menu

Thursday 20 March 2014

မလေးရှား ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်မှ ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်လေဆိပ်သို့ ခေတ္တဆင်းသက်


မတ် ၁၈ ရက်က မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ပျံသန်းစဉ် ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေတ္တဆင်းသက်ခဲ့ရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ဒါကာမြို့သို့ ထွက်ခွာလာသော မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ် ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်သည် မတ် ၁၈ ရက်က မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း ပျံသန်းစဉ် ည ၉ နာရီ ၅၃ မိနစ်အချိန်တွင် လေယာဉ်ပေါ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ခရီးသည်တစ်ဦး အရေးပေါ် ဆေးကုသမှုလိုအပ်၍ လေကြောင်းထိန်း မျှော်စင်သို့ အကြောင်းကြားပြီး ရန်ကုန်လေဆိပ်၌ ဆင်းသက်ရန် တောင်းဆိုခဲ့သည်။

“ခရီးသည်တင်လေယာဉ်က ထားဝယ်မြို့အနားကို ဖြတ်သန်းနေတဲ့အချိန်မှာ သူတို့လေယာဉ်ပေါ်မှာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ လူနာတစ်ဦးပါလာလို့ ရန်ကုန်လေဆိပ်မှာ ဆင်းသက်ဖို့ ခွင့်တောင်းပါတယ်။ ဒါကြောင့်မို့ လေကြောင်းဦးစီးဌာနက ခွင့်ပြုပေးခဲ့ပြီး ရန်ကုန်လေဆိပ်မှာ လေယာဉ်ကိုဆင်းစေပြီး ကူညီမှုတွေ ပေးခဲ့တယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက မတ် ၁၉ ရက်က ဆိုသည်။



အဆိုပါ မလေးရှားလေယာဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်ခွင့်ပြုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ခရီးသည် လူနာအား လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်ကာ ရန်ကုန်လေဆိပ်ရှိ တာဝန်ကျဆရာဝန်မှ ကနဦး ကြည့်ရှုစစ်ဆေးပြီးနောက် မရမ်းကုန်းမြို့နယ်ရှိ ၀ိတိုရိယဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဝိတိုရိယဆေးရုံမှ အဆိုပါလူနာအား ဆေးရုံတင် ဆေးကုသမှုပေးရန် ငြင်းဆိုခဲ့သောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်တင်ပို့ ကုသပေးခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါ မလေးရှားလေကြောင်းလိုင်းမှ ဘင်္ဂလားဒေ့ရှ်လူမျိုး ခရီးသည်လူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ခရီးသည်တင်လေယာဉ် ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်တွင် ခရီးသည် ၁၀၆ ဦး လိုက်ပါလာပြီး အရေးပေါ်ဆေးကုသမှု လိုအပ်သော ဘင်္ဂလားဒေ့ရှ်ခရီးသည်အား ရန်ကုန်မြို့တွင် ထားရစ်ခဲ့ကာ မတ် ၁၈ ရက် ည ၁၁ နာရီမိနစ် ၅၀ တွင် ဒါကာမြို့သို့ ပြန်လည်ထွက်ခွာသွားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis