menu

Thursday 23 February 2012

ဆောင်းဦးလှိုင်နဲ့ သူ့ပရိသတ်တို့ နှလုံးသားတွေ လှူခဲ့ကြတဲ့ပွဲမှ အလှူငွေပေါင်း ၁၂၆ သိန်းရရှိခဲ့



ဆောင်းဦးလှိုင်ကို ဂုဏ်ပြုပန်းစည်း ပေးနေတဲ့ ဦးကျော်သူနဲ့
ပရိသတ်တစ်ဦး။
ဓာတ်ပုံ - ရတနာ
လူတွေများစွာ သူတို့ရဲ့ ဖြူစင်မြင့်မြတ်တဲ့ နှလုံးသားကို ပြီးခဲ့တဲ့ သောကြာနေ့က အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ တေးသံရှင် ဆောင်းဦးလှိုင်ရဲ့ 'နှလုံးသားတွေ လှူမယ့်ည' တစ်ကိုယ်တော်ဖျော်ဖြေ ပွဲမှာ လှစ်ဟဖွင့်ပြခဲ့ကြပါတယ်။
ပရိသတ်တွေရဲ့အားပေးမှုကို အထူး ရရှိခဲ့တဲ့ အဆိုတော် ဆောင်းဦးလှိုင်က "ရုံကလည်း ပြည့်တယ်။ ပရိသတ်တွေလည်း အများကြီးလာကြည့်သွားတယ်။ အလှူငွေတွေလည်း ရတယ်ဆိုတော့ ပွဲက အောင်မြင်တယ်။ ဒါပေမယ့် ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပဲပြောရရင် ကျွန်တော် ပေါ်ပြူလာဖြစ်နေသေးလို့၊ ကျွန်တော့ သီချင်းတွေ ဈေးကွက်ထဲမှာ ရောင်းအားကောင်းနေသေးလို့၊ နာမည်ကြီးထိပ်တန်းအဆိုတော်တစ်ယောက်ဖြစ်နေသေးလို့ အောင်မြင်တာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်းတွေအတွက် လုပ်တဲ့ ပွဲမို့လို့ ကျွန်တော့ရဲ့ လူမှုရေးစိတ်ဓာတ်ကို လာအားပေးတဲ့ ပွဲပါ။ ဒါကြောင့် ကိုဆောင်းဦးလှိုင် အောင်မြင်တာမဟုတ်ပါဘူး။ လူမှုရေး စိတ်ဓာတ်က အောင်မြင်တာပါ"လို့ ပွဲအပြီးမှာ မြန်မာတိုင်း(မ်)ကို ပြောခဲ့ပါတယ်။

အဆိုကောင်းသလို သီချင်းတွေလည်း အရေးကောင်းတဲ့ ဆောင်းဦးလှိုင်ဟာ ၁၉၉၀ ပြည့်နှစ်မှာ တေးရေးတစ်ယောက် အဖြစ်နဲ့ အနုပညာလောကထဲ စတင် ခြေချခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမဆုံး တစ်ကိုယ်တော်စီးရီး 'မင်းရဲ့သူရဲကောင်း' ကို ၁၉၉၃ ခုနှစ်မှာ ပရိသတ်ကို မိတ်ဆက်ခဲ့ပြီးတဲ့နောက် အောင်မြင်တဲ့ အဆိုတော် ဘ၀ကို ရရှိခဲ့တာဖြစ်ပါတယ်။
ယနေ့ချိန်ထိ တစ်ကိုယ်တော်အခွေ ပေါင်း ၁၂ ခွေ ထုတ်လုပ်ဖြန့်ချိခဲ့ပြီး လူ ကြိုက်များခဲ့တဲ့ 'ခရီးသွားငါးယောက်' အဖွဲ့နဲ့ '၁၉ နာရီ ၁၈ မိနစ်' အခွေတွေရဲ့ စီစဉ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီလို အနုပညာခရီးလမ်းမှာ အောင်မြင်မှုမှတ်တိုင်တွေ အများအပြားစိုက် ထူနိုင်ခဲ့တဲ့ ဆောင်းဦးလှိုင်ဟာ လူမှုရေး လုပ်ငန်းတွေကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး သေချာထဲထဲ ၀င်ဝင် ပါဝင်လုပ်ဆောင်ဖြစ်ခဲ့တာတော့ ၂၀၀၇ ခုနှစ်နောက်ပိုင်းကျမှ ဖြစ်ပါ တယ်။
"ကျွန်တော်တို့တိုင်းပြည်က လှိုင်းကြီးတွေ တစ်ခုပြီးတစ်ခု ရိုက်ခတ်ခံရတဲ့ အချိန်မှာ ဥပမာပြောရရင် နာဂစ်ပေါ့ဗျာ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုနှစ်သိန်း ကျော်လောက်က ဒီမုန်တိုင်းဒဏ်ကြောင့် အသက်ဝိညာဉ်ချုပ်ငြိမ်းခဲ့ရတယ်။ ဘ၀တွေပျက်၊ ကျောင်းတွေပျက်၊ စည်းစိမ် ဥစ္စာတွေ ပျက်ခဲ့ရတယ်ဆိုတော့ ဆင်းရဲတဲ့ ဒီနိုင်ငံလေးထဲမှာ ဒီလိုကံကြမ္မာဆိုး လှိုင်းတွေ တစ်ခုပြီးတစ်ခု ရိုက်ခတ်တာ ကိုမြင်ရတော့ ဒီအတိုင်းနေရင် တိုင်းသူ ပြည်သားတစ်ယောက်အနေနဲ့ တာဝန် မကျေရာရောက်မယ်၊ တစ်ခုခုလုပ်မှ ဖြစ်တော့မယ် ဆိုပြီး နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတာကြောင့် ဒီလိုလူမှုရေးလုပ်ငန်းတွေမှာ ပိုပြီးလုပ်ဖြစ်ခဲ့တာပါ"လို့ လူမှုရေးအလုပ်တွေ လုပ်ဖြစ်ဖို့ သူ့ကို လှုံ့ဆော်ခဲ့တဲ့အကြောင်းတွေကို ပြောပြပါတယ်။
အဲဒါကြောင့်လည်း ဖျော်ဖြေပွဲညလေးဟာ သူ့ရဲ့လုပ်ရပ်စိတ်ဓာတ်ကို အားပေးချင်လို့ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ စည်ကားသက် ၀င်ခဲ့ပါတယ်။
"ဆောင်းဦးလှိုင်က အရင်ကတည်းက လှူတာတန်းတာတွေလည်း တွေ့နေရတော့ သူလုပ်တဲ့ အလုပ်လေးတွေကို သဘောကျတယ်။ အခုဒီပွဲကလည်း ပရဟိတအတွက် လှူမယ့်ပွဲလေးဆိုတော့ ကိုယ်လည်း လှူဖြစ်သွားအောင်ဆိုပြီး လာကြည့်တာပါ"လို့ သမီးတစ် ယောက်နဲ့ ပွဲလာကြည့်တဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်အေးက သူပွဲလာကြည့်ဖြစ်တဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
အဲဒီလို ပရိသတ်ရဲ့မွန်မြတ်တဲ့နှလုံးသားနဲ့ အဆိုရှင်ဆောင်းဦးလှိုင်ရဲ့မွန်မြတ်လှတဲ့ နှလုံးသားတို့ တစ်ထပ်တည်းကျခဲ့တာကြောင့် ပရိသတ်တွေဟာ ဆောင်းဦးလှိုင်ဖျော်ဖြေနေချိန်မှာ ပန်းစည်းတွေ၊ အလှူငွေတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ချီးမြှင့် ခဲ့ကြပါတယ်။
ဒါကြောင့် ဆောင်းဦးလှိုင်ဟာ ဖျော်ဖြေပွဲက ရရှိတဲ့အနုပညာကြေး သိန်း ၉၀ အပြင် ပွဲညမှာ ရရှိခဲ့တဲ့ အလှူငွေ ၃၆ ကိုပါ ထပ်ပေါင်းပြီး စုစုပေါင်း ၁၂၆ သိန်းထဲက မိဘမဲ့ကလေးကျောင်းကို သိန်း ၃၀ နဲ့ ကျန်ငွေတွေကိုတော့ နာရေး ကူညီမှုအသင်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကို တစ်ဝက်စီ လှူဒါန်းသွားမှာ ဖြစ်တာကြောင့် နတ်လူသာဓုခေါ်ဆိုရမယ့်အလှူပွဲလေးပဲ ဖြစ်ပါတယ်။
Myanmar Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis