menu

Saturday 16 November 2013

ဦးအေးနေဝင်းနှင့် ဦးကျော်နေဝင်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

တရားရေးမဏ္ဍိုင်တိမ်းစောင်းမှုကြောင့်ထောင်ထဲကိုမရောက်သင့်ဘဲ ရောက်နေသူများရှိနေသည်ဟုဦးအေးနေဝင်းပြောကြား

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂ဝဝ၂ ခုနှစ်တွင် မြန်မာနိုင်ငံကို ၂၆ နှစ်ကြာအုပ်ချုပ်လာခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးနေဝင်းနှင့်သမီးဖြစ်သူ

ဒေါ်စန္ဒာဝင်းတို့အား နေအိမ်အကျယ်ချုပ်ချခဲ့ပြီး သမက်ဖြစ်သူ ဦးအေးဇော်ဝင်း၊ သားများဖြစ်သည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်းတို့ကို ပုဒ်မ-၁၂၂/၁ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ဖမ်းဆီး၍ သေဒဏ်ချမှတ်ခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှ တင်မြှောက်လိုက်သည့် သမ္မတဦးသိန်းစိန်၏ အစိုးရသစ်လက်ထက် ၂ဝ၁၂ ခုနှစ်တွင် ဦးအေးဇော်ဝင်းနှင့် သားဖြစ်သူ ဦးဇွဲနေဝင်းတို့ ပြန်လည်လွတ်မြောက်လာပြီး ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးအေးနေဝင်းနှင့်ဦးကျော်နေဝင်းတို့ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ယင်းသို့ပြန်လည်လွတ်မြောက်လာသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌဟောင်း ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်း၏ လက်ရှိအစိုးရအပေါ် သဘောထား၊ မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရန်ရှိမရှိ၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ်အမြင်၊ ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်အပေါ် ၄င်းတို့၏မိသားစုသဘောထား၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။.


မေး။    ။    လွတ်လာတဲ့အချိန်မှာ လက်ရှိအစိုးရ အပေါ် ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ။    ။    လက်ရှိအစိုးရနဲ့ပတ်သက်ပြီးတော့ အတို ချုပ်ပြောရမယ်ဆိုရင် အားရကျေနပ်စရာတွေ အများကြီးရှိပါတယ်။ နောက်ပြီးတော့ အခု လုပ်နေတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်တာကိုင် တာတွေ ကျွန်တော့်အနေနဲ့ ဘယ်လိုရှုမြင်သုံးသပ် လဲဆိုတော့ အရည်အချင်းလဲရှိတယ်။ စေတနာလဲ ရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်။ အဲ့အထဲမှာမှ တစ်ခု ကျွန်တော်ဘာသွားတွေ့သလဲဆိုတော့ ငြိမ်းချမ်း ရေးလုပ်နေတဲ့ကိစ္စတွေ။ ကျွန်တော်နည်းနည်းပြော ချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်နေတဲ့အခါမှာ နှစ်ဦးနှစ်ဖက်စလုံးက စေတနာကောင်းကောင်းနဲ့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ကိစ္စတွေအကုန် လုံးက တကယ့်ကိုနှစ်ထောင်းအားရပါတယ်။ အဲဒီလိုလုပ်ဖို့ဆိုတဲ့ဟာကလဲ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ဖို့လဲလိုပါတယ်။ယုံကြည် မှုတည်ဆောက်ဖို့လိုတယ်ဆိုတဲ့ဟာမှာ နိုင်ငံ တကာမီဒီယာတွေမှာပေါ့လေ။ ပြောနေဆိုနေကြ တာက တစ်ဖက်စောင်းနင်းဖြစ်နေတယ်လို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့မြင်လဲဆိုတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တဲ့ကိစ္စနဲ့ပတ်သက် လို့ အဆင်မပြေတာဘဲဖြစ်ဖြစ်၊ တိုက်ပွဲတွေ ဖြစ်တာပဲဖြစ်ဖြစ် အစိုးရဘက်နဲ့တပ်မတော်ဘက် ကိုပဲ အပြစ်ပြောတာ၊ အဲဒါမျိုးတွေဖြစ်နေတယ်။

    အဲဒီတော့ တစ်ဖက်သတ်ပြောနေတဲ့ကိစ္စမှာ တစ်ခုအရင်ဆုံးပြောချင်ပါတယ်။ ဟိုတစ်လော တုန်းက တိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်လို့ စစ်တပ်ကိုချည်းပဲ အပြစ်ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရရင် ဝမ်း အသာရဆုံးလူတွေက စစ်သားတွေပဲ။ ကျန်တဲ့ လူက ငြိမ်းချမ်းရေးဆိုတာ ပါးစပ်နဲ့ပဲပြောနေတာ။ စစ်သားတွေက ငြိမ်းချမ်းရေးမရှိရင် တကယ် သေရမယ့်လူတွေ။ နောက်တခြားအသက်မွေးဝမ်း ကျောင်းတွေနဲ့မတူတာက ဥပမာ-ကျောင်းဆရာ လုပ်တဲ့လူဆိုရင်လဲ တကယ်ဝါသနာပါလို့လုပ် တာ၊ ကျောင်းဆရာစာသင်နေရရင် ပျော်နေ တဲ့လူတွေရှိတယ်။ ဆရာဝန်လုပ်တဲ့လူဆိုရင်လဲ ဝါသနာပါလို့လုပ်တယ်။ ခွဲစိတ်ကုသနေရရင် ပျော်နေတဲ့လူတွေ။ စစ်သားဆိုတဲ့ဟာကတော့ ကျွန်တော်နားလည်သလောက်ပြောရရင် ဝါသနာ ပါလို့စစ်သားလုပ်တယ်၊ တကယ်အဓိက အလုပ် ဖြစ်တဲ့ စစ်တိုက်ရတဲ့အခါမှာ ပျော်ရွှင်ပြီးစစ်တိုက် ရတဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ စစ်တိုက်တဲ့အခါ သေချင်လဲ သေသွားနိုင်တာပဲ။ မသေရင်လဲ ခြေပြတ် လက်ပြတ်ဖြစ်ပြီးတော့ ဒုက္ခိတလဲ ဖြစ်သွားနိုင် တယ်။ အဲဒီတော့ ကမ္ဘာပေါ်မှာ စစ်မတိုက်ချင် ဆုံးလူသားတွေသည် စစ်သားတွေပဲ၊ သူတို့သည် မဖြစ်မနေအခြေအနေတစ်ခုရှိလို့သာ  တိုက်ပွဲဝင် နေရတာလို့ ကျွန်တော်မြင်တယ်။

    နောက်ပြီး တချို့တွေကလဲ သုံးသပ်တဲ့ နေရာတွေမှာပေါ့လေ၊ လွယ်လွယ်လေးရှင်းပြီး အဖြေရှိနေတာကို မမြင်ဘဲနဲ့ သိုင်းဝိုင်းပြီးတော့ မဟုတ်တာတွေသုံးသပ်နေတာကိုလဲ ကျွန်တော် တွေ့ရတယ်။ ဥပမာ-တိုက်ပွဲတွေဖြစ်တာနဲ့ပတ် သက်ပြီး တချို့က ဘယ်လိုပြောကြသလဲဆိုတော့ ဒါနိုင်ငံတော်သမ္မတရဲ့အမိန့်အာဏာကို စစ်တပ် က လက်မခံဘဲနဲ့ဖီဆန်ပြီးတော့ တိုက်နေတယ် ဆိုတာမျိုးတွေပြောတာလဲရှိပါတယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ကျွန်တော်ပြောချင်တာကထောင်ထဲ မှာရှိတဲ့သူတွေတောင်မှ အကုန်ကြားထားတာ။ ဘာရှိလဲဆိုတော့ သမ္မတကပြောပြီးပြီ။ ကိုယ့် ကိုယ်ကိုယ် ခုခံကာကွယ်ရုံမှတစ်ပါး မတိုက် ရဘူးလို့ အကုန်လုံးကိုအမိန့်ပေးထားတယ်လို့ ဆိုတယ်။ အဲဒီလိုဖြစ်နေရဲ့သားနဲ့ တိုက်ပွဲကဖြစ် နေတယ်ဆိုတော့ အရှင်းလင်းဆုံးကောက်ချက် ချရမှာက ဟိုဘက်ကတိုက်လို့ ကိုယ့်ဘက်က တိုက်နေရတာပါလားဆိုတာ အဖြေကရှင်းပါ တယ်။ အဲဒီလောက်ရှင်းနေတဲ့အဖြေကိုမှမကြည့် ဘဲနဲ့ သိုင်းဝိုင်းပြီးတော့ စစ်တပ်ကပဲ သမ္မတနဲ့ သဘောထားမတူလို့လား၊ စစ်တပ်ကပဲတိုက်ချင် လို့ အမိန့်ဖီဆန်ပြီး တိုက်နေတာလားဆိုတာမျိုး ပေါ့။ ပြောချင်တာက အဲ့လောက်ရှည်ရှည် ဝေးဝေး စဉ်းစားစရာမလိုဘူး။

မေး။    ။    လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာဘယ်အခန်း ကဏ္ဍကနေပါဝင်သွားဖို့ရှိသလဲ။

ဖြေ။    ။    နိုင်ငံရေးဖြစ်စဉ်မှာပါဖို့ဆိုတာက နိုင်ငံ ရေးကိုဖွင့်ဆိုတဲ့အဓိပ္ပာယ်အပေါ်မှာလဲ မူတည်ပါ တယ်။ ကျွန်တော့်အနေနဲ့ အသေအချာပြောနိုင် တာကတော့ ပါတီထောင်ပြီးတော့ လှုပ်ရှားတာ၊ စည်းရုံးတာ ရွေးကောက်ပွဲနိုင်ငံရေးလုပ်တဲ့ဟာ မျိုးတွေတော့ လုပ်ဖို့စိတ်ဆန္ဒမရှိပါဘူး။ သို့သော် ကျွန်တော်တို့မိသားစုရဲ့ခံယူချက်ကတော့ အချက် လေးချက်ရှိပါတယ်။  နံပါတ်တစ်အချက်က တော့ ကျွန်တော်တို့နိုင်ငံကို တိုင်းတစ်ပါးသားက ကျူးကျော်စော်ကားလာတဲ့အခါ၊ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိနေတဲ့အစိတ်အပိုင်း တစ်ခုခုက ပြည်ထောင်စုကနေခွဲထွက်သွားတာ မျိုး၊ပဲ့ထွက်သွားတာမျိုး၊ကြံစည်တာမျိုး၊ တတိယ တစ်ချက်က ကျွန်တော်တို့နိုင်ငံကို အကြိမ်ကြိမ် ကယ်တင်ပြီးတော့ ရပ်တည်ပေးခဲ့တဲ့ တပ်မတော် ရဲ့ ဂုဏ်သိက္ခာနဲ့အစဉ်အလာကို သေးသိမ်မှေးမှိန် အောင်လုပ်တာမျိုး၊ နံပါတ်လေးအချက်က ဗုဒ္ဓ ဘာသာသာသနာကို စော်ကားတာ၊ ဒီလေးချက် နဲ့ ကြုံလာရင်တော့ ကျွန်တော်တို့ကျရာနေရာ ကနေ ဝင်ပြီးထမ်းဆောင်မှာပါ။ ဒါကို နိုင်ငံရေး လို့သတ်မှတ်ရင်တော့ ကျွန်တော်တို့နိုင်ငံရေး လုပ်တယ်ပြောရမှာပါ။

မေး။    ။    လက်ရှိလွတ်မြောက်လာတဲ့အတွက် လက်ကျန်နိုင်ငံသားအကျဉ်းသားအတွက် နိုင်ငံ ရေးအကျဉ်းသားစိစစ်ရေးအဖွဲ့ကို ဘာများပြော ချင်ပါသလဲ။

ဖြေ။    ။    ကျွန်တော် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ရဲ့လှုပ်ရှားနေတဲ့ လုပ်ဆောင်ချက်တွေကို အင်မတန်လေးစားပါတယ်။ ဂုဏ်ယူပါတယ်။ အားပေးပါတယ်။ ဒါပေမယ့် ထပ်ဖြည့်ပြီးပြော ချင်တာကတော့ နိုင်ငံသစ်တည်ထောင်နေတဲ့ နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေတင်မဟုတ် ပါဘူး။ အကျဉ်းချခံရတဲ့အထဲမှာ လူ့စွမ်းအား အရင်းအမြစ်ပြုန်းတီးပြီး ရောက်ရှိနေတဲ့သူတွေ အများကြီးပါ။ အခုဆိုရင် တရားရေးမဏ္ဍိုင်ကို ပြန်လည်တည့်မတ်ဖို့ ပြောနေကြတာတွေရှိပါ တယ်။ တရားရေးမဏ္ဍိုင်တိမ်းစောင်းမှုကြောင့် ထောင်ထဲကိုမရောက်သင့်ဘဲ ရောက်နေတဲ့သူတွေ ရှိပါတယ်။

မေး။    ။ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်အပေါ်မှာ ရော သဘောထားဘယ်လိုရှိပါသလဲ။

ဖြေ။    ။ဗိုလ်ချုပ်ကြီးခင်ညွန့်တစ်ယောက်တည်း ကို ကျွန်တော်ကွက်မပြောပါဘူး။ တခြားစစ်တပ် က ခေါင်းဆောင်တွေအကုန်လုံးကိုကျေးဇူးတင်တဲ့ အကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ မိသားစုကို အရေးယူဖို့ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ညီအစ်ကိုသုံးယောက်နဲ့ ကျွန်တော့် အဖေကို တရားရုံးတင်စစ်ဆေးဖို့လုပ်သလိုမျိုး၊ တစ်ဖက်ကကျတော့ ကျွန်တော့်အမေနဲ့ကျွန်တော့် အဘိုးအိမ်မှာရှိနေတဲ့အချိန်မှာ နေအိမ်မှာအကျယ် ချုပ်ချဖို့ ညွှန်ကြားလိုက်တာရှိပါတယ်။ အဲဒီ အချိန်တုန်းက အဲလိုလုပ်ဖို့ အပေါ်ကနေညွှန်ကြား လိုက်တဲ့လူကြီးက ပြောတဲ့ဟာကို တပ်မတော် သားတစ်ဦးပဲဖြစ်တဲ့ တာဝန်ရှိလက်မှတ်ထိုးပေး ရမယ့်ဝန်ကြီးက အဖေကြီးကိုဒီလိုလုပ်ရင်သမိုင်း အမည်းစက်ထင်လိမ့်မယ်လို့ပြောတယ်။ သူပြော သလို အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်

အတွင်းရေးမှူးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုဆက်တင်ပြပြီး သူတို့ကိုညွှန်ကြားအမိန့်ပေးတဲ့သူဆီကို ပြန်သွားပြီးတော့ ကျွန်တော်တို့ကတော့ သမိုင်းမှာ ဒီလိုအစွန်းအထင်းမခံနိုင်ဘူး၊ ကျွန်တော်တို့ ကိုယ့်အဖေကို ပြန်ပြစ်မှားစော်ကားတဲ့လူအဖြစ်နဲ့လဲ သမိုင်းမှာမတွင်ရစ်စေနိုင်ဘူး။ အဲဒါကြောင့် ဗိုလ်ချုပ်ဘာသာ ဗိုလ်ချုပ်ချချင်ရင်ဗိုလ်ချုပ်ပဲလက်မှတ်ထိုးပါလို့ ပြန်တင်ပြလိုက်ပါတယ်။ တင်ပြ ရဲခဲ့တဲ့အတွက် ကျွန်တော်တို့အဘိုးဟာ သူဆုံးပါးချိန်အထိလွတ်လပ်တဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ သစ္စာရှိရှိနေထိုင်သွားနိုင်ပါတယ်။ အဲလိုပြောလို့လဲ အပေါ်ကနေ အမိန့် ပေးခဲ့တဲ့လူကြီးကို အပြစ်တင်တာမဟုတ်ပါဘူး။ သူ့ကိုလဲအကောင်းဘက်က ပြန်ရှုမြင်ရမယ် ဆိုရင် သူ့စိတ်ထဲမှာ တစ်ချိန်တစ်ခါကမှားမိခဲ့သော်ငြားလည်း အောက်ကလူတွေ တင်ပြတဲ့ အချိန်မှာ မင်းတို့ငါ့ကို ဒီလိုတင်ပြစရာမလိုဘူးလို့ပြောပြီး ရမ်းကားပြီးလုပ်ချင်ရင် လုပ်ပစ်လိုက် လို့ရတာပဲ။ အဲဒီလိုမလုပ်ဘဲ သူလဲကိုယ့်အဖေကိုစော်ကားတာမျိုး မလုပ်နိုင်ဘူးဆိုပြီးလက်မှတ် မထိုးလိုက်လို့၊ ဒါသည်တပ်မတော်သားများလဲဖြစ်လို့ ဒီလုပ်ရပ်ကလေးကို ကျေးဇူးတင်တယ် လို့ပြောရတာပါ။

မေး။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ကာလမှာ ဘယ်လိုကြုံတွေ့ခံခဲ့ရသလဲ။

ဖြေ။ အထဲမှာ ကြုံတွေ့ရတဲ့အချိန်ကနေစပြီး ဒီနေ့အထိကိုယ့်ကိုယ်ကိုယ်သူများဒုက္ခပေးတာ ခံရတယ်ဆိုတဲ့ခံစားချက်မရှိပါဘူး။ အဲဒီလိုမရှိလို့နာကြည်းမှုမရှိပါဘူး။ အုပ်ချုပ်နေတဲ့အစိုးရသည် တပ်မတော်ဖြစ်လို့၊ ကျွန်တော်တို့ကလဲတပ်မတော်မိသားစုဖြစ်လို့ မိသားစုစိတ်ဓာတ်နဲ့ပဲ ရှုမြင် ပါတယ်။ ခံယူချက်ချင်းမတူလို့ဖြစ်သွားတာပဲရှိတယ်လို့ခံယူပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဘာမှအငြိုးအာဃာတ ခံယူစရာမရှိပါဘူး။

မေး။ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့အချိန်မှာ တပ်တဲ့ပုဒ်မနဲ့ပတ်သက်ပြီး ဘာများပြောချင် တာရှိလဲ။

ဖြေ။ တရားရုံးမှာ အဲဒီပုဒ်မတင်မကဘဲ တခြားတပ်ထားတဲ့ပုဒ်မတွေလဲရှိပါတယ်။ အဲ့ဒါ တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ အထောက်အထားအပြည့်အစုံနဲ့ တပ်သမျှပုဒ်မတိုင်းဟာ မဟုတ်မမှန်ကြောင်း၊ ကျွန်တော်တို့မှာ အပြစ်မရှိကြောင်း အဲဒီတုန်းက ထုချေပြီးသားဖြစ်ပါ တယ်။ အထူးသဖြင့် ပုဒ်မ ၁၂၁ဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အဲဒီပုဒ်မမှာ (က)(ခ)(ဂ) (ဃ)ဆိုတဲ့လေးခုရှိပါတယ်။ အပေါ်သုံးခုက တကယ်ကိုလက်နက်စွဲကိုင်ပြီး တိုက်တဲ့ အချက်တွေဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားဖို့ ကြိုးစားတယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက လက်နက်ကိုင် ပြီးတော့ နိုင်ငံတော်ကို စစ်မက်တုပြိုင်ရအောင်ဆိုတာ ကျွန်တော်တို့ဘယ်တုန်းက လက်နက် ကိုင်ခဲ့တယ်၊ တောခိုခဲ့တယ်ဆိုတာ သူတို့သက်သေမပြနိုင်ပါဘူး။ နောက်ဆုံးတစ်ချက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တင်မြှောက်ထားတဲ့အစိုးရကို ဖယ်ရှားဖို့ဆိုတာ ပြောစရာကိုမလိုဘူး။ အဲဒီ အချိန်၊ အဲဒီအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ မရှိသေးပါဘူး။ ဖြစ်သွားတဲ့ ပြစ်မှုဖြစ်တဲ့အချိန် မှာ အကျုံးမဝင်သေးပါဘူး။ အဲဒီတော့ ပုဒ်မအားလုံးကိုကျွန်တော်ငြင်းပယ်ပါတယ်။


ကျော်ဇ၊ ရဲထွဋ်၊ အောရမ်း

The Union Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis