menu

Sunday 19 February 2012

မကွေးမြို့ ရေသန့်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွား





မကွေးမြို့ ပြည်တော်သာလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ ကောင်းမွန်ရေသန့်စက်ရုံတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရေသန့်စက်ရုံ အတွင်း ရေသန့်ဘူး၊ အဖုံး  တို့ကို ပါကင်ပိတ်ရာတွင် အသုံးပြုသော အပူပေးစက်၏ ၀ါယာကြိုးမှ အပူချိန်များ၍ ၀ါယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''မီးလောင်လောင်ချင်း မီးသတ်ဦးစီးဌာနကို အကြောင်းမကြားဘဲ သူတို့ဘာသာသူတို့ ကျိတ်ပြီးငြှိမ်းသတ်နေခဲ့လို့ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှုများခဲ့ရတာပါ။ မီးလောင်တဲ့အဆောက်အဦက ပေ ၈၀X၃၀ ရှိ တဲ့  RC တစ်ထပ် အဆောက်အအုံပါ။ အမိုးတွေ ပျက်စီးခဲ့ပြီး ရေသန့်ဘူး ၃၀၀ လောက်ပျက်စီးခဲ့ပါတယ်။ စက်ရုံအလုပ်ရုံတွေက မီးသတ်စက်၊ ကိရိယာတွေတပ်ဆင်တဲ့အခါ မီးသတ်ဦးစီးရဲ့အကြုံပြုမှုတို့ တကယ်တမ်းကျွမ်းတဲ့ပညာရှင်ရဲ့ တွက်ချက်မှုတို့ကို ရယူသင့်ပါတယ်။ အခုကျတော့ စက်ရုံတစ်ရုံမှာ မီးသတ်နဲ့ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီဆိုရင် အခြားစက်ရုံတစ်ရုံကို နမူနာကြည့်ပြီး တပ်ဆင်ကြတာများပါတယ်။
အခုလည်း မီးလောင်လောင်ချင်းသူတို့ သိသလောက်နဲ့ ကျိတ်ပြီးငြှိမ်းနေပြီး မနိုင်တော့တဲ့ အခြေအနေမှ မီးသတ်ဦးစီးဌာနက သိခဲ့ရတာပါ။ မကွေးမြို့မှာရှိတဲ့ အခြားပုဂ္ဂလိကပိုင်ရော၊ အစိုးရပိုင်အဆောက်အအုံတွေမှာ တပ်ဆင်ထားတဲ့ မီးငြှိမ်းသတ်ဖို့ ရေပိုက်စနစ်တွေ၊ ရေလှောင်ကန်ထားရှိမှုတွေကို  ကွင်းဆင်းလေ့လာကြည့်ခဲ့တော့ အမှန်တကယ် မီးငြှိမ်းသတ်ဖို့ မဖြစ်နိုင်တာတွေ တွေ့ရှိရပါတယ်'' ဟု မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမီးလောင်မှုမှာ မကွေးမြို့ပေါ်တွင် ၂၀၁၂ ခုနှစ် ပထမဆုံး လောင်ကျွမ်းမှုဖြစ်ကြောင်း၊ ယခင်နှစ် ၂၀၁၁ ခုနှစ်က မကွေးတိုင်းဒေသကြီးအတွင်း မီးလောင်မှုပေါင်း ၅၆ မှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်မှရှော့ခ်ဖြစ်လောင်ကျွမ်းမှု ငါးမှုပါဝင်ခဲ့ ကြောင်း၊  မီးဘေးဒုက္ခသည် ၃၄၁ဦး ရှိကာ သေဆုံးသူသုံးဦးရှိခဲ့ကြောင်း သိရသည်။ ယခုကောင်းမွန် ရေသန့် စက်ရုံမီးလောင်မှုတွင် မကွေးမြို့နှင့် မင်းဘူးမြို့တို့မှ မီးသတ်ယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ်သုံးစီးနှင့် မီးသတ်သမားဦးရေ ၆၀ ခန့် လာ ရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။  ထိုအမှုကို မကွေးမြို့အမှတ် ၁ ရဲစခန်းမှ ဥပဒေပုဒ်မ ၂၈၅(ပ) ၂၅/၂၀၁၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis