menu

Saturday 2 November 2013

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

Photo: တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

(ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis