menu

Friday 24 January 2014

ဥရောပခရီးသွားအဖွဲ့ ရှေးဟောင်း မော်တော်ယာဉ် များဖြင့် တောင်ငူသို့ရောက်

Photo: ဥရောပခရီးသွားအဖွဲ့ ရှေးဟောင်း မော်တော်ယာဉ် များဖြင့် တောင်ငူသို့ရောက်

တောင်ငူ၊ ဇန်နဝါရီ ၂၃

ရှေးဟောင်း မော်တော်ယာဉ်များဖြင့် ခရီးသွား ၅၆ ဦးပါသော ဥရောပခရီးသွား အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၅ နာရီခန့်တွင် ရောက်ရှိလာကြောင်း အဆိုပါ ခရီးသွား ဧည့်သည်အဖွဲ့၏ မြန်မာပြည်တွင်း ခရီးစဉ်အား စီစဉ်ပေးခဲ့သည့် Imspirtion Myanmar ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

အဆိုပါ ခရီးသွား ဧည့်သည်များသည် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ သြစတြေးလျနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ အငြိမ်းစား ဝန်ထမ်းများဖြစ်ပြီး ရှေးဟောင်း မော်တော်ယာဉ် ဝါသနာရှင်များ ဖြစ်ကြောင်းနှင့် ပြည်တွင်းရှိ အထင်ကရ နေရာ များကို ရှေးဟောင်း မော်တော်ယာဉ်ပေါင်း၂၃ စီး၊ အထောက်အကူပြု မော်တော်ယာဉ် ငါးစီးနှင့် ခရီးသွား ကုမ္ပဏီမှ လိုက်ပါလာသော ဧည့်လမ်းညွှန်ကား သုံးစီးဖြင့် မြို့ပေါင်း ၁၃ မြို့ကို ရက်ပေါင်း ၂၀ ခန့်ကြာ သွားရောက် လေ့လာကြည့်ရှုမည် ဖြစ်ကြောင်း ခရီးစဉ်တွင် လိုက်ပါလာသော ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

“ခရီးသွား ဧည့်သည်အားလုံးက ဥရောပနိုင်ငံ ခြောက်နိုင်ငံကပါ။ ပြည်တွင်း ကို ဝင်လာတာက သူ့အစီအစဉ်နဲ့ပါ။ ကားတွေကိုတော့ သင်္ဘောနဲ့တင်လာပြီး လူတွေက လေယာဉ်ခရီးစဉ်နဲ့ လိုက်ပါလာကြပါတယ်” ဟု Imspirtion Myanmar ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာတစ်ဦးက ဆိုသည်။

ခရီးသွားအဖွဲ့ အမည်ကို မြန်မာနိုင်ငံ၏ ထင်ရှားသော ကုန်းဘောင်မင်းဆက် နောက်ဆုံး မြို့တော်ဟောင်းဖြစ်သည့် မန္တလေးနန်းမြို့ အမည်ကိုယူပြီး The Road To Mandalay ဟု အမည်ပေးထားကြောင်း အဆိုပါ ခရီးစဉ်ကို စီစဉ်ပေးသည့် ခရီးသွားကုမ္ပဏီထံမှ စုံစမ်းသိရသည်။

The Road To Mandalay အဖွဲ့ ခရီးစဉ်ကို ဇန်နဝါရီလ ၂၁ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့မှ ထွက်ခွာလာကာ ပဲခူးတွင် ကမ္ဘောဇသာဒီ နန်းတော်ရာနှင့် အထင်ကရ ဘုရားစေတီပုထိုးများကို လှည့်လည် ကြည်ညို ခဲ့ကြကြောင်း၊ တောင်ငူမြို့သို့ ရောက်ရှိ လှည့်လည်လေ့လာခဲ့ပြီး တစ်ညတာ ရပ်နားပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာ ခဲ့ကြောင်း ၎င်းတို့၏ ခရီးစဉ်အရ သိရသည်။
“မြန်မာတွေရဲ့ ပျော်ရွှင်တဲ့အပြုံးနဲ့ ရွှေရောင်တဝင်းဝင်း ရှိနေတဲ့ ဘုရားစေတီတွေကို မြင်တွေ့ရတာနဲ့တင် ဒီခရီးစဉ်က လာရကျိုးနပ်ပါတယ်။ နောက်တစ်ခေါက်လောက် ပြန်လာလည်ဖို့ အခုကတည်းက တွေးထားပါပြီ” ဟု သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ်မှ အငြိမ်းစားကုမ္ပဏီ ဝန်ထမ်းတစ်ဦး ဖြစ်သည့် အသက် ၇၂ နှစ်အရွယ် Ms.Denise Besly က ဆိုသည်။

The Road To Mandalay အဖွဲ့ ခရီးစဉ်သည် ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ ကလော၊ အင်းလေး၊ ပင်းတယ၊ မန္တလေး၊ ပြင်ဦးလွင်၊  မုံရွာ၊ ပုဂံ-ညောင်ဦး၊ မကွေး၊ ပြည်မြို့များသို့ ရက်ပေါင်း ၂၀ ကြာ သွားရောက် လေ့လာပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည် ဝင်ရောက်ကာ မော်တော်ယာဉ်များကို သင်္ဘောဖြင့် ပြန်လည်တင်ဆောင်ပြီး အဖွဲ့ဝင်များက လေယာဉ် ခရီးစဉ်ဖြင့် နောက်ထပ် နိုင်ငံတစ်ခုသို့ ဆက်လက်ထွက်ခွာကြမည် ဖြစ်ကြောင်း အဆိုပါ ခရီးသွား ဧည့်သည်အဖွဲ့၏ မြန်မာ ပြည်တွင်း ခရီးစဉ်အား စီစဉ်ပေးခဲ့သည့် Imspirtion Myanmar ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis