menu

Sunday 2 February 2014

ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက်အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကို ခေါ်ယူစစ်ဆေးနေ

Photo: ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက်အား အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကို ခေါ်ယူစစ်ဆေးနေ

အပတ်စဉ်ထုတ် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက်ကို အစိုးရလျှို့ဝှက်ချက်များဥပဒေဖြင့် အရေးယူဆောင်ရွက်နေပြီး ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်သုံးဦးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

ဇန်န၀ါရီလ ၂၃ ရက်နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက်စက်ရုံဟုဆိုသော ခေါင်းစဉ်ဖြင့် သတင်းစတင်ဖော်ပြခဲ့သည်။ ထို့နောက် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ်အတွဲ ၃၊ အမှတ် ၅ တွင် က.ပ.စ(၂၄) ဓာတုလက်နက်စက်ရုံမဟုတ်ဟု စက်ရုံတာဝန်ခံငြင်းဆို သတင်းကို ဆက်လက်ဖော်ပြခဲ့သည်။

ပထမသတင်းဖော်ပြအပြီး တစ်ပတ်အကြာ၌ ထွက်ရှိလာသော ဂျာနယ်၌ လျှို့ဝှက်လက်နက်စက်ရုံသတင်းနှင့် ပတ်သက်၍ ယူနတီဂျာနယ် တာဝန်ရှိသူများအား စုံစမ်းနေကြောင်း မျက်နှာဖုံးသတင်းခေါင်းစဉ်နှင့်အတူ စက်ရုံတာဝန်ခံ၏ ငြင်းဆိုမှုသတင်းကို ထပ်မံဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ သတင်းနှစ်ပုဒ်ဖော်ပြအပြီး ဇန်န၀ါရီ ၃၁ ရက် ည ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် ယူနတီဂျာနယ်၏ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်(ကလောင် အမည်လူမော်)အား သက်ဆိုင်ရာမှ မေးမြန်းရန်အတွက် လာရောက်ခေါ်ယူခဲ့ကာ ထိုညမှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့၏ နေအိမ်များသို့လည်း သက်ဆိုင်ရာမှ လာရောက်မေးမြန်းမှုများရှိခဲ့ကြောင်း သိရသည်။ ထို့အတူ ယူနတီဂျာနယ် ထုတ်ဝေသူဖြစ်သော ဒေါ်လတ်လတ်၏ နေအိမ်သို့လည်း “သန်းခေါင်စာရင်း ကောက်ယူသည့် ပုံသဏ္ဌာန်”ဖြင့် လာရောက်မေးမြန်းမှုများ ရှိခဲ့ကြောင်း သိရသည်။

“မနေ့ညက ၁၁ နာရီ ၁၀ မိနစ်လောက်က ခေါ်သွားတာ။ သူတို့ပြောတာက ဒါ လာဖမ်းတာမဟုတ်ပါဘူးပေါ့လေ။ မြို့နယ်မှူးက စကားနည်းနည်း ပြောစရာရှိလို့၊ မေးစရာရှိလို့ပါ ဆိုပြီးတော့ သူတို့ပြောတယ်။ ရဲရှစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက် ကိုးယောက်ပေါ့။ ရောက်သွားတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဒါပေမဲ့ သူတို့က ကိုလူမော်နိုင်ကို ဖမ်းချုပ်လိုက်ပြီ ဆိုပြီးတော့ သူတို့က ပြောတယ်”ဟု ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်၏ ဇနီး မလွင်လွင်မြင့်က ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

“မနေ့ညကတော့ ကျွန်တော်တို့ ပေါက်က သတင်းထောက်ဖြစ်တဲ့ ကိုလူမော်နိုင်ကို သူတို့သက်ဆိုင်ရာက လာပြီးဖမ်းတယ်။  မြို့နယ်ရဲမှူးကြီးသန်းအေးဆိုတဲ့၊ သူ့ရဲ့ခိုင်းစေချက်အရ လာဖမ်းတယ်။ အဲဒီအချိန်က ကိုလူမော်နိုင်နဲ့ ဖုန်းအဆက်အသွယ်အရ သူက ကျွန်တော့်ကိုတော့ လာဖမ်းပြီ၊ လိုက်သွားရမလား မေးတယ်။ ကျွန်တော်ကလိုက်သွားပါ။ ပြဿနာမရှိဘူး။ ဖြေရှင်းလိုက်ပါလို့ ပြောလိုက်တယ်။ ပြီးတော့ သူ့ကိုညက စစ်ကြောရေးလုပ်တယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စိတ်ကျေနပ်မှုမရှိသေးတဲ့ သဘောအနေနဲ့ အခုနေပြည်တော်ကနေ ဒီနေ့လာစစ်မယ်လို့ ပြောတယ်ပေါ့”ဟု ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းက ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ အချိန် The Daily Eleven နှင့် သီးခြားတွေ့ဆုံချိန်၌ ပြောကြားသည်။

ဦးတင်ဆန်းသည်The Daily Eleven နှင့် တွေ့ဆုံအပြီး မိနစ်ပိုင်းအကြာ ၁၁ နာရီ ၃၉ မိနစ်အချိန်၌  ဒုရဲအုပ်တစ်ဦးခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်အချို့က ဦးတင်ဆန်းအား  ၎င်းတို့အရာရှိနှင့် တွေ့ဆုံရန် ယူနတီဂျာနယ်တိုက်သို့ လာရောက်ခေါ်ဆောင်သွားသည်။
ယင်းသို့ ခေါ်ဆောင်သွားပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းအချိန်အထိ ဦးတင်ဆန်းနှင့် အဆက်အသွယ် မရရှိခဲ့ပေ။

ထိုအချိန်မှာပင် ယူနတီဂျာနယ် ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို  ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် ပေါက်မြို့နယ်ရဲစခန်းမှ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း မလွင်လွင်မြင့်၏ အတည်ပြုပြောကြားချက်အရ သိရှိရသည်။

ကိုတင်ဆန်းအား စစ်ဆေးမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားပြီးချိန် ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲပိုင်းမှာပင် ယူနတီသတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ အား သက်ဆိုင်ရာက ယူနတီဂျာနယ်တိုက်သို့ လာရောက်ပြီး စစ်ဆေးမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း ယူနတီဂျာနယ်တိုက်မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကနဦး ဖမ်းဆီးခံခဲ့ရသည့် ကိုလူမော်နိုင်၊ စစ်ဆေးမေးမြန်းရန်အတွက် ထပ်မံခေါ်ဆောင်ခံရသော ဦးတင်ဆန်း၊ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့သည်  ပေါက်မြို့နယ် လျှို့ဝှက်စက်ရုံသတင်းနှင့် ပတ်သက်၍ သွားရောက်ရေးသားခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

ယူနတီဂျာနယ်က ဖော်ပြခဲ့သော လျို့ဝှက်လက်နက်စက်ရုံသတင်းတွင် ၎င်းတို့ကိုယ်တိုင်တွေ့ရှိမှုများဟု ဆိုသော အချက်အလက်များနှင့်အတူ ဒေသခံများ၏ ပြောကြားချက်များ၊ ၂၀၀၉ ခုနှစ်ကပင် စတင်တည်ဆောက်နေသည်ဟု ဆိုသော စက်ရုံအတွက် လယ်မြေ ၃၃၃၈၇ဧက သိမ်းယူထားမှုများ၊ ကျေးရွာများ ဖယ်ရှားခံရမှုများနှင့် ကာလပေါက်ဈေးအတိုင်း လျော်ကြေးငွေ မရရှိမှုများကို ရေးသားခဲ့သည်။

ထပ်မံဖော်ပြခဲ့သော စက်ရုံတာဝန်ခံဟုဆိုသော တပ်ကြပ်ကြီးတစ်ဦး၏ ငြင်းဆိုပြောကြားချက်များကိုလည်း ဖော်ပြခဲ့သည့်အပြင် စက်ရုံသတင်းနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများက ယူနတီဂျာနယ်မှ သတင်းထောက်များ၊ သတင်းဓာတ်ပုံနှင့် သတင်းအချက်အလက်များ မည်သည့်နည်းဖြင့် ရယူသွားသည်ကို ဒေသခံရွာသားများထံ စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေပြီး စက်ရုံသတင်းပါပြီး ငါးရက်အကြာတွင် ဂျာနယ်တိုက်ထုတ်ဝေသူအမည်နှင့် အမှုဆောင်အရာရှိချုပ်တို့ကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်လာကြောင်း ရေးသားခဲ့သည်။

ယူနတီဂျာနယ်သည် ကျားဖြူပါတီဟု လူသိများသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလှကျော် ပုဂ္ဂလိက ပိုင်ဆိုင်သည့်ဂျာနယ်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေသူ၏ အမည်မှာ ဦးစိုင်းလှကျော်၏ ချွေးမ ဒေါ်လတ်လတ်ဖြစ်ကြောင်း သိရသည်။

ယူနတီဂျာနယ်၏ လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး The Daily Eleven က ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ဦးစိုင်းလှကျော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်က အသေးစိတ် သိပ်မသိဘူးဗျ။ ဟိုဘက်က ဆုံးဖြတ်ချက် ဘာမှမသိသေးဘူး ဆိုတော့လည်း ကျွန်တော်က ဘာမှလည်း မစဉ်းစားရသေးဘူးလေ။ ဟိုဘက်က ဆုံးဖြတ်ချက်တစ်ခုခုပေးရင်တော့ ကျွန်တော်တို့က ဘယ်လိုလုပ်ရမယ်ဆိုတာ  စဉ်းစားရမှာပေါ့”ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ဂျာနယ်၏ ဖော်ပြချက်များသည် အယ်ဒီတာအဖွဲ့၏ လွတ်လပ်စွာ ဖော်ပြပိုင်ခွင့်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီသတင်းဖော်ပြဖို့အတွက် လှမ်းတိုင်ပင်တာမျိုး မရှိပါဘူးဗျ။ လွတ်လပ်စွာ လုပ်ပိုင်ခွင့်သတ်မှတ်ထားတာကိုး။ ကျွန်တော်တောင်မှ ဂျာနယ်ထွက်လာမှပဲ ဖတ်ရတာပါ။ ဒါမှမဟုတ်ပါဘူး။ စလုပ်ကတည်းက ဒီလိုပါပဲ။ အယ်ဒီတာအဖွဲ့ကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာပါပဲ။ ကျွန်တော်တို့ ပါဝင်ဆုံးဖြတ်တာ မရှိပါဘူး။ သူတို့သင့်လျော်တယ်။ သူတို့မှန်ကန်တယ်။ သူတို့အထောက်အထားခိုင်လုံတယ်ဆိုရင် သူတို့ဖော်ပြတာကို ကျွန်တော်တို့ဘာမှ ပြောခွင့်မရှိဘူးလေ”ဟု ဦးစိုင်းလှကျော်က ဆက်လက်ပြောကြားသည်။

ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းသည် ၁၉၈၈-၈၉ နှစ် အချိန်များက ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ထောင်နှစ်ကြိမ် ကျခံထားဖူးသူ ဖြစ်သည်။

ယူနတီဂျာနယ်အား အရေးယူဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံသို့ အီးမေးလ်ပို့ မေးမြန်းထားသော်လည်း ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီအထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကိုလူမော်နိုင်အား အရေးယူဆောင်ရွက်နေသည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁ (က)/၉တွင် ၃/၁(က)သည် မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကို ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း  ပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးအနားတွင် ရှိနေလျှင်သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင် . . . အစရှိသော ဖွင့်ဆိုချက်ဖြစ်ကြောင်း သိရသည်။          

(ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းအား သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှု မပြုမီ မိနစ်ပိုင်းအလိုတွင် ၎င်း၏ ရုံးခန်း၌ တွေ့ဆုံနေစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis