမဖြစ် အရေးကြီးသည့် စာရေးစားပွဲကိုတော့ အမေလူထု ဒေါ်အမာထံ သွားတောင်းရသည်။ အမေက မင်း ကြိုက်တာ ဝယ်လိုက်ပါကွယ်။ ကျသင့်တာ အမေပေးပါ့မယ်ဆိုသည့် အခါ အံဆွဲပါ စားပွဲတလုံး ဝယ်လိုသည်။ ကျပ် ၆၀၀၀ ပေးရတာကို အမေ့ ပြောပြတော့ ပိုက်ဆံထုတ်ပေးသည်။ စာသာ ရေးစမ်းပါကွယ်မင်းတို့ ထမင်းမငတ်ပါဘူးလို့ လည်း စိတ်ခွန်အား ပေးလိုက်သေးသည်။ သည့်နောက်တော့ စာပေသံယောစဉ်ဖြင့် ဖြည့်ပို့ကြသော ကျေးဇူးတွေ ကျ တော်တို့မှာ တထမ်းကြီး ရှိလာခဲ့သည်။ သည်ကျေးဇူးတွေကို ကျတော်တို့ မမေ့ပါ။
ငှားနေရသည့် တိုက်ခန်းကလေးမှာ မျက်နှာဝ ပေနှစ်ဆယ် ရှေ့နောက် ပေလေးဆယ်လောက် ကျယ်သည်။ မီးဖိုခန်းကို ပိုင်းကန့်ထားသော အုတ်ထရံကလွဲလျှင် ခန်းမပုံစံ ဟင်းလင်းပြင် ဖြစ်သည်။ တရုတ်ကပ်ရှင်ကို အပြင်က သံတန်းကွက် ကျဲအုပ် ကာလိုက်သည့်အခါ နေ့ညမရွေး ဖွင့်ထားလို့ရသည်။ မြစ်လေ တသွေးသွေးထဲမှာ ရေငွေ့တွေပါသည်။ စစ်ထား လို့ရသည်။ မြစ်လေ တသွေးသွေးထဲမှာ ရေငွေ့တွေပါသည်။ စစ်ကိုင်း မင်းဝံတောင်တန်းကိုဖြတ်၊ ဧရာဝတီမြစ်ပြင်ကို ကျော်လာသည့်လေက ကျတော်တို့ အခန်းကလေးထဲမှာ စွန့်ကြဲခြင်း၊ ဖြောင့်မတ်ခြင်း၊ မညှဉ်းဆဲခြင်းအားဖြင့် ဝန်းဝန်း ဝေ့ဝေ့ ရှိနေတတ်သည် အိမ်ရှေ့စကြံလမ်းက ကျဉ်းသော်လည်း အိုးစိုက်ပန်းတွေ ရသလောက် စိုက်ထားရသည်။ နှင်း ဆီပင်တွေ ရှိသည်။ စံပယ်ရုံကလေးလည်း ရှိသည်။ ဂမုန်းနှင့် အင်ဒိုနီးရှားနှင်းဆီတွေလည်း ရှိသည်။
မနက်ခင်း နှစ်ယောက်အတူ ဈေးသွားချက်ပြုတ်ပြီးတော့ ဇနီးက ကျောင်းကို စက်ဘီးကလေးစီးကာ တာရိုးအတိုင်း နင်း သွားတာကို တိုက်ခန်းပေါ်မှ လှမ်းမြင်ရသည်။ မြစ်ကမ်းနားအတိုင်း တမျှော်တခေါ်ကြီးနင်းသွားရာမှ ဂေါဝိန်ဆိပ်ရောက်
တော့ ၃၅ လမ်းအတိုင်း အရှေ့ကိုချိုးကာ သူ့ကျောင်းကိုရောက်ဖို့ အားစိုက်ရရှာဦးမည်။ ကျတော်က စာရေးစာပွဲထိုင်ရုံ၊ ညဘက်ကျတော့ အဖြူအမည်း ကိုမိုတီဗွီကလေးကို ထမင်းစား စားပွဲဝိုင်းပေါ်တင်ကာ ကြည့်ကြရသည်။ တချို့ညတွေ မှာတော့ စာဖတ်ကြ။ ရေးလက်စ မပြီးပြတ်သေးတာ ရှိတော့လည်း ညဥ့်နက်သန်းခေါင်အထိစာရေးကြ။ လသာညတွေ မှာတော့ ဝရန်တာ ကျဉ်းကျဉ်းကလေးထဲက ပန်းပင်တွေကြားမှာ ပလတ်စတစ်ခုံကလေးတွေချကာ စကားတွေ ပြောကြ သည်လည်း ရှိသည်။ သည်အိမ်ခန်းကလေးထဲမှာ မဒမ်ဆီမွန်ဒီိဗိုးဗွားပြောသလို ဟန်ချက်ညီမှုကလေးကို တည်ဆောက်ဖို့ပဲ ရှိနေသည်။ ပစ္စုပ္ပန်ကို အတိတ်၏ ဇာတ်လမ်းဆက်အဖြစ် ထိန်းသိမ်းထားဖို့သာ ဖြစ်သည်။ ပစ္စုပ္ပန်ကို မရေ ရာလှသော အနာဂတ်၏ ခြိမ်းခြောက်မှု ကာကွယ်ထားဖို့သာ ဖြစ်သည်။ ဤနည်းအားဖြင့် တည်ငြိမ်၍ဣနြေ္ဒရှိသော လူ ရိုသေရှင်ရိုသေ ဘဝအခြေကျမှုကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
“မဒမ်ဆီမွန်ဒီဗွားက ရေးတာ မှတ်မိတယ်၊ ရွှေနန်းတော်ကြီးမှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့လေ၊ ပျော်ရွှင်ချမ်း မြေ့မှုဆိုတာ ကိုင်တွယ်ပြလို့မရတဲ့ ဒြပ်မဲ့မဟုတ်ဘူးတဲ့၊ ကိုင်တွယ်ပြလို့ရတာမျိုးပါတဲ့၊ အိမ်နံရံ လေးဘက်အတွင်းက မိ သားစုဟာတိတ်တဆိတ် တည်ရှိနေတဲ့ ကာလပ်စည်းတခု၊ ယူနစ်တခုပါပဲတဲ့”
ကျတော်တို့နှစ်ယောက်ကတော့ အတိတ်ကို သစ္စာရှိကြသူများ ဖြစ်သည်။ မိသားစုနှင့် ဇာတိရွာကို ချစ်ကြသူများ ဖြစ် သည်။ လှေနှင့်လှည်းကို မြတ်နိုးကြသူများ ဖြစ်သည်။ ကျတော့်ဇနီးက အိုးအိမ်ကို ရှေးရိုးအစဉ်အလာအတိုင်း အိုးအိမ် နှင့်တူအောင် ဖန်တီးနေသူသာ ဖြစ်သည်။ မီးဖိုချောင်နှင့် အိုးအိမ်ကို ဖန်တီးခြင်းသည်ပင် နွေးထွေးမှုနှင် အဓိပ္ပာယ်ရှိ သော ဘဝကို ထုဆစ်ခြင်းဟု ခံယူသူဖြစ်သည်။ အိမ်ရှေ့က သစ်ပင်ကလေးတွေကို သစ်တောတတောလို့ ယုံကြည်ဝံ့ သူ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းကို အိမ်နံရံတွေလောက် သဘောထားဝံ့သူ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းကို အိမ်နံရံတွေ လောက် သဘောထားဝံ့သူ ဖြစ်သည်။ သူက စကားတခွန်းပြောရင် ငါက တခွန်း ပြောနိုင်ရမှာပေါ့လို့ ခံယူသူလည်း ဖြစ် သည်။
တိုက်ခန်းအငှားနေရသည့်ကာလ ကြာလာသည်နှင့်အမျှ ကိုယ်ပိုင် အခန်းတခန်းတော့ ဝယ်သင့်ပြီလို့ သဘောပိုက်ခဲ့ကြ သည်။ တိုက်ခန်းဝယ်ချင်ပြီဆိုတော့ တိုက်ခန်းများ၏ ရာဇဝင်ကို နှံ့စပ်သူ မိတ်ဆွေကို အရင်ရှာရသည်။ ရာဇဝင်ဆိုတာ က မူလပိုင်ရှင်အမည်ပေါက် ဝယ်ယူနေထိုင်ခွင့်ရှိသူများထံက နေထိုင်ခွင့်ဖြစ်ပိုင်း လက်ဝယ် ရှိ မရှိ၊ ပေါင်နှံခြင်း ပြု မပြု၊ အစစ်အမှန် မဟုတ်၊ အရှုပ်အရှင်း ရှိ မရှိဆိုသည့်ဇာတ်ထုပ် အူပေါက်ကို ဆိုလိုပါသည်။ တချို့က နေထိုင်ခွင့်ရထားကြ သော်လည်း တိုက်ပေါ်မှာ မနေတတ်၍ မနေကြခြင်းနှင့် မတတ်နိုင်လို့ မနေကြခြင်း နှစ်မျိုးသော အကြောင်းကြောင့် နေထိုင်ခွင့်လက်မှတ်တွေကို အပြတ်ရောင်းကြသည်လည်း ရှိသည်။ ပေါင်ထားနှံထားတာလည်းရှိသည်။ ပေါင်နှံရာက အတိုး သပွတ်အူလိုက်ကာ မတန်တဆ ဆုံးရှုံးနစ်နာကြသူတွေလည်း ရှိသည်။
“ဆရာတို့၊ ဆရာမတို့ စာအုပ်တွေ သတင်းစာတွေ၊ ဂျာနယ်မဂ္ဂဇင်းတွေနဲ့ တခန်းတော့ မရလောက်ဘူးနော်၊ နှစ်ခန်းဝယ် လိုက်ပါ၊ စလစ်ကို အရင်ဝယ်လိုက်၊ အခန်းဖိုးက ဖြည်းဖြည်းချင်း အရစ်နဲ့ သွင်းသွားလို့ ရနေတာပဲ”
မိတ်ဆွေက အကြံပြုသည်။ စလစ်ဆိုတာက နေထိုင်ခွင့်လက်မှတ်ကို ပြောခြင်းဖြစ်သည်။ ဤသို့အားဖြင့် ခြစ်ခြစ်ခြုတ် ခြုတ် ရှာဖွေကာစလစ်နှစ်စောင် အရင်ဝယ်ရသည်။ ဖြစ်ချင်တော့ နှစ်စောင်စလုံးက ( ပိုင်ဆိုင်သူ နှစ်ဦးစလုံးက ) ရောင်းချင်သော်လည်း သူတို့လက်ဝယ်မှာ စလစ်မရှိ။ အပေါင်ခံသူထံမှာ နှစ်ချီနေပြီ။ မှုလပိုင်ရှင်အဖြစ် လက်မှတ်သာ ထိုးနိုင်ကြသော်လည်း စလစ်ရောင်းရငွေကို သူတို့ ရစရာအကြောင်း မရှိလေ။ ထိုအခါ အပေါင်ခံထားသူနှင့် တိုင်ပင်ရသည်။ ပိုင်ဆိုင်ခွင့်လက်မှတ်တွေ ခဏငှားလိုက်ပါ၊ ရုံးမှာ မှုရင်းပိုင်ဆိုင်သူနှင့် မှုရင်းစာရွက်စာတမ်းများ ပြသပါမှ ငွေသွင်းဝယ်ယူခွင့်ပြုမှာမို့ပါ စသည်ဖြင့် တောင်းပန်ရသည်။ အပေါင်ခံရသူက သူ့စာရွက်စာတမ်းတွေ မှုရင်းပိုင်ရှင်တွေ ပြန် ယူမှာစိုးတော့ သူ့ကိုယ်စားလှယ်နှစ်ယောက် ထည့်ပေးပြီးမှ ခွင့်ပြုသည်။ သည်တော့ မှုရင်းအမည်ပေါက်နှစ်ဦးက တ မျိုးတောင်းဆိုလာပြန်သည်။ သူတို့မှာ တစုံတရာ ရစရာမရှိပါပဲလျက် တနေကုန် ရုံးကိစ္စလိုက်ပြီး ဆောင်ရွက်ရမည်ဖြစ် ၍ ထိုမျှ ဤမျှသော ငွေကြေးရပါမှ လက်မှတ်လိုက်ထိုးနိုင်မည် ဆိုကြလေ၏။ ဒါလည်း တရားမျှတသားပဲ၊ မှန်တာပေါ့။ ပေးရမှာပေါ့။ သည်တော့မှ ခမျာများ လက်မှတ်လိုက်ထိုးပေးကြသည်။
“မတရားတောင်းတာ မဟုတ်ပါဘူး ဆရာ ရာ၊ မတန်တဆနဲ့ ပေါင်ပြီး ဆိုင်ကယ်ဝယ်စီးတာ၊ အခုတော့ ဆိုင်ကယ် လည်း ပြုတ်ပြီ၊ တိုက်ခန်းစလစ်လည်း မရွေးနိုင်တော့ဘူး၊ ကျတော်တို့တော့ လက်မှတ်လိုက်ထိုးခလေး နေ့တွက်ကိုက် အောင် ပေးပါဗျာ”
ထိုပုဂ္ဂိုလ်၏ အပြုအမှုသည် ထိုပုဂ္ဂိုလ်နှင့်သာ ဆိုင်သည်ဟု အထင်အရှားပြခြင်း ပကာသနိယကံကိုသာ ယိုးမယ်ဖွဲ့ရ တော့မည်။ ရွှေဒင်္ဂါးကိုလက်ဝယ်ပိုက်မိပါလျက် မုန့်ညက်ဖြင့်ပြုသော ကတိုးဝါဖြင့် လဲမိကြသူတွေ ဖြစ်သည်။ ထိုနေ့က တိုက်ခန်းများ၏ ဝယ်စာရင်း ကျွမ်းကျင်သူ အကျိုးဆောင်သည်လည်းကောင်း၊ ဝယ်ယူကြမည့် ကျတော်တို့ နှစ်ဦးသည် လည်းကောင်း၊ လက်မှတ်လိုက်ထိုးကြမည့် မူရင်းအမည်ပေါက်ပိုင်ရှင်နှစ်ဦးသည်လည်းကောင်း၊ အပေါင်ခံသူက ငွေ သိမ်းငွေယူ ထည့်ပေးလိုက်သော ကိုယ်စားလှယ် နှစ်ဦးသည်လည်းကောင်း၊ မိမိတာဝန် မိမိကျေပွန်စေအံ့ဟူသော ဇော ကိုယ်စီဖြင့် ရုံးစားပွဲတိုင်းကို လက်နှင့် လိုက်ထိနေကြရလေသည်။ ရုံးတော်က လိုအပ်သမျှ ဒူးနေရာဒူး၊ တော်နေရာ တော်၊ ဝိဇ္ဇာမယိဒ္ဓိ သဘောကြီး ပြီးမြောက်သည့်အခါမှာတော့ တိုက်ခန်းဝယ်ယူခြင်းအမှုသည် အောင်မင်္ဂလာ၊ မျို့သြ ဘာဖြင့်၊ ရက္ခာဝရဏ၊ ချက်ရာကျလေပြီ။
ပေးချေသင့်တာကိုလည်း ပေးချေ။ အရစ်ကျသွင်းသင့်တာကိုလည်းသွင်း၊ ဆိုင်းငံ့စရာရှိတာကို ဆိုင်းငံ့ကြပြီးလျှင် နှစ်ခန်းကိုတခန်းတည်းဖြစ်အောင် ကန့်ထားသည့် အုတ်ရိုးကို အပေါက်ဖောက်ရသည်။ မူလတပ်ထားသည့် တရုတ်ကပ်မှန် တွေကို ဖြုတ်ကာ စင်ကာပူမှန်တွေကို တပ်ရသည်။ နိုင်သလောက် ဆေးကလေးသုတ်ရသည်။ အားလုံးပြီးစီးသွား တော့လည်း နေပျော်စရာကလေး ဖြစ်ရသည်။ နှစ်ခန်းတွဲဆိုတော့ ကျတော်တို့အတွက် ကျယ်ကျယ်လွင့်လွင့် ရှိသည်။ ပန်းပင်ကလေးတွေ ပိုစိုက်နိုင်သည်။ အိမ်ရှေ့မှာ ဧရာဝတီမြစ်၊ အိမ်နောက်မှာ တက်သေးအင်း။ သည်နှစ်ခန်းတွဲက မူ လငှားရမ်းနေထိုင်သည့် တိုက်ခန်းထက်စာလျှင် မြစ်နှင့်ပိုနီးသည်။
တိုက်ခန်းပေါ်က လှမ်းမြင်ရသော မြင်ကွင်းတွေက လွမ်းစရာကောင်းသည်။ အထူးသဖြင့် နွေဦးရာသီတွေမှာ လေမှုန် တတ်သည်။ သာဂိမာန် နွေရတု၌ ကြွေလုဟန်စောချင်ကြသော သစ်ရွက်အိုတို့ လမ်းမပေါ်မှာ တရွတ်သိုးသီရှိကြလေ သည်။ တာရိုးတလျှောက် ရဲနေအောင်ပွင့်ကြ၊ ရဲနေအောင် ကြွေကြကုန်သော လက်ပံပွင့် ဟင်္သပြဒါးရောင်တွေက ကုံ ကုမံ ရောင် နောက်ခံမှာ ဂုန္တန်ပွင့်ထိုးသလို ရှိလေသည်။ မြစ်ရေက အပြာ၊ တောင်တန်းက အပြာ၊ ကောင်းကင်က အ ပြာ၊ တိုက်ခန်းပေါ်က ကြည့်လျှင် နှင်းပေါက်တွေထဲက တွားတက်သွားသော မနက်ခင်းနေရောင်ကို မြင်ရသည်။ မြက် ခင်းရေကန်ထဲကို ကြွေကျသော ကြယ်တွေကို မြင်ရသည်။ ကျတော်ကတော့ ပုဒ်ဖြတ်ပုဒ်ရပ် မပါသော ကဗျာလို ခံစား ရသည်။ ထူးဆန်းတာက သည်နေရာမှာ ပလွေသံလည်းရှိ၍ ဂစ်တာသံလည်း ရှိခြင်းဖြစ်သည်။ မြည်းလှည်းခြူသံရှိသ လို အင်ဂျင်စက်သံဒီးဒီးရှီခြင်း ဖြစ်သည်။
“သည်နေရာကို မန္တလေးရဲ့ ဆင်ခြေဖုံးလို့ ခေါ်နိုင်တာပေါ့နော်။ ဆင်ခြေဖုံးဆိုတာ ဘာကိုပြောတာလဲ”
“ဆင်ခြေဖုံးဆိုတာ ရှေးက တိုက်ဆင်တွေကို တဖက်ရန်သူက တိုက်လာတဲ့အခါ မထိခိုက်ရအောင် ဖုံးရကာရတဲ့ ရဲမက် တွေကိုခေါ်ကာ၊ နားနှစ်ဖက်၊ အစွယ်နှစ်ချောင်း၊ ရှေ့လက်နှစ်ချောင်း၊ နောက်ခြေနှစ်ချောင်း နဲ့ အမြီးကို ကာကြရသူကိုး ယောက် ရှိရတယ်၊ ဆင်ကိုရံထားတဲ့ ရဲမက်တွေကို ဆင်ခြေဖုံးခေါ်တာပါပဲ၊ သဘောကတော့ မြို့တော်က ဆင်ဆိုရင်မြို့ တော်ကို ဝန်းရံထားတဲ့ အကွက်အစုတွေကို ဆင်ခြေဖုံးတွေလို့ ခေါ်တာပေါ့”
ဆင်ခြေဖုံးဆိုတော့လည်း ဆင်ခြေဖုံးမြင်ကွင်းတွေ တွေ့နိုင်သည်။ နံနက် ဝေလီဝေဟင်း ဈေးချိုဘက်က ကုန်စိမ်းတင်လာသော ထော်လာဂျီသံက ရှစ်လမ်းသွားလမ်းမကိုပင် တုန်ခိုက်စေသည်။ ထော်လာဂျီခန္ဓာအိမ်ပေါ်မှာ ကုန်စိမ်းထုပ် တွေ အတင်များလှသည်။ ကုန်စိမ်းသည်တွေက ကုန်စိမ်းအိတ်တွေကြားမှာ ငိုက်မျဉ်းကြလို့။ မနက်ခင်း သုံးနာရီ၊ လေး နာရီလောက်ကတည်းက ဈေးချိုကုန်စိမ်းဈေးကို ရောက်နှင့်ရသည်။ မိုးလင်းမှာ ဈေးခင်းမည့် ဧရာထွန်းဈေးကို အမီပြန် ပြေးလာကြရသည်။ အချိန်ကလေး ရတုန်းငိုက်ကြပေမပေါ့။ တချို့ မနက်ခင်းမှာ ဇနီးနှင့်အတူ လမ်းလျှောက်ရင်း ဧရာ ထွန်းဈေးကို ကျတော်ပါ လိုက်သွားတတ်သည်။ သည်အခါမှာတော့ မဈေးသည်တို့ မငိုက်မျဉ်းကြတော့။ လန်းလို့ ရွှင်လို့ အော်လို့ ဟစ်လို့။
“ဈေးထဲက လွတ်တဲ့ခုံ အိမ်လုပ်နေရတာပဲ ဆရာမရဲ့၊ အိမ်ကမိုးလင်းကတည်းက ထွက်လိုက်တာ မိုးကြီးချုပ်မှ အိမ်ပြန် ရောက်တယ်၊ အိမ်က လင်လည်း ဘယ့်နှယ်နေမှန်း မသိဘူး၊ သားလည်း ဘယ့်နှယ့်နေမှန်း မသိဘူး”
ဈေးသည်အမျိုးသမီးတယောက်က ကျတော်တို့ကို ပြောနေခြင်းဖြစ်သည်။ ဆင်ခြေဖုံးမြင်ကွင်းဖြစ်သော အလှူခံမဏပ် ကလေး ဆောက်ကာ လာသမျှကား ဆီးပြီး အလှူခံကြတာလည်း ကျတော်တို့ အခန်းရှေ့မှာ မြင်ရတတ်သည်။ ရေကြီး ချိန်တွေမှာတော့ ရေကင်းရှိသည်။ ရေတွေက မြစ်မက ကျော်ကာ တာရိုးခြေကို လာလာပုတ်လေတော့ နေ့နေ့ညညမ ပြတ် စောင့်ကြည့်ရသည်။ အနားရပ်ကွက်တွေမှာ ဘုရားပွဲရှိတော့လည်း ပွဲသံ ဆိုင်းသံ တခြိမ်းခြိမ်း။ တိုက်ခန်း သူတို့ ဝတ်ကောင်းစားလှဖြင့် “သလား” ကြချိန် ဖြစ်သည်။ နတ်ပွဲရှိလျှင်တော့ နတ်ဓာတ်ခံရှိသူတို့ ဝင်ကကြလိမ်မည်။ သူတ ပါး လူမှုရေးတွေမှာလည်း ခါးကျိုးအောင်ကူညီတတ်ကြသူတွေ ဖြစ်သည်။
“သည်တိုက်ခန်းမှာနေကြသူတွေက ဆင်းရဲကြပေမယ့် စိတ်ချမ်းသာ ကြတယ်၊ သူတို့ကြည့်ရတာ ဘယ်တော့မဆို ပေါ့ ပါးရွှင်ပျနေတာချည်းပဲ”ကျတော်တို့လည်း မထူးပါ။ သည်တိုက်ခန်းကလေးမှာ နေထိုင်ခဲ့ရသည့်နေ့ရက်တွေကို အမှတ်ထင်ထင် ရှိခဲ့ရသည်။ ဆယ်ခန်းတွဲလေးထပ်ဆိုတော့ အခန်းလေးဆယ်။ တခန်းနှင့်တခန်း အရောင်ချင်းလည်းတူသည်။ ဒီဇိုင်းချင်းလည်း တူ သည်။ ဖွဲ့စည်းပုံချင်းလည်း တူသည်။ အကျယ်အဝန်းချင်းလည်း တူသည်။ မတူတာက သည်အခန်းတွေထဲက ဘဝ တွေ ဖြစ်သည်။ Assorted biscuits တွေလို မတူသည့် ဘီစကစ်များမုန့်ပုံးတပုံးထဲ ရောက်နေတာမျိုး ဖြစ်သည်။ တချို့ က ကျောင်းဆရာမကြီးတွေ၊ တချို့က ပွဲစား၊ တချို့က ပဲရွေးဆန်ရွေး၊ တချို့က ရွှေချည်ထိုး၊ တချို့က လက်သမား၊ တ ချို့က ဆိုက်ကားနင်း၊ တချို့က ကုမ္ပဏီမှာ ဝန်ထမ်း။ တဲပေါ်မှာ တိုက်ပေါ်ကို ဆွဲတင်ပေးလိုက်သဖြင့် နေထိုင်မှုပုံစံ ပြောင်းကြသော်လည်း တွေးခေါ်မြော်မြင်မှုတွေက မပြောင်းပါ။ မီးနေသည်အိမ်မှာ ဝိုင်းမည်။ ဟင်းခါးတွေချက်ပို့ကြလိမ့် မည်။ လူနာရှိလျှင် သဘောထားတွေ စုံအောင်ပေးကြလိမ့်မည်။ ဆေးမြီးတို အမျိုးပေါင်းလေးဆယ်လောက် “မေတ္တာရိ” ပေးကြလိမ့်မည်။ တယောက်ဈေးသွားတော့ လူဆယ်ယောက်က ဈေးဝိုင်းမှာကြလိမ့်မည်။ ရန်ဖြစ်ကြပြီဆိုတော့လည်း ဘယ်တော့မှ ဥဒါန်းမကျေနိုင်တာမျိုးအော်ကြဟစ်ကြမည်။ ပြီးတော့လည်း ပြီးကြတာပါပဲ။ သိပ်ရင်းနှီးကြပြီဆိုလျှင်တော့ ဟင်းခွက်တွေ အကူးအလူး ရှိကြသည်။ ပိုက်ဆံလိုလျှင်ကျွမ်းကျင်သူက ပစ္စည်းတမျိုးမျိုး သွားပေါင်ပေးလိမ့်မည်။
ဆရာ မြသန်းတင့် ဘာသာပြန်သည့် “မိန်းမတို့အကြောင်း” မှာ မဒမ်ဆီမွန်ဒီဗိုးဗွားက ဤသို့ ဆိုသည်။
“မိန်းကလေးများသည် အိမ်ထောင်ပြုကြ၏၊ သူတို့ အိမ်ထောင်ပြုသောအခါတွင် အိမ်ကလေးတလုံးရမည်၊ သူတို့အိမ်ဦး နတ်များ ပြန်လာသည့်အခါတွင် ကြိုဆိုရန်အတွက် မှန်အိမ်ကလေးတလုံးရမည်၊ ပြတင်းပေါက်တွင် တင်ထွန်းရန် ဖ ယောင်းတိုင်ကလေးဖြစ်ဖြစ် ရှိရမည်၊ ထိုအခါတွင် အဝေးမှာပြန်လာသည့် အိမ်ဦးနတ်သည် ပြတင်းမှ မီးရောင်ကို မြင် သည့်အခါတွင် “ကြည့်စမ်း၊ ငါ့မိန်းမဟာ ဖယောင်းတိုင်ကလေးထွန်းပြီး ငါ့ကို ကြိုရှာတယ်” ဟု တွေးပေလိမ့်မည်”
သည်တိုက်ခန်းက မိန်းမသားတွေကတော့ သည်လို ကြိုတာမျိုးမရှိ။ ပြန်လာသည့် အိမ်ဦးနတ်ကလည်း ငါ့ကို မကြိုလေ ခြင်းလို့ ခံစားနေသူတွေ မဟုတ်။ သို့သော် အချိန်တန်တော့လည်း ကြိုးပုခက်ပေါ်မှာကလေးတွေ ရှိလာကြသည်သာ။ ကျတော်တို့သည်လည်း သည်တိုက်ခန်းကလေးပေါ်က ကြိုးပုခက်မှာ သမီးကလေးကို တင်လွှဲခဲ့ကြရသေးသည်။ တ ရုတ်ကဗျာဆရာ အိုက်ချင့်ကတော့ “တဖျပ်ဖျပ်တောက်နေတဲ့ ဓားရွက်ပြားကြီးတွေ ငါတို့ မြှောက်ကြ၊ ကြက်သွေးရောင် ပိတ်စတွေ ငါတို့ရက်ကြ၊ ကြိုးတန်းပေါ် ငါတို့ လျှောက်ကြ၊ ဓားရှည်ကြီးတွေကို ငါတို့မျိုချကြ၊ အဲသဟာ ငါတို့ဘဝ” လို့ ကဗျာရေးသည်။ နောက်တပုဒ်မှာတော့ “ငါ့ခရီးဖော်ရဲ့ နောက်ကျောပြင်ကို ငါ ကြည့်လိုက်တယ်၊ သူ့ပခုံးပေါ်က မျောက်က ငါ့ကို သွားဖြဲပြလို့။ ခြေလှမ်းကျဲကြီးတွေနဲ့ တကောက်ကောက်လိုက်နေရ၊ သစ်တောနဲ့ မြစ်တွေကို ကျော် ဖြတ်ရင်း” တဲ့။ ဒါလည်း ကျတော်တို့နှင့် မထူးပါ။ ရုပ်တရားအစု၊ ဝေဒနာအစု၊ သညာအစု၊ သင်္ခါရအစု၊ ဝိညာဉ်အစု တည်းဟူသော ခန္ဓာငါးပါး၏ ပခုံးစွန်းပေါ်က ကိလေသာ ကာမမည်သော အာရုံကိုတပ်နှစ်သက်သော တဏှာမျောက်၏ သွားဖြဲပြရာနောက်ကို တကောက်ကောက် လိုက်နေရသူချည်း ဖြစ်သည်။
အင်ပါယာစတိုင် (Empire Style) ပရိဘောဂဟောင်းတွေပေါ်ထိုင်ကြရင်း ရှေးတိုင်ကပ်နာရီကြီးဆီက မွန်းတည့် ၁၂ နာ ရီထိုးသံကြားတိုင်း နေစကြဝဋ္ဌာအကြောင်း ပြောဖြစ်ခဲ့ကြသော ထိုနှစ်ခန်းတွဲ အိမ်ကလေးကို ကျတော်တို့နှစ်ယောက်စ လုံး အောက်မေ့ကြပါသည်။ လွမ်းလည်း လွမ်းကြပါသည်။
နေဝင်းမြင့်
အိမ်ကလေး ၁၆ လုံးမှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis