menu

Friday 24 January 2014

NLD ရုံးအပါအဝင် အိမ်သုံးလုံး မီးလောင်၊ ကလေးသုံးဦး ဆေးရုံရောက်

Photo: NLD  ရုံးအပါအဝင် အိမ်သုံးလုံး မီးလောင်၊ ကလေးသုံးဦး ဆေးရုံရောက်

မန္တလေး၊ ဇန်နဝါရီ  ၂၃

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းအမှတ် (၁၂) အနီးရှိ ၇၅ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား အကွက်အမှတ် ၇၁၈ စိတ္တရမဟီရပ်ကွက် အိမ်အမှတ် (၇၀) မှ စတင်၍ ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲ ဖွင့်လှစ်ထားရာ နေအိမ်နှင့် ခရစ်ယာန်ကျောင်းတို့ပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ကလေးသုံးဦး မန္တလေးပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူရကြောင်း အဆိုပါ ဆေးရုံကြီးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ အထက (၁၂) ကျောင်းမှ ကျောင်းသူများသည် မီးလောင်နေသည့် မြင်ကွင်းကို မြင်တွေ့ခဲ့သဖြင့် ထွက်ပြေးရာတွင် အသက် ၁၅ နှစ်အရွယ် ကလေး သည် မီးခိုးများမွှန်၍ အသက်ရှူမဝ ဖြစ်ကာ မန္တလေးဆေးရုံကြီး ပြည်ပလူနာဌာနတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊ အသက် ၁၃ နှစ်အရွယ်နှင့် ၁၁နှစ်အရွယ် ကျောင်းသူ နှစ်ဦးမှာမူ ခြေထောက်တွင်  ပြတ်ရှဒဏ်ရာ ရှိ၍ ယင်းဆေးရုံ အရေးပေါ် လူနာဌာနတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး စိုးရိမ်စရာ အခြေအနေ မရှိကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

ယင်းမန္တလေး ဆေးရုံကြီးနှင့် အထက (၁၂) အနီးရှိ အိမ်အမှတ် ၇၀ မှ မီးစတင် လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး ဘေးအိမ် နှစ်အိမ်သို့ပါ မီးကူးစက် လောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှု တန်ဖိုးကျပ် ၈၂ သိန်းခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ချမ်းအေးသာစံမြို့နယ် ရုံးခွဲ ဖွင့်လှစ်ထားရာ နေအိမ်မှာ မီးကူးစက် လောင်ကျွမ်းမှုကြောင့် အိမ်အောက်ဆုံး ထပ်သာ မီးငြှိမ်းသတ်နိုင်၍ ကျန်ရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနထံမှ သိရသည်။

ယင်းမီးစတင် လောင်ကျွမ်းသည့် အိမ်မှာ အသက် ၈၈ နှစ်အရွယ် မျက်မမြင် ဒေါ်ခင်သန်း၏ နေအိမ်ဖြစ်ပြီး ၎င်းမှာ ထိခိုက်ဒဏ်ရာ ရမှု မရှိကြောင်း မီးစတင် လောင်ကျွမ်းသည့် အိမ်ဘေးကပ်လျက် တောင်ဘက် ခရစ်ယာန်ကျောင်း  RC သုံးထပ်ဆောင် နှင့် မြောက်ဘက်ရှိ အိမ်အမှတ် (၆၈)၊ အိမ်ရှင် ဦးဝင်းမောင် နံကပ် နှစ်ထပ်၊ ၂၀ x ၆၀ အပေါ်ထပ်တို့ ကူးစက်မီး လောင်ကျွမ်းခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မီးလောင်နေတဲ့ အချိန်က ကျောင်းဆင်းခါနီး အချိန်ဖြစ်လို့ ကျောင်းသား မိဘတွေက စိုးရိမ်ပြီး မီးလောင်တဲ့ အိမ်နဲ့ ကပ်လျက်မှာရှိတဲ့ အထက (၁၂) ကျောင်းကို အပြေးအလွှား ရောက်လာကြတယ်။ အလယ်အိမ်က လောင်တာ၊ ဘေးက တိုက်ခံအိမ် ဖြစ်နေလို့ တော်သေးတယ်၊ မဟုတ်ရင် အခြား အိမ်တွေကို ဒီထက်မက မီးကူးစက် နိုင်ပါတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်မိုးမိုးဦးက ဆိုသည်။ 

လက်ရှိ ယင်းမီးလောင်သည့် အကြောင်းအရင်းကို စစ်ဆေးနေပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၅၄ စီး၊ စည်ပင်ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှု ယာဉ်တစ်စီး နှင့် မီးသတ်တပ်ဖွဲ့ဝင်ပေါင်း ၁၅၀ ကျော် နှင့် ရပ်ကွက် ဒေသခံများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြောင်း အဆိုပါ မီးလောင်မှုကို ပ-၅၇/၂၀၁၄ ပြစ်မှု ၂၈၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါဌာနထံမှ ထပ်မံသိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis