menu

Friday 24 January 2014

ဓားနဲ့ ခုတ်မရ၊ လှံနဲ့ ထိုးမရတဲ့ ငါးမိချောင်း တစ်ကောင် လှိုင်မြစ် အတွင်းမှ ဖမ်းဆီးရမိ

Photo: ဓားနဲ့ ခုတ်မရ၊ လှံနဲ့ ထိုးမရတဲ့ ငါးမိချောင်း တစ်ကောင် လှိုင်မြစ် အတွင်းမှ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာနှင့် မှော်ဘီမြို့နယ် ကြားရှိ ဝါးတစ်ရာ ကျေးရွာအနီး  လှိုင်မြစ်အတွင်း မျှောပိုက် မျှောသူတစ်ဦးမှ မိချောင်းခေါင်းနှင့် ငါးခန္ဓာကိုယ် ငါး တစ်ကောင်အား မကြာမီရက်ပိုင်းက ဖမ်းဆီးရရှိမှုနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့ မွန်းတည့် ၁၂နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး  အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းရှိ  မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး၌ ကျင်းပရာ တာဝန်ရှိ သူတို့ အား မေးမြန်း တင်ပြလိုက်ပါသည်။

မေး။ ။ အစ်ကိုရဲ့နာမည်နဲ့ ဒီငါးကြီးတွေ့ ရှိခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော့်နာမည်က ညီမင်းထွဋ်ပါ။ ကျွန်တော်က လယ်လုပ်ပါ တယ်။ လယ်လုပ်က အပြန်မှာ မြစ်ကိုလှေငှားပြီး ဖြတ်ကူးတာပါ။ ကျွန် တော့်ရှေ့က သွားတဲ့ လှေက တံငါလှေပါ။ ကျွန်တော်တို့ ဖြတ်ကူးရင် ဒီတံငါလှေတွေနဲ့ပဲ ဖြတ်ကူးရတာ ဆိုတော့ အဲ့ဒီလှေမှာ ငါးမိချောင်း တစ်ကောင်နဲ့ ငါးတန်နှစ်ကောင် ရတယ်လို့ သိရပါတယ်။ ဒါနဲ့ ဝါးတစ်ရာရွာကို လိုက်သွားပြီး ငါးဒိုင်ကနေ ငါးကို ပြန်တောင်း ဝယ်ပြီးတော့ ငါးလုပ်ငန်း ဦးစီး ဌာနကို အကြောင်းကြားပြီး ပို့တာ ဖြစ်ပါတယ်။

မေး။ ။ ငါးရဲ့ အတိုင်းအတာ လေးကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ငါးရဲ့အလေးချိန်က နှစ်ပိဿာနဲ့ ရှစ်ဆယ့်ငါးကျပ်သား ဖြစ်ပါတယ်။ ၃ပေနဲ့ ၈ လက်မလောက်ရှိမယ် ထင်ပါတယ်။

မေး။ ။ ငါးရဲ့ထူးခြားမှုကိုလည်း ဆက်ပြီးပြောပြပေးပါဦး။

ဖြေ။ ။ ဒီငါးရဲ့ ခေါင်းကတော့ လုံးဝမိချောင်း ခေါင်းပါပဲ။ နှာခေါင်းပေါက် ကအစ မိချောင်း နှာခေါင်းနဲ့ အတူတူပဲ။ အကြေးခွံက အရမ်းမာတယ်။ ကျွန်တော်ဓားနဲ့ စမ်းပြီး ခုတ်ကြည့်တယ်။ အကြေးခွံ အရမ်းမာပါတယ်။ ကျွန်တော့်အထင် ဒီလိုငါးတွေသာ အများကြီးရှိမယ်ဆိုရင် အန္တရာယ် အလွန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီငါးက ဓားနဲ့ ခုတ်လို့လည်း မရဘူး။ လှံနဲ့ထိုးလည်း မရဘူး။  သူ့ရဲ့အကြေးခွံတွေ မာကျောမှု အနေအထား ကြောင့်ပါ။ ဒီငါးကို ဝယ်လာပြီး အိမ်ရောက်တော့ ဆန်းစစ်ကြည့်တယ်။ ဗိုက်ကို ခွဲကြည့်တယ်။  ဘယ်လိုနည်းနဲ့မှ ခွဲလို့မရဘူး။  အဲ့ဒါကြောင့် အန္တရာယ်ရှိနိုင်တယ် ဆိုပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ကို လာပို့ခြင်းဖြစ်ပါတယ်။

ထို့နောက် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်အား ဆက်လက် မေးမြန်းဖြစ်ခဲ့ရာ-

မေး။ ။ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို ရှင်းလင်းပြောပြ ပေးပါခင်ဗျာ။

ဖြေ။ ။ အရင်နေ့က လူလတ်ပိုင်း တစ်ယောက် ငါးလုပ်ငန်း အဖွဲ့ချုပ်ကို ရောက်လာပြီး မိချောင်းခေါင်းနဲ့ ငါးခန္ဓာကိုယ် ငါးတစ်ကောင် ရထားတယ်လို့ ပြောပါတယ်။ ဓာတ်ပုံလေး လာပြတယ်။ ငါးကို ငါးလုပ်ငန်းက လူကြီး တွေကော၊ ပညာရှင်တွေရော ကြည့်တော့ သူပြောတဲ့ငါးက ဟုတ်နေတယ်။ မြန်မာနိုင်ငံမှာ ဒီလိုငါးမျိုးမရှိဖူး ပါဘူး။ ရတာကလည်း လှိုင်မြစ်ထဲမှာသွား ရတယ်ဆိုတော့ တကယ်ပဲ အံ့သြသွားပါတယ်။ အခု ရောက်လာတာက ဘယ်လိုဖြစ်နိုင် သလဲ။ ကျွန်တော်တို့ စဉ်းစားကြည့် တာတော့ နိုင်ငံခြားသား သော်လည်းကောင်း၊ အလှမွေးသည့် ဝါသနာပါသူ တစ်ယောက်သော်လည်းကောင်း ငယ်ဘဝမှာ သွင်းလာပြီးတော့ ငါးကကြီးကြီး လာတော့ သူက မထိန်းနိုင်တာလား သို့မဟုတ်ရင် သူကိုယ်တိုင် လွှတ်လိုက်လို့ လွတ်သွားတာလား။ သူ့ဟာသူပဲ သဘာဝ ပတ်ဝန်းကျင်ထဲကို မတော်တဆ လွတ်သွားတာ လားတော့ မသိဘူး။ အဲလိုမျိုးနဲ့ ဒီငါး ရောက်လာတာဖြစ်မှာပါ။  ရေချိုထဲမှာလည်း နေနိုင်တယ်။ ထူးခြားမှုလည်း ရှိတယ်။ ပြည်သူကိုလည်း အသိပေးတယ်။ ငါးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ပ ငါးမျိုးစိတ်တွေ သွင်းတဲ့အခါမှာ သတိထားရမယ့် အချက်တွေ ပညာပေးတာပါ။ ဒါနဲ့ဒီနေ့ ပွဲလေးကို ကျင်းပဖြစ်ခဲ့တာပါ။

မေး။ ။ သူ့ကို ၃ ပေကျော်မှာ တွေ့တယ်။ မတွေ့ဘဲကြီးလာမယ်ဆိုရင် လူတွေအတွက်ကော အန္တရာယ်ရှိ နိုင်မလားဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကျွန်တော်တို့ တွေ့ရတဲ့ အင်တာနက် သတင်းတွေ အရကတော့ လူကို ကိုက်တာတို့၊ လူကိုစားတယ်တို့ ဆိုတာ ထိအောင်တော့ သိပ်မတွေ့ပါဘူး။ ဒီလိုငါး အမျိုး အစားက ရေချိုငါး ဖြစ်ပါတယ်။ သူကလည်း လူသူ မနီးတဲ့ မြစ်ကြီးတောကြီး မှာနေပြီး သူနေတဲ့ နေရာက စားလို့ရတဲ့ ရေသတ္တဝါကတော့ အကုန်စားပစ်ပြီး လူတစ်ရပ်လောက် ၅ပေ၊ ၆ပေ အထိ ကြီးပြင်းတယ်ဆိုတဲ့ အတွက်ကြောင့် သူက အစားတော့ကြူးမှာ အမှန်ဖြစ်ပါ တယ်။

မြန်မာနိုင်ငံတွင် ရေချိုငါးမျိုးစိတ်ပေါင်း ခြောက်ရာခန့် ရှာဖွေတွေ့ရှိထားပြီး ရေငန်ငါးမျိုးစိတ်များ အနေဖြင့် လေးရာ့လေးဆယ့် ရှစ်မျိုးခန့်ရှိကြောင်း သိရသည်။    ။

http://www.myawady.net.mm/allnews/headline/item/35265-2014-01-24-09-51-49

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis