menu

Friday 24 January 2014

မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

Photo: မြန်မာနိုင်ငံ၌ မတွေ့ရှိသေးသည့် မိကျောင်းပါးစပ်ပါ ငါးမျိုးစိတ် လှိုင်မြစ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိ

မြန်မာနိုင်ငံ၌ မတွေရှိရသေးသည့်  မိကျောင်းပါးစပ်ပါသော ငါးမျိုးစိတ်တစ်မျိုးကိုမှော်ဘီနှင့် ရွှေပြည်သာမြို့အကြားရှိ လှိုင်မြစ်အတွင်း ၀ါးတစ်ရာဆိပ်ကမ်းအနီးတွင်ပထမဆုံးအကြိမ် ဖမ်းဆီးတွေ့ရှိခဲ့ကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ဒီငါးကို ၁၉ ရက် ညနေ ၅ နာရီမှာ ဖမ်းမိတုန်းက လှိုင်မြစ်ထဲမှာ ငါးတန်နဲ့အတူ ပိုက်မှာမိတယ်။ မိပြီး ရေလုပ်သားက ဒိုင်ကိုတစ်သောင်းနဲ့ရောင်းတယ်။ ကျွန်တော်က သူ့ဆီက ငါးသောင်းနဲ့ပြန်ဝယ်ခဲ့တယ်။ အိမ်ရောက်တော့ ဓားနဲ့ခုတ်ကြည့်တော့ သူအကြေးခွံက တော်တော်မာတာကို တွေ့ရတယ်။ ငါးပုံစံကမြင်ဖူးနေကျမဟုတ်ဘဲ မိကျောင်းပါးစပ်လိုဖြစ်နေလို့ ငါးလုပ်ငန်းကိုလာပြတယ်” ဟုအဆိုပါငါးကို ၀ယ်ယူခဲ့သူ ကိုညီမင်းထွဋ် က ပြောကြားသည်။

ယင်းငါးမျိုးမှာ မြန်မာနိုင်ငံတွင်မရှိသော အမေဇုန်မြစ်ကဲ့သို့သောနေရာမျိုးတွင် ရှိသည့် ပြည်ပငါးမျိုးစိတ်သာဖြစ်ကြောင်း၊ငါးပုံစံမှာ မိကျောင်းပါးစပ်ဖြစ်ကာ အပေါ်မေးရိုးတွင်ကြီးမားသော သွားများပါ၍အစားကြီးသောပုံစံရှိပြီး လူတစ်ရပ်ထိ ကြီးထွားနိုင်သော အကောင်ကြီးမျိုးဖြစ်သဖြင့် မူလရှိသော မိမိတို့ရေမြေအတွင်းရှိ  ငါးမျိုးစိတ်များကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က သုံးသပ်ပြောကြားသည်။

“ကိုယ်ဆီမှာ တွေ့ရတဲ့ငါးမျိုးမဟုတ်ဘဲ ရေပိုင်နက်ထဲရောက်နေတာကလည်း စဉ်းစားစရာပါ။ တခြားသူ့လိုအကောင်တွေရှိသေးရင် ကိုယ့်မျိုးငါးတွေအတွက် အန္တရာယ်ရှိတယ်။ ပြည်ပက သေဆုံးငါးသွင်းရင်တောင် လိုင်စင်ယူပြီးမှ သွင်းရတာပါ။ နိုင်ငံခြားမျိုးငါးတွေ သွင်းရင်လည်း သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားဖြစ်ပြီး ပြည်ပပို့နိုင်၊ ကိုယ်လည်းစားနိုင်တဲ့ ငါးမျိုးတွေဆိုရင်တော့ သွင်းပြီးမွေးသင့်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။

လှိုင်မြစ်အတွင်း ဖမ်းဆီးရမိသော မိကျောင်းပါးစပ်ပါ ငါးမျိုးကို Alligator Gar Fish ဟုခေါ်၍ ရေချိုငါးမျိုးဖြစ်ပြီး မြောက်အမေရိကတွင်တွေ့ရှိရ၍ အရွယ်ရောက်ချိန်၌ အပေါ်မေးရိုးနှစ်တန်းတွင် ကြီးမားသော သွားများပါရှိကာ ၁၀ ပေထိအရှည်ရှိပြီး အနည်းဆုံးပေါင် ၂၀၀ (၉၁ကီလိုဂရမ်)ထိ အလေးချိန်ရှိကြောင်းသိရသည်။ ယခုဖမ်းဆီးရမိသော အဆိုပါငါးမှာ အရှည်နှစ်ပေနှင့် ကိုးလက်မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားငါးမျိုးစိတ်ပေါင်း ၁၀၀၀ ခန့်ရှိ၍ ရေချိုငါးမျိုးစိတ် ၆၀၀ ခန့်ရှိကာ ရေငန်ငါးမျိုးစိတ် ၄၀၀ ကျော်ရှိကြောင်း သိရသည်။

(လှိုင်မြစ်အတွင်းမှ ဖမ်းဆီးရမိသည့် မိကျောင်းပါးစပ်ပါငါး(Alligator Gar Fish) ကို တွေ့ရစဉ်(ဓာတ်ပုံ-မျိုးမင်းထက်))

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis