menu

Sunday 2 February 2014

ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု စိတ်ချရအောင် ဆောင်ရွက်ပြီးသည့် အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

Photo: ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု စိတ်ချရအောင် ဆောင်ရွက်ပြီးသည့် အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်း ပြောကြား

ယခင်အစိုးရလက်ထက် အုပ်ချုပ်သူများ၏ ဘ၀လုံခြုံမှု လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးသည့်အချိန်တွင် အာဏာလွှဲပေးခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းကဲ့သို့ အာဏာလွှဲပြောင်းပေးနိုင်ခဲ့ခြင်းမှာ ၂၀၀၈ ခုနှစ် ပေါ်ပေါက်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပြောင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဥပဒေသာ မရှိခဲ့ပါက ယခင်အစိုးရအနေဖြင့် နောင်တစ်သက်အထိ နောင်အစိုးရကို အာဏာလွှဲပြောင်းပေးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ယခင်အစိုးရက စေတနာထားပြီး ကောင်းအောင် ဘယ်လောက်လုပ်လုပ် အမျိုးမျိုးပြောဆိုခံခဲ့ရတာတွေ ရှိတယ်။နောက်ဆုံး ယခင်အုပ်ချုပ်သူတွေရဲ့ ဘ၀လုံခြုံမှုအပါအ၀င် အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုတွေအတွက်ပါ စိတ်ချရမှုမရှိဘဲနဲတော့ သူသူကိုယ်ကိုယ် ကိုယ့်ဆီမှာရှိတဲ့အာဏာကို လွှဲပေးရဲမှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အဲဒီအာဏာကို လွှဲပေးခဲ့တယ်။လွှဲပေးရဲခဲ့တယ်။ ဘာကြောင့်လဲ လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပြီးလို့ အဲဒီလိုလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမဆောင်ရွက်ခဲ့ရင် ဘာဖြစ်မလဲ။ သူများနိုင်ငံတွေမှာလို မိမိတို့နိုင်ငံမှာလည်း အများစုဒုက္ခရောက်နေရမှာ ဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အာဖရိကတို့၊ အာရှအရှေ့အလယ်ပိုင်းနိုင်ငံတွေမှာဆို အေးချမ်းမှုမရှိသေးတာကို တွေ့ရပါတယ်”ဟု ပြောကြားသည်။

လွှတ်တော်၏ ဆောင်ရွက်မှုများဖြစ်သည့် ဥပဒေပြုရေး၊ ဥပဒေများပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများသည် တစ်ခါပြဋ္ဌာန်းရုံဖြင့် အမြဲမှန်သည်ဟု မယူဆနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ပြင်သင့်သည်များကို မပြင်ဆင်ပါက အမှားပင်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

“ဖွဲ့စည်းပုံပြင်ဆင်တာနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာအပေါ် မူတည်ပြီး ပြည်ထောင်စုလွှတ်တော်က ဆက်လုပ်သွားမှာပါ။နိုင်ငံနဲ့ ပြည်သူ့အကျိုး ဖြစ်မယ်ဆိုရင် ပြင်ဆင်ရမယ်။ နိုင်ငံနဲ့ပြည်သူ့အကျိုးမဖြစ်ဘူးဆိုရင် ဖွဲ့စည်းပုံအတိုင်း ထားရှိရမယ်။ပြင်ဆင်ဖို့ စဉ်းစားရာမှာလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ တိုးတက်ရမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိဖို့ အဓိကစဉ်းစားပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ဥာဏ်ပညာအမြော်အမြင်ရှိရှိဖြင့် သတ္တိရှိရှိဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နှစ်များစွာမကြာသေးသည့် ဖွဲ့စည်းပုံကို ကောင်းသည်ဟုဆိုကာ မျက်စိမှိတ်နေ၍မရကြောင်း၊ အလောတကြီးပြောင်းလဲ၍ မဖြစ်နိုင်ကြောင်း၊ ပြောင်းသင့်သည်များကို မပြောင်းလဲပါက အမှားပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(ဖေဖော်ဝါရီ ၁ ရက်က နေပြည်တော် ဥတ္တရခရိုင်ရှိ လူထုတွေ့ဆုံပွဲတွင် သူရဦးရွှေမန်း မိန့်ခွန်းပြောကြားစဉ်)

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis