menu

Friday 24 January 2014

သင့်မှာ ဝက်ခြံ ထွက်ခဲ့ရင်

Photo: သင့်မှာ ဝက်ခြံ ထွက်ခဲ့ရင်

သဘာဝ။ ။ဝက်ြခံဟာ လူ့ အရေပြားမှာ တွေ့ရပြီး အမျိုးသမီး၊ အမျိုးသားမရွေး ဖြစ်တတ် ပါတယ်။

အရေပြားမှာ ချွေး (ဂလင်း) များ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် ဟော်မုန်းဓာတ် ပြောင်းလဲမှု များတဲ့ အပျို၊ လူပျိုဖော် ဝင်စ အချိန်များမှာ ဝက်ခြံ ထွက်တတ်တယ်။ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောမှာလဲ ပေါက်တတ်တယ်။ ဆီကြည်ထွက်မှု အလွန်များတဲ့ ဖို၊ မ ဟော်မုန်းကြောင့် အဖြစ် များတယ်။

ချွေး အလွန်ထွက်ခြင်းက အဆီ ဂလင်းကနေ ဆီကြည် ထုတ်လုပ်မှု အလွန် များစေတယ်။ ဆီကြည် ထုတ်လုပ်မှုကြောင့် ဖို၊ မ ဟော်မုန်း များပြားလာပြီး ဝက်ခြံ ဖြစ်ပေါ်မှုကို လှုံ့ဆော်တယ်။ အဆီ ဂလင်းထဲမှာ အရောင် ပြောင်းလာကာ တဖြည်းဖြည်း ခြောက်လာပြီး ဝက်ခြံ ဖြစ်လာတယ်။

ဝက်ခြံကို လက်နဲ့ ညှစ်တဲ့အခါ ပြင်ပ ဗက်တီးရီးယားတွေက အနာဝက တစ်ဆင့် အတွင်းထဲကို ဝင်ပြီး အနာဝင်ခြင်း၊ ဖျားခြင်း၊ ရောင်ရမ်းခြင်း၊ ကိုက်ခဲခြင်းတွေ ဖြစ်တတ်တယ်။ ဝက်ခြံဖုက ပြည်တွေ ထွက်လာရင် ညှစ်လိုက်တော့ သက်သာ သွားပေမဲ့ အရေပြား ရှုံ့ခြင်း ဖြစ်တတ်တယ်။

တချို့ ချွေးအလွန် ထွက်သူတွေဟာ သနပ်ခါး အစား မျက်နှာလိမ်း ခရင်မ် လိမ်းလာကြတော့ ချွေးပေါက် ပိတ်ပြီး ဝက်ခြံ ပိုများစေတယ်။ မျိုးရိုးကြောင့်လည်း ဝက်ခြံ များတတ်တယ်။

နေရောင်ခြည် သို့မဟုတ် ခရမ်းလွန် ရောင်ခြည် သင့်တဲ့အခါ ဝက်ခြံကို ပိုမို ထွက်စေတယ်။ တချို့ အသင့်စား အစားအစာတွေမှာ ပါတဲ့ အဆီ အအိမ့်၊ အငန် လွန်ကဲခြင်းကြောင့်လဲ ဝက်ခြံ ပိုဖြစ်တယ်။

ပဋိသန္ဓေ တားဆေးကြောင့်လဲ ဝက်ခြံ ဖြစ်တယ်။

ဝက်ခြံဟာ အသားစား များခြင်း၊ ချောကလက်နဲ့ အဆီများ စားခြင်းနဲ့ ဝမ်းချုပ်သူများမှာ ပိုထွက်တာ တွေ့ရတယ်။ ခေါက်ဆွဲ၊ ထမင်း စတဲ့ ပုံမှန်စားနေကျ အစာကို စားခြင်း၊ လက်ဖက်ရည် အချိုရည် သောက်ခြင်း တို့မှာ မတွေ့ရပေမဲ့ ပြည့်ဝဆီ ခေါ်တဲ့ ဝက်ဆီ၊ ဆီအုန်း၊ နှစ်ခါပြန်ကြော် ဆီနဲ့ လုပ်ထားတဲ့ အသင့် အမြန်စား ဟမ်ဘာကာ၊ ပီဇာ၊ အာလူးချောင်းကြော် စသည့် အစာများ စားသုံးလျှင် ဝက်ခြံ ပိုများ စေတယ်။

စားသင့်တဲ့ အစားအစာများ။        ။ ဂျုံကြမ်းနဲ့လုပ်တဲ့ ပေါင်မုန့်၊ ခေါက်ဆွဲကြော်၊ ဆန်လုံးညို၊ လတ်ဆတ်တဲ့ သစ်သီး၊ စတော်ဘယ်ရီသီးနဲ့ ဟင်းသီးဟင်းရွက် ကြော်များ၊ အဆီများတဲ့ ပင်လယ်ငါး (တူနာငါး၊ ဆာဒင်းငါး) စားရမယ်။ ငါးခြောက်၊ ပဲနီလေး၊ ပဲပိစပ်တို့ စားနိုင်တယ်။ အနီနဲ့ အစိမ်းရောင်ပါတဲ့ သစ်သီး၊ ဟင်းသီး ဟင်းရွက်များ စားသင့်တယ်။

အကြံပြုချက်။ ။ဆာလ်ဖာ ကြွယ်ဝတဲ့ အစားအစာက အရေပြား အခြေအနေ တိုးတက်စေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို နေ့စဉ်စားခြင်း၊ သစ်သီးဖျော်ရည် သောက်ခြင်း၊ ရေများများ သောက်ခြင်းဖြင့် ဝက်ခြံ လျော့နည်း စေတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ ဇင့်ဓာတ်ပါတဲ့ အစားအစာတွေ စားသင့်သလို ဝမ်းချုပ် မခံဖို့၊ နေ့စဉ် နာရီဝက် လေ့ကျင့်ခန်း လုပ်ရမယ်။ ရေချိုးဖို့၊ တစ်ကိုယ်ရေ ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက် သွားဖို့ လိုပါမယ်။ ။

ဒေါက်တာ လွင်သန့် (ဆေး-၂)

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis