menu

Sunday 2 February 2014

“ကျန်းမာတော်မူကြပါစခင်ဗျာ”

Written by  အောင်စိုး 
 
“ကျန်းမာတော်မူကြပါစ ခင်ဗျာ” ဟူသော အသက်  ၃၀ ကျော် အမျိုးသားတစ်ဦး၏ အသံကို မြန်မာနိုင်ငံတွင် ရုပ်မြင်သံကြား စတင် ထုတ်လွှင့်ချိန် ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလမှသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရ လက်ထက်နှင့် တပ်မတော်အစိုးရ လက်ထက် ၂၀၀၈ ခုနှစ်ထိ တိုင်အောင် လတစ်လ၏ နောက်ဆုံး ရက်တိုင်းတွင် တွေ့မြင်ခဲ့ကြရသည်။
ယင်းအသံပိုင်ရှင်မှာ မြန်မာနိုင်ငံတွင် မိုးလေဝသ ရုပ်မြင်သံကြား သတင်း တင်ဆက်သူအဖြစ် မှတ်တမ်းဝင်ခဲ့သော မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ပင် ဖြစ်ပါသည်။
ဒေါက်တာထွန်းလွင်မှာ မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ ဒေသတွင် မိုးလေဝသ ပညာရှင်အဖြစ် နာမည် ကျော်ကြားနေသော်လည်း မိုးလေဝသဌာနသို့ စတင် အမှုထမ်းချိန်တွင် မိုးလေဝသ ပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ချက် မရှိသေးဘဲ မိသားစု စားဝတ်နေရေး အခြေအနေအရ တက္ကသိုလ် မတက်နိုင်ဘဲ မဖြစ်မနေ အလုပ်လုပ်ရတော့မည် ဖြစ်သောကြောင့် ၁၉၆၅ ခုနှစ် ဆယ်တန်း စာမေးပွဲ ဖြေဆိုပြီးချိန် အသက် ၁၇ နှစ် ၄ လအရွယ် ကတည်းကပင် ဝင်ရောက် အမှုထမ်းခဲ့ရခြင်း ဖြစ်သည်။

“မိုးလေဝသကို သံယောဇဉ်ရှိလို့ လုပ်တာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဘာအလုပ်ရရ လုပ်ရမယ့် အခြေအနေပါ” ဟု ဒေါက်တာထွန်းလွင်က သူ၏ငယ်ဘဝ အခြေအနေကို ပြောပြသည်။

မိုးလေဝသဌာနတွင် အလုပ်တစ်နေရာ ရရှိရန်အတွက် ရေးဖြေ စာမေးပွဲ ဖြေဆိုပြီးနောက် လူတွေ့ စစ်ဆေးချိန်၌ မိုးလေဝသဌာနတွင် အမှုထမ်းရပါက လားရှိုးတွင်သာ တာဝန် ထမ်းဆောင်ရမည်ဟု သိရပြီး အခြားဌာနတွင် အမှုထမ်းဆောင်မည်ဆိုပါက မန္တလေးတွင် တာဝန် ထမ်းဆောင်ခွင့် ရမည်ဟု ကြားသိရသဖြင့် တက္ကသိုလ်ပညာ ဆက်လက် သင်ကြားနိုင်ရန်အတွက် မိုးလေဝသဌာနတွင်  မလုပ်နိုင်ဟု ဖြေကြားခဲ့သော်လည်း ရာထူးတစ်ခု တိုးချဲ့ပြီး မန္တလေးတွင်သာ တာဝန် ထမ်းဆောင်ရန် ခန့်အပ်ခံခဲ့ရသည်။

တိုင်းထွာရေးမှူး ရာထူးဖြင့် မိုးလေဝသ ဌာန၌ စတင်တာဝန် ထမ်းဆောင်နေချိန်တွင်  ဝင်ငွေ မလောက်မငသာ ရရှိသဖြင့် ကျူရှင် သင်ပေးခြင်းဖြင့် အပိုဝင်ငွေရှာကာ ဘဝတက်လမ်းအတွက် မန္တလေး တက္ကသိုလ် တိုးချဲ့ ညနေ သင်တန်း တက်ရောက်ခဲ့ပြီးနောက် စိတ်ပါဝင်စားလာသော မိုးလေဝသ ပညာကို အထောက်အကူ ဖြစ်စေရန် ရူပဗေဒ ဘာသာရပ်သို့ ပြောင်းလဲ သင်ယူခဲ့သည်။

မိုးလေဝသ ပညာရပ်နှင့် ရူပဗေဒ ဘာသာကို စိတ်ပါဝင်စားစွာ သင်ယူခဲ့ခြင်း ရလဒ်များကြောင့် တက္ကသိုလ် နောက်ဆုံးနှစ် ဖြစ်သော ၁၉၇၀ ပြည့်နှစ်တွင် ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ရာ အငယ်တန်း စာရေး ရာထူးထက် အစစအရာရာ သာလွန်သော သရုပ်ပြ ဆရာအဖြစ် တာဝန် ထမ်းဆောင်ရန် တိုက်ရိုက် ခန့်အပ် ခံခဲ့ရသော်လည်း ဆင်းရဲဒုက္ခ ရောက်ချိန်တွင် ထမင်းကျွေးသော မိုးလေဝသ ဌာန၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ရန်အတွက် သရုပ်ပြ ရာထူးကို စွန့်လွှတ်ခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။

“ပညာတော်တဲ့သူတွေ၊ ကြီးပွား တိုးတက်ချင်တဲ့ သူတွေက မိုးလေဝသ ဌာနမှာ မနေချင်ကြဘူး။ ဒီထက် ပိုကောင်းတဲ့ ဌာနကို ပြောင်းကြတာ  အဲဒီအစဉ်အလာလို ဖြစ်နေတယ်။ ကျွန်တော်ကတော့ မိုးလေဝသ ဌာနကို ကျေးဇူးဆပ်ဖို့ အောက်တန်းစာရေး ဆက်လုပ်ခဲ့တယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ယင်းကဲ့သို့ ကျေးဇူးတရား သိတတ်မှု၊ အလုပ်အပေါ် စိတ်ပါဝင်စားစွာ ကြိုးစား လုပ်ဆောင်မှုများကြောင့် ၂ နှစ်ကျော်အကြာ ၁၉၇၃ ခုနှစ်တွင်  အမေရိကန်ပြည်ထောင်စုမှ ပထမဆုံးအကြိမ် ရောက်ရှိလာသော ပညာသင်ဆုအတွက် ဌာနအကြီးအကဲများ၏ ရွေးချယ်မှု ခံခဲ့ရပြီး တိုးတက် အောင်မြင်မှုများအတွက် ကနဦး စတင်ခဲ့သော ခြေလှမ်းပင် ဖြစ်သည်။

တိုးတက်ကြီးပွားလိုသူများအတွက် ဆွဲဆောင်မှု မရှိခြင်းကြောင့် ဘဝ အခွင့်အလမ်းအတွက် နိုင်ငံခြားတွင် အလုပ်အကိုင် ရရှိရန် အခွင့်အလမ်းများ ရရှိခဲ့သော်လည်း စားဝတ်နေရေးနှင့် မိသားစု စီးပွားရေး အခက်အခဲများ ရှိနေသည့်ကြားမှ ရောင့်ရဲ တင်းတိမ်စွာဖြင့် မိုးလေဝသ ဌာန၌ ၄၅ နှစ်ကြာ လုပ်ကိုင်နိုင်ခဲ့ခြင်းကို ဂုဏ်ယူမဆုံး ဖြစ်မိပါကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး မိုးလေဝသ ရုပ်သံ သတင်း တင်ဆက်သူအဖြစ် မှတ်တမ်းတင် ခံခဲ့ရသော ဒေါက်တာထွန်းလွင်မှာ မိုးလေဝသ ဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ချိန်၌ မိုးလေဝသ ဌာနကို ပြက်ရယ်ပြု၊ ဟာသ လုပ်ခံနေရသော အခြေအနေမှ အများပြည်သူ ယုံကြည် ကိုးစားသည့် အခြေအနေ ရောက်အောင် အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်နိုင်ခဲ့သည်။ အရှေ့တောင် အာရှနိုင်ငံများရှိ မိုးလေဝသ ဌာနများတွင် ပထမဦးဆုံး ကိုယ်ပိုင် စတူဒီယိုကို တည်ထောင်နိုင်ခဲ့ပြီး မိုးလေဝသ သတင်း ရုပ်သံ တင်ဆက်သူများကို မွေးထုတ် ပေးနိုင်ခဲ့ခြင်းမှာလည်း ဂုဏ်ယူရမည့် စွမ်းဆောင်မှုများ ဖြစ်သည်။

သတင်း မီဒီယာများ၏ လွတ်လပ်စွာ ရေးသား ဖော်ပြမှုကို ကန့်သတ်ခဲ့သော တပ်မတော်အစိုးရ လက်ထက်တွင် ဝန်ကြီးဌာနများ၏ အကြီးတန်း အရာရှိကြီး အများစုမှာ သတင်း မီဒီယာများက နည်းလမ်း ပေါင်းစုံဖြင့် တွေ့ဆုံ သတင်းရယူခွင့် ပြုမှုများကို ငြင်းပယ်နေကြသည့်တိုင် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်မှာ ကြိုတင် ခွင့်ပြုချက် တောင်းခံစရာ မလိုဘဲ တွေ့ဆုံ မေးမြန်းခွင့် ပြုရုံသာမက ဗိုလ်ချုပ်ကြီးများ မျက်မုန်း ကျိုးနေသော RFA,VOA,BBC,DVB စသော ပြည်ပရုပ်သံ မီဒီယာများ၏ မေးမြန်းမှုများကို  အထက်လူကြီးများ၏ ဆူပူ ပြစ်တင်ခြင်းခံ၍ မကြာခဏ ဖြေကြားနေသူ ဖြစ်သည်။

မြန်မာနိုင်ငံ သမိုင်းတွင် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး သဘာဝဘေး အန္တရာယ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး  နာဂစ် မုန်တိုင်းကြောင့် လူတစ်သိန်း သုံးသောင်းကျော် သေဆုံးခဲ့ရာ တိကျမှန်ကန်သော သတင်းအချက်အလက်များ ကြိုတင် ထုတ်ပြန်နိုင်မှု မရှိခြင်း၊ သာမန်လူများ နားလည်လောက်သည့် အသုံးအနှုန်းများ သုံးစွဲမှု မရှိခြင်းများကြောင့်ဟုဆိုကာ ယင်းကာလတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေသူ ဦးထွန်းလွင်မှာ ဝေဖန်ပြစ်တင်မှု များစွာကို ခံခဲ့ရသည်။

မိုးလေဝသ ပညာရပ်ဆိုင်ရာ အခေါ်အဝေါ်ကို လူထုက နားမလည်ခြင်းသည် ပြဿနာတစ်ရပ် ဖြစ်နေပြီး မုန်တိုင်း ဒီရေတွင် ဒီရေဟူသော စကားလုံးကို ကြောက်မက်ဖွယ် ကောင်းသည်ဟု မမှတ်ယူဘဲ ပန်းပန်လျက်ပါ ဇာတ်ကားထဲမှ ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာကို အသုံးပြုထားသည့် တေးသီချင်းပါ ချစ်စဖွယ် ဒီရေမျိုးဟု ထင်မှတ်သည့်အတွက် လူအများအပြား သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ခုခံပြောဆိုခဲ့သူ ဖြစ်သည်။

နာဂစ်မုန်တိုင်း မဝင်ရောက်ခင်အတွင်း မိုးလေဝသဆိုင်ရာ သတင်း အချက်အလက်များကို တပ်မတော် အစိုးရထံ တင်ပြခဲ့သော်လည်း  ပြည်သူလူထုကို သတင်းမှန် အသိမပေးဘဲ ထိမ်ချန်ခဲ့ရုံမက ပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင် ရွှေ့ပြောင်းရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေး ကြန့်ကြာမှုများကြောင့်သာ လူသိန်းနှင့်ချီ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု အငြိမ်းစား ယူပြီးနောက်တွင် ပြုလုပ်ခဲ့သော မိုးလေဝသဆိုင်ရာ ဟောပြောပွဲများတွင် ထုတ်ဖော် ပြောကြားခဲ့သူ ဖြစ်သည်။

မိုးလေဝသ ဌာနအနေနှင့် အချိန် ငါးရက် ကြိုပြီး မုန်တိုင်း ဝင်ရောက်မည့် နေရာနှင့် အချိန်ကို မှန်ကန်အောင် သတင်း ထုတ်ပြန်ပေးနိုင်ခဲ့ရုံမက နိုင်ငံပိုင် သတင်းစာများတွင်ပင် မုန်တိုင်းနှင့် ပတ်သက်သော အင်တာဗျူး ဖော်ပြခဲ့သော်လည်း လူတစ်သိန်းကျော် သေဆုံးခဲ့ရသည်ကို ယူကျုံးမရ ဖြစ်မိကာ ယနေ့တိုင်အောင်ပင်  စိတ်မကောင်း ဖြစ်နေမိကြောင်း ဒေါက်တာထွန်းလွင်က ဆိုသည်။

အစိုးရ အဖွဲ့ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၀၉ နွေရာသီ၌ လေဆင်နှာမောင်းများ တိုက်ခတ်မှု ဖြစ်ပွားပြီး လပိုင်းအကြာ အငြိမ်းစား ယူခဲ့ပြီးနောက်တွင် ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာဝ ဘေးအန္တရာယ်နှင့် ဆိုင်သော ကိစ္စရပ်များအတွက် ခေတ်သစ် အသုံးလုံး ပညာဖြစ်သော အင်္ဂလိပ်စာ၊ အင်တာနက်၊ အိုင်တီတို့ကို ရယူ အသုံးပြုကာ ခေတ်ကာလ အခြေအနေနှင့် ကိုက်ညီသော သတင်းအချက်အလက် ထုတ်ပြန်ခြင်းနှင့် ပညာပေးခြင်း လုပ်ငန်းများကို အောင်မြင်အောင် စတင် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

“Website တို့၊ Gmail တို့၊ Fax တို့ကနေ သတင်းထုတ်တာ ရိုးသွားပြီ။ အကောင်းဆုံးနဲ့ အထိရောက်ဆုံးက Facebook ပဲ။ မာလာတို့၊ ဂီရိ မုန်တိုင်းတို့ ကတည်းက စသုံးတာ ကနေဆို Friends က ငါးထောင် ပြည့်သွားလို့ ထပ်လက်ခံလို့ကို မရဘူး။ Follower ကလည်း ငါးသောင်းကျော်ရှိတော့ သတင်းတစ်ခု တင်လိုက်တာနဲ့ ဝိုင်းရှယ်ကြတာ အရမ်းထိရောက်ပြီး အရမ်းမြန်တယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ထို့အတွက် အင်တာနက် ကွန်နက်ရှင် အနည်းငယ် ပိုမြန်သည့် ညအချိန်တွင်ပင် သတင်းများကို စိတ်အား ထက်ထက်သန်သန်၊ ဇွဲရှိရှိဖြင့် ထိုင်ရာမထ တင်ဆက်သူလည်း ဖြစ်သည်။ ယင်းအချက် အပါအဝင် ကျန်းမာရေး ထိခိုက်လာမှုကြောင့် လက်ရှိ ကျန်းမာရေး အခြေအနေအရ နယ်မြို့များသို့ မိုးလေဝသ ဟောပြောပွဲများ မပြုလုပ်ရန် ဆရာဝန်က တားမြစ်ထားခြင်း ခံရသူလည်း ဖြစ်သည်။

ပင်စင်စား ဝန်ထမ်းဟောင်း အများစုမှာ ပိုလျှံလာသော အချိန်အများစုကို အချို့က အိမ်တွင်းပုန်း လုပ်ကာ စာဖတ်ခြင်း၊ မြေးထိန်း၊ အိမ်စောင့်စသော စေတနာ့ ဝန်ထမ်း အလုပ်များကို သက်ဆုံးတိုင် ဆက်လက် လုပ်ကိုင်နေကြရသော်လည်း ဒေါက်တာထွန်းလွင်မှာ   အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ပုဂ္ဂလိက SKY NET ရုပ်သံနှင့် FM ရေဒီယို လိုင်းများတွင်  မိုးလေဝသ သတင်း ထုတ်ဝေရေး တာဝန်ခံ၊ သတင်းစာနှင့် ဂျာနယ်များတွင် မိုးလေဝသ သတင်း ရေးသားသူ၊ ဧရာဝတီမြစ် ဘက်စုံ ဖွံ့ဖြိုးရေး ပညာရှင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဖွဲ့စည်းထားသော ထင်ရှားကျော်ကြား ပညာရှင်များ အဖွဲ့တွင် အဖွဲ့ဝင်၊ ပို့ဆောင်ရေး ဝန်ကြီးဌာန သံတမန်ကြီးများ အမျိုးသား ကော်မရှင်တွင် အဖွဲ့ဝင်၊ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ အကြံပေးစသော တာဝန်များကို ပိုမို လုပ်ကိုင်နိုင်နေသူ ဖြစ်သည်။

“အငြိမ်းစားယူတဲ့ နေ့မှာပဲ နာဂစ်တုန်းက စိတ်တိုင်းကျ မလုပ်နိုင်ခဲ့သမျှဟာတွေ တတ်နိုင်သမျှ လုပ်မယ်လို့ ဆုံးဖြတ်ပြီး ပြည်သူကို အကြွေး ပြန်ဆပ်တာပါ။ သာမန် လူသား တစ်ယောက်အနေနဲ့ သေသွားခဲ့ရင်တောင် တစ်စုံတစ်ခု ကျန်ခဲ့ရမယ်လို ငယ်ငယ်လေးတည်းက  စိတ်ကူးရှိပါတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis