menu

Thursday 23 February 2012

ဒိုက်သဘင်(စိုးဘားဒိုင်)



ရန်ကုန်မြို့တောင်ဘက် ၉ မိုင်အကွာရှိ ဒလတွင် အမှိုက်ပုံကို ဖြတ်ကာ သောက်ရေခပ်ပြန်လာသော မိန်းကလေးငယ်တစ်ဦး

ရေသန့်ဘူးတွေပေါ်လာတော့ ရွာကနေအလည်ရောက်လာသည့် ကျွန်တော့်ဘကြီးပြောတာလေးကို သတိရသည်။ ရေကိုဝယ်သောက်နေကြမှတော့ မင်းတို့ကောင်တွေ လူမွေးလူရောင် ဘယ်ပြောင်တော့မှာလဲကွ ဟူ၍ဖြစ်သည်။ ဘကြီးတို့ခြံထဲက ရေတွင်းကကြည်လဲ့ပြီးသန့်ရှင်းလှ သည်။ မြို့ပေါ်မှာက တဖြည်းဖြည်း ညစ်ပတ်လာသည်။ ရေတွေကလည်း သန့်ရှင်းမှု နည်းလာသည်။ ဘကြီးက ရေကိုကျိုချက်ပြီးမှ ရေနွေးကြမ်းအဖြစ် သောက်သည်။


ရေကိုကျိုချက်ထားသည့် ဒန်ရေ နွေးအိုးက နှစ်ကြာလာပြီဖြစ်၍ မီးခိုးမှိုင်းများထူထပ်ကာ မည်းနက်နေသည်။ ရေနွေးအိုး၏အတွင်းပိုင်းမှာ ရေကပါလာသည့်ခဲတွေ ကပ်ငြိနေခြင်းမရှိသဖြင့် သန့်နေသည်။ ကျွန်တော်တို့ဆီက ရေကတော့ နှစ်လလောက်ရေ နွေးကျိုလိုက်လျှင်ပင် ရေနွေးအိုး၏ အတွင်းပိုင်းက ညိုညစ်သောအလွှာတွေ တက်လာသည်။ ခြစ်ထုတ်ပြီး သန့်စင်နေရသည်။ ရေနွေးကြမ်းသောက်သည့်ဓလေ့ကလည်း အားနည်းတော့ ရေကျိုပြီး ရေအိုးထဲထည့်သောက်ကြသည်။

ရေသန့်တွေပေါ်လာတော့ ရေကျိုရတာကို ကရိကထများသည်ဟု ဖြစ်လာကာ ရေသန့်ကိုပဲ လွယ်လွယ်ကူကူ ၀ယ်သောက်ဖြစ်သွားသည်။ ရေကိုဝယ်သောက်နေရသည့်ကိစ္စကို ဘကြီးက အပိုငွေထွက်သည်ဟု မြင်သည်။ ကျန်းမာရေးကြောင့် ရေ၀ယ်သုံးနေရတာကို ဘကြီးနားလည် အောင်ရှင်းပြရသည်။''မင်းတို့မြို့မှာလည်း တစ်ဒုက္ခပါလားကွ။ ငါတို့ဆီမှာတော့ ဒီလိုပဲ သောက်နေကြတာပဲ။ ရေဆိုတာ တစ်ပိဿာပြည့်ရင် သန့်တာပါပဲကွာ။ ဒီလိုပဲ သောက်လာကြတာ။ ကျန်းမာလိုက်ကြတာမှ ဒေါင်ဒေါင်မြည်ပဲဟေ့။''

ဘကြီးစကားကို ကျွန်တော်တို့က ရယ်သွမ်းသွေး၍ မရပါ။ ရေကြောင့်ဖြစ်ရသည့် ရောဂါတွေအကြောင်း သိသလောက်ရှင်းပြရသည်။  ရွာမှာလည်း ရေမသန့်၍ ဖြစ်ရသည့်ရောဂါတွေ တိုးလာတာကို သက်သေနှင့်တကွ ပြောပြရသည်။ ဘကြီးကတော့ သိပ်ပြီးလက်မခံချင်ပါ။ ရွာကနေမြို့ကို လာရောက်ဆေးကုသကြရသည့် သာဓကတွေကိုလည်း ထောက်ပြရသည်။

''မင်းတို့ခေတ်ကျတော့မှ ရောဂါတွေကလည်း ပေါပါ့ကွာ။ ရောဂါဆန်းတွေကလည်း များလိုက်တာမှ မကြားဖူးတာတွေချည်းပဲ။''

''ဘကြီးကလည်း ကိုယ့်ရွာကိုယ်ပြန်ကြည့်ဦးလေ။ စိုက်တာပျိုးတာကလည်း ဓာတ်မြေသြဇာတွေနဲ့ချည်းပဲ။ မြေကိုကျွေးရတာနဲ့၊ အပင်ပေါက်ကို ကျွေးရတာနဲ့၊ အရွက်ကိုကျွေးရတာနဲ့၊ အသီးကိုကျွေးရတာနဲ့ မဆုံးနိုင်ဘူးမဟုတ်လား။ ဒီကြားထဲ ပိုးသတ်ဆေးတွေကလည်း မျိုးပေါက် ကနေ အပင်အသီးတွေထိ မဆုံးနိုင်တော့ဘူး။ ဒါတွေက လူတွေရဲ့ ကျန်းမာရေးကို လာထိတာပဲဘကြီးရ။''
''မင်းပြောတာလဲဟုတ်သား။ အရွက်တွေက ပိုဖားလာ၊ အသီးတွေက ပိုကြီးလာနဲ့ကွာ။ ချိုလိုက်တာများကလည်း သကြားခဲကိုက်ရသလား အောက်မေ့ရတယ်။ ဘာစားစား ချိုနေတာပဲကွ။ သူ့သဘာဝ ဒီလောက်မှ မချိုတာ။''

''ဒါကြောင့်ပြောတာပေါ့ ဘကြီးရ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာက လူတွေရဲ့ကျန်းမာရေးကို ဒုက္ခပေးမယ့် ရေတွေ၊ လေတွေ၊ မိုးတွေက ပြည့်နေတာ။ ကျွန်တော်တို့ ကျန်းမာရေးကို သတိမပြုလို့မရဘူး။ ဖြစ်လာရင်ဆေးဝါးကုသရတဲ့စရိတ်က လည်း မနည်းဘူးလေ။''
ဘကြီးက ခေါင်းတညိတ်ညိတ်လုပ်နေတော့သည်။ ယခုအခါ အော်ဂဲနစ်စားသောက်ဖွယ်တွေ ပြန်လည်ဖော်ထုတ်နေကြသည်များကိုလည်း ဘကြီးနားလည်မည့် စကားလုံးတွေဖြင့် ပြောပြရသည်။ ဘကြီးမျက်နှာက စိတ်ပျက်လက်ပျက်ပုံစံကို ရောက်လာသည်။''မင်းတို့ခေတ် လူဖြစ်ရတာ မသက်သာပါဘူးကွာ။ ဘေးကျပ်နံကျပ်နဲ့ သွားရလာရ၊ စားရသောက်ရ နေထိုင်ကြရနဲ့ အလကားရတဲ့လေတောင် မွန်းသလိုလိုကွာ။ ငါရွာမှာနေရတာပဲ ကောင်းပါတယ်။''သည်တစ်ခါကျတော့ ဘကြီ ကိုယ်တိုင်က ရယ်ပြီးပြောသဖြင့် ကျွန်တော်ကလည်း လိုက်ရယ်လိုက်ရသည်။ သူ့ခေတ်နဲ့သူ လိုက်လျောညီထွေ နေထိုင်ရှင်သန်နေကြရသည်ကို သိသာအောင် ကျွန်တော်က ရှင်းပြရသည်။
''အဓိကကတော့ လူပဲကွ။ ဒါတွေက လူတွေကလုပ်လို့ ဖြစ်လာကြတာ။ လုပ်တဲ့သူကလည်း နောက်ကလိုက်ပါတဲ့လူက လိုက်ပါနဲ့ အကုန်လုံးဖြစ်သွားကြတာပဲ။ လူကိုလူက ဖျက်တယ်ဆိုတာ ဒါမျိုးပဲနေမှာ။ ငါတို့တုန်းကတော့ ဓားကိုဖျက် ၀ါးမြက်၊ လူကိုဖျက်အရက်တဲ့ကွ။ ခုဒီ လောက်နဲ့ မရတော့ဘူး။ လူကိုလူက ဖျက်နေတာပဲကွ။''

လွန်ခဲ့သည့် လေးနှစ်လောက်က ရွာအလည်ရောက်တော့ ကျွန်တော်တို့ ရေကူးဒိုက်ထိုးခဲ့ကြသည့်ချောင်းမှာ ကျဉ်းလည်းကျဉ်းသွားသည်။ အမှိုက်တွေ၊ ဒိုက်သရောတွေဖြင့် ပွနေသည်။ ရေကလည်း ဘာရောင်ပေါက်နေသည်ဟု ပြောရခက်အောင် ညစ်နေသည်။ သပြေပင်ကြီးတွေလည်း မရှိတော့။ အပင်ကြီးတွေအောက်က စမ်းချောင်းသည် ကွင်းပြင်က ရေမြောင်းကလေးဖြစ်နေလေပြီ ...

ဘကြီးစိတ်ပျက်လက်ပျက် ပြောသည်။ တကယ်တော့ လူကိုလူကဖျက်နေသည့်ကိစ္စတွေက လူ့လောကတွင် ထမင်းစားရေသောက်ဖြစ်နေတာကို ပြောပြရလျှင်ဘကြီးအတွက် နေစရာနေရာ၊ ပြန်စရာရွာပင်ရှိလိမ့်မည် မဟုတ်ပေ။ သေချင်စိတ်ပင် ပေါက်သွားနိုင်လေသည်။ လူတွေက နောက်ကနေလိုက် ယောင်ရတာကိုပင် ရှေ့ကနေပါဝင်သူဟု ထင်နေကြသည့် ကာလဖြစ်နေသည်ကို ဘကြီးနားလည်နိုင်ဖို့ မလွယ်ပေ။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ သွားရေး၊ လာရေး စသည့် နိစ္စဓူဝသာမက ပေါင်းသင်းဆက်ဆံရေး၊ လူမှုဆက်ဆံရေး၊ လုပ်ရေးကိုင်ရေး၊ ပြောရေးဆိုရေးတွေမှာပါ သူတို့၏အပြုအမူတွေ၊ အကျင့်အကြံတွေ၊ စိတ်သဘောထားတွေ၊ နားလည်မှုတွေ၊ အမှန်အမှားပိုင်း ဖြတ်မှုတွေက ရောထွေးလျက်ရှိ သည်။ ယဉ်ကျေးမှုဓလေ့စရိုက်တွေလည်း ထွေပြားရော့ရဲလာသည်။
ဘကြီးတို့ငယ်ငယ်က ရေနှင့် ယခုရေ ကွာသွားပြီဖြစ်သည်။ ကျွန်တော်တို့ငယ်ငယ်က ရွာချောင်းတွင် ရေကူးကြတာကို သိရသည်။ ချောင်းရေက သန့်ရှင်း စိမ်းလဲ့နေသည်။ ရေကြမ်းပြင်က ခဲလုံးကလေးတွေကို မြင်နေရသည်။ သဲပွင့်ကလေးတွေကို မြင်နေရသည်။ ချောင်းစပ်က သစ်ပင်ကြီးတွေပေါ်ကနေ ရေထဲကို ခုန်ချကြသည်။ ဒိုင်ဗင်ထိုးချကြသည်။ သပြေသီးမှည့်ချိန်ဆိုလျှင် သပြေပင်ကြီးပေါ်မှာ သပြေသီးမှည့်တွေ ခူးစားလိုက်၊ ချောင်းထဲထိုးချလိုက်နှင့် ပျော်စရာကောင်းလှသည်။

ရေသောက်ချင်လည်း ရေကူးနေချိန်သဲတွေပါနေသဖြင့် ရေထဲခဏ ရပ်စောင့်လိုက်သည်နှင့် လက်ခုပ်ဖြင့် ရေသောက်၍ရပြီဖြစ်သည်။ ထိုရေကိုပဲ ကျွန်တော်တို့ သောက်ခဲ့ကြသည်။ တောင်ပေါ်ကနေပြီးဆင်လာသည့် တောင်ကျရေဖြစ်သဖြင့် ရင်ထဲအေးသွားသည်။

လွန်ခဲ့သည့် လေးနှစ်လောက်က ရွာအလည်ရောက်တော့ ကျွန်တော်တို့ ရေကူးဒိုက်ထိုးခဲ့ကြသည့်ချောင်းမှာ ကျဉ်းလည်းကျဉ်းသွားသည်။ အမှိုက်တွေ၊ ဒိုက်သရောတွေဖြင့် ပွနေသည်။ ရေကလည်း ဘာရောင်ပေါက်နေသည်ဟု ပြောရခက်အောင် ညစ်နေသည်။ သပြေပင်ကြီးတွေ လည်း မရှိတော့။ အပင်ကြီးတွေအောက်က စမ်းချောင်းသည် ကွင်းပြင်က ရေမြောင်းကလေးဖြစ်နေလေပြီ။ လူနေအိမ်တွေကလည်း စမ်းချောင်းကလေးကို မေးတင်နေကြလေပြီ။ စမ်းချောင်းကလေးမှာ နောက်ဆုံး ထွက်သက်ကို လုရှူနေရသည့် လူ မမာဖြစ်နေလေပြီ။

သို့သော် ကျွန်တော်တို့ အဘိုး၊ အဖေ၊ ဘကြီး၊ ဦးလေးတို့ကနေ ကျွန်တော်တို့ ငယ်စဉ်အချိန်ကတည်းကရှိနေခဲ့သော သူငယ်မျိုးဆက်ကတော့ ရှိနေသေးသည်။ ထိုသူငယ်ကလေးတွေက ချောင်းထဲသို့ ဒိုက်ထိုးနေကြသည်။ ရေညစ်ညစ်၊ အမှိုက်တွေကြား ရေကူးနေကြသည်။ သူတို့ ကိုယ်ပေါ်၊ ခေါင်းပေါ်မှာ အမှိုက်သရိုက်တွေ တင်နေသည်။ ရေညစ်တွေက သူတို့ကိုယ်မှာ ချွဲကျိပြီးစိုနေသည်။ သူတို့သည် ထိုအမှိုက်သရိုက် ပွနေသည့် ရေညစ်ညစ်ထဲကို ဒိုက်ထိုးချလိုက် ရေကူးလိုက်ဖြင့် ပျော်နေကြလေသည်။
သူတို့ကလေးတွေမှာ ဒိုက်ထိုးစရာ၊ ရေကူးစရာဟူ၍ ထိုရေဆိုး မြောင်းသာသာလေးပဲ ရှိကြတော့သည်။ ထိုရေဆိုးမြောင်းသာသာလေးမှာပဲ သူတို့ပျော်နေကြရသည်။ ရေသန့်ခြင်း မသန့်ခြင်း၊ အမှိုက်ပွခြင်း မပွခြင်း၊ ညစ်ပတ်ခြင်း မညစ်ပတ်ခြင်းကိစ္စများ သူတို့ခေါင်းထဲ မရှိသလို ပျော်နေကြသည်။

ကျွန်တော်ထိုမြင်ကွင်းကလေး ကိုဘကြီးကို ပြန်ဖောက်သည်ချတော့ သနားစရာ သူငယ်ကလေးတွေပါကွာ ဟု မှတ်ချက်ချသည်။ ထိုသူငယ်လေးတွေသည် ကျွန်တော်တို့၏ မျိုးဆက်များပင် မဟုတ်ပါလား။ ထိုမျိုးဆက်ကလေးတွေကို ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့မိဘဘိုး ဘွားများပေးနိုင်သည့် သဘာဝရေကူးစရာ၊ ဒိုက်ထိုးစရာကလေးတောင် ကျွန်တော်တို့ ဖန်တီးမပေးနိုင်တော့သည့် အနေအထားကို ရောက်လာသည်။ ရေကူးကန်တွေ၊ ဒိုက်ဗင်စင်တွေကို ကျွန်တော်တို့ ဖန်တီးပေးထားကြသည်။ ကလေးတိုင်း၊ သူငယ်တိုင်းတော့ မကူးနိုင်၊ ဒိုက်မထိုး နိုင်ပါ။ အကန့်အသတ် ရှိလာသည်။ ရွေးချယ်မှုရှိလာသည်။ သို့သော် ကျွန်တော်တို့လူကြီးတွေကိုယ်တိုင် ပျော်ပျော်ပါးပါးကြီး ကူးကာ၊ ပျော်ပျော်ပါးပါးကြီး ဒိုက်ထိုးနေကြသည့် အမှိုက်သရိုက် ပွရောင်းပုပ်ဟောင်ကာ ရေဆိုးရေညစ်တွေ ပြည့်နေသည့် လောကကြီးကတော့ ရှိနေသည်။
ထိုလောကရေဆိုးမြောင်းကျယ်ကြီးတွင် ဒိုင်ဗင်တွေထိုးကြ၊ ကျွမ်းတွေပစ်ကြ၊ ရေတွေကူးကြနှင့် ပျော်ပါးနေကြသည်ကိုတော့ မျက်ရှောင်မလွဲ တွေ့နေရလေသည်။ ဒိုက်ပွဲသဘင်တွေ ဆင်နွှဲကာ ခေါင်းမော့ရင်ကော့ ဂုဏ်ယူဝင့်ကြွားလျက် ရှိနေကြသည်။ ကိုယ်တွင်ကပ်ငြိနေသည့် အမှိုက်သရိုက်နှင့် စွဲနေသည့် ရေဆိုး ရေညစ်တွေဖြင့် တလွှားလွှားရှိနေကြသည်ကို တွေ့နေရလေသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis