menu

Sunday 2 February 2014

“ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်အထက်ပိုင်း ဆည်တည်ဆောက်မှုများကြောင့် ထိခိုက်နိုင်မှုများအပေါ်ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ခြင်းမပြုရန် ကန့်ကွက်ဆွေးနွေးကြ

Photo: “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲတွင် ဧရာဝတီမြစ်အထက်ပိုင်း ဆည်တည်ဆောက်မှုများကြောင့် ထိခိုက်နိုင်မှုများအပေါ်ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည် တည်ဆောက်ခြင်းမပြုရန် ကန့်ကွက်ဆွေးနွေးကြ

ဧရာဝတီမြစ်အထက်ပိုင်းတွင် ဆည်များတည်ဆောက်မှုကြောင့် ထိခိုက်နိုင်မှုများအပေါ် ပညာရှင်များက ထောက်ပြခဲ့ပြီး မြစ်ဆုံဆည်စီမံကိန်းအား ဆက်မလုပ်ရန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)) ရုံးတွင် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီအတွက် ဘေးအန္တရာယ်များ” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ဟောပြောသည့် ပညာရှင်များ၊ တက်ရောက်လာသူများက ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေး၊ မြန်မာနိုင်ငံငလျင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးစိုးသူရထွန်း၊ ဒေါက်တာမျိုးသန့်၊ ဦးတင့်လွင်ဆွေ၊  ရန်ကုန်အဝေးသင်တက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ် ဦးမောင်မောင်အေး၊ မိုးလေ၀သနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာထွန်းလွင်တို့က မြစ်များတွင် ဆည်တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုအခြေအနေများအား ပညာရပ်ဆိုင်ရာ အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

ထိုပြင် နည်းပညာအဆင့်မြင့်မားသည့် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတကာ၌ ဆည်များတည်ဆောက်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအပြင် ဆည်တည်ဆောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံအနေဖြင့် မြစ်များပေါ်တွင် ကြီးမားသည့် ဆည်များတည်ဆောက်မည်ဆိုပါက ပြည်သူများအပေါ် သက်ရောက်လာနိုင်သည့် ဆိုးကျိုးများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပညာရှင်များက ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါဘာသာရပ်ဆိုင်ရာ ဟောပြောပွဲသို့ တက်ရောက်သူ ၅၀၀ ဦးကျော်ရှိပြီး တက်ရောက်လာသူအများစုက လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းရန် နိုင်ငံတော်သမ္မတက ဆုံးဖြတ်ထားသည့် မြစ်ဆုံဆည်စီမံကိန်းအား လာမည့်အစိုးရသစ် လက်ထက်တွင် ဆက်လက်လုပ်ကိုင်မည်ကို စိုးရိမ်ကြောင်းနှင့် မည်သည့်အစိုးရတက်သည်ဖြစ်စေ မြစ်ဆုံဆည်စီမံကိန်းအား ဆက်လက်လုပ်ဆောင်ပါက ကန့်ကွက်သွားမည်ဖြစ်ကြောင်းနှင့်  မြစ်ဆုံဆည်စီမံကိန်းတည်ဆောက်ခြင်းကို လုံးဝကန့်ကွက်ကြောင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာထွန်းလွင်က မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကန့်ကွက်ရသည့် အကြောင်းအရင်းများစွာရှိကြောင်း၊ မြစ်ဆုံဆည်စီမံကိန်း နှင့်ပတ်သက်၍ လည်းကောင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်လေ့လာချက်များနှင့် ပတ်သက်၍လည်းကောင်း ပြည်သူလူထုအားချပြ ရှင်းလင်းခြင်းမရှိသည့်မှာ အဓိကကန့်ကွက်ရသည့် အချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လေ့လာချက်များအရ မုတ်သုံမိုးမှာ ရာခိုင်နှုန်း ၃၀ လျော့နည်းသွားပြီဖြစ်ကြောင်း၊ နောက်လာမည့်နှစ်များတွင်လည်း မြေအောက်ရေများ လျော့ရန်ရှိကြောင်း၊ ရေခဲမြစ်များမှလည်း ရေရနိုင်မှု လျော့နည်းနေသည့်အချိန်မျိုး ဖြစ်နေသည့်အချိန်တွင် ဧရာဝတီမြစ်ပေါ် သို့ မြစ်ဆုံဆည်ကြီး လာရောက်တည်ဆောက်ဦးမည်ဆိုပါက နံပါတ်တစ်အနေဖြင့် မန္တလေးတိုင်းအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသတို့မှာ သဲကန္တာရပုံစံမျိုး ဖြစ်သွားနိုင်သောကြောင့် နားလှည့်ပါးရိုက်သည့် စနစ်များဖြင့် ဧရာဝတီကို မလဲနိုင်ကြောင်းလည်း ဦးထွန်းလွင်က ပြောကြားခဲ့သည်။

မြစ်ဆုံစီမံကိန်းအား သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသည့် လက်ရှိအခြေအနေ၌ပင် မြစ်ဆုံဒေသ၀န်းကျင်၌ တရားမ၀င်သစ်ထုတ်လုပ်မှု၊ ရွှေတူးဖော်မှုအပါအ၀င် သဘာဝပတ်ဝန်းကျင် အခြေအနေကိုများစွာ ပျက်စီးမည့်လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးညွန့်ဌေးက ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

“ဧရာဝတီကို ရောဂါစွဲအောင် လုပ်လိုက်တာတွေရှိတယ်။ ရွှေထုတ်တာတွေပေါ့။ ဒီကာလအတွင်းမှာပါ။ အငြင်းပွားနေတဲ့ ကာလအတွင်းမှာ ဒါကြီးရေလွှမ်းသွားရင် ဘယ်ကောင်မှ မမြင်ဘူးကွာဆိုပြီးတော့ ဒါကလည်းအာဏာပိုင်အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဘယ်လိုလုပ်လုပ်မလဲ။ ဒီနေရာမှာ တော်တော်များများလာကြတယ်။ တော်တော်ဆိုးတဲ့ အခြေအနေပဲ”ဟု  ဦးညွန့်ဌေးက ပြောကြားသည်။

မြန်မာပြည်သူများက မြစ်ဆုံဆည်မပြုလုပ်ရန် ပြင်းထန်စွာ ကန့်ကွက်တားမြစ်နေသည့်ကြားမှ မြစ်ဆုံဆည်ဆောက်လုပ်ရန် တရုတ်ကုမ္ပဏီ၏ ကြိုးစားမှုနှင့် ပတ်သက်ပြီး ဦးညွန့်ဌေးက “နေ့မအားညမအား အားသွန်ခွန်စိုက် ဘယ်သူက ဘယ်လောက်ပြောပြော ဘာဖြစ်လို့လာလုပ်ဖို့ စိတ်ကူးနေကြသလဲ။ ဒါလုပ်တဲ့အတွက် ကျွန်တော်တို့ ဘယ်လောက်အကျိုးအမြတ်ရမလဲ။ သူတို့က ကိုးဆယ်ရာခိုင်နှုန်းရမယ်။ ကျွန်တော်တို့က ဆယ်ရာခိုင်နှုန်းရမယ်။ အဲဒီတော့ ဒီဆယ်ရာခိုင်နှုန်းကို အခြားနည်းနဲ့ မရှာတတ်ကြတော့ဘူးလား။
ကျွန်တော်တို့က ခွက်ဆွဲပြီး နိုင်ငံတကာကို တောင်းပေးရမလား။အဲဒါ (မြစ်ဆုံဆည်) မလုပ်ဖို့ကို။ ဒီဆည်ဆောက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ထိန်းချုပ်မှု ဘာမှမရှိတော့ဘူး။ ကျွန်တော်မြင်တာကတော့  ကျွန်တော်တို့က ဘာမှမသိရဘူး” ဟု ဦးညွန့်ဌေးက ဆက်လက်ပြောကြားသည်။

“ဧရာဝတီဟာ ကျွန်တော်တို့နိုင်ငံရဲ့ မိခင်လို့ သတ်မှတ်ထားပါတယ်။မြစ်ဆုံဆည် ဆောက်ခြင်းအားဖြင့် ပြည်သူတွေအတွက် အဆိုးအပြစ်တွေပဲများမယ်ဆိုရင် ဒါကိုဆက်ပြီး မလုပ်သင့်တော့ဘူးပေါ့။ နောက်ဧရာဝတီနဲ့ ဆက်နွှယ်နေတဲ့ သစ်တောပြုန်းတီးမှု၊ နောက်တစ်ခါ ကချင်တွေရဲ့ ယဉ်ကျေးမှုတွေ ပပျောက်မှာ၊ သဘာဝပျက်စီးမှာ ဒါတွေကိုမဖြစ်စေချင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၁၅ မှာ တက်လာမယ့် အစိုးရကလည်း သူ့ဟာသူ ဘာလုပ်လုပ် ကျွန်တော်တို့က မြစ်ဆုံဆည်ကို ဆက်မလုပ်စေချင်ဘူး”ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြောက်ဥက္ကလာပမြို့နယ်မှ အသက် ၆၆ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း ဦးလှမြင့်က ဆိုသည်။

“မြစ်ဆုံဆည်ဆက်လုပ်မှာကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ကျွန်တော်တို့သားသမီးတွေ အပါအ၀င် နောင်လာနောက်သားတွေ အားလုံးအတွက်ပါ။ တိုင်းရင်းသားတွေ အကုန်လုံးအနေနဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေ အဖြစ်အပျက်နဲ့ သဘာဝဘေးအန္တရာယ်တွေကို မကြုံတွေ့စေချင်ဘူး”ဟုဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဒုတိယစုံစမ်းရေးမှူး (ငြိမ်း) ဦးမြင့်သန်းက ပြောကြားသည်။

မြစ်ဆုံဆည်တစ်ခုတည်းကြောင့် ယင်းဒေသသာမက ဆည်အောက် မိုင်ရာပေါင်းများစွာ အကွာအဝေးထိ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ ထိခိုက်နိုင်သည်ကို တရုတ်နိုင်ငံမှ China Power Investment (CPI ) ကုမ္ပဏီ၏ အစီရင်ခံစာတွင် တိကျစွာမဖော်ပြခဲ့ ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက် ရက်စွဲဖြင့် ဖြန့်ဝေခဲ့သည့် မြစ်ဆုံဆည်နှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက်အပေါ် လွတ်လပ်သည့် ပညာရှင်ရှုထောင့်မှ ပြန်လည်သုံးသပ်ခြင်း စာတမ်းတွင် ဖော်ပြထားသည်။        
ဧရာဝတီမြစ်အထက်ပိုင်းဒေသအတွင်း ရေအားလျှပ်စစ် ထုတ်လုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ဆန်းစစ်ချက် (EIA) အစီရင်ခံစာအား သုံးသပ်ကြည့်လျှင် အကဲဖြတ်ဆန်းစစ်ချက်၌ အားနည်းချွတ်ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ကောက်ချက်ချမှုများကို တွေ့ရသည်ဟု အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

(ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့ရှိ  UMFCCI ၌ ပြုလုပ်ခဲ့သည့် “ဘူမိသိပ္ပံအမြင်နှင့် ဧရာဝတီ၏ ဘေးအန္တရာယ်များ” ဆွေးနွေးပွဲကျင်းပရာသို့ တက်ရောက်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- ထက်ရှိုင်း))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis