menu

Saturday 16 November 2013

ပြည်တွင်း၌ ဗုံးဖောက်ခွဲ ဖျက်ဆီးမှု ပြုလုပ်ရန် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်နေသည့် အမျိုးသားနှစ်ဦးအား လှိုင်သာယာမြို့နယ်ရှိ တည်းခိုခန်း တစ်ခုတွင် ဖမ်းဆီးရမိ


နယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ပြီး ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲဖျက်ဆီးရန် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေသော အမျိုးသား နှစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ထို့ပြင် အဆိုပါဖြစ်စဉ်၌ ပါဝင်ပတ်သက် နေသူတစ်ဦး လွတ်မြောက်နေပြီး ကွင်းဆက်များကို ဖော်ထုတ်ရန် တိုင်းအဆင့်ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲရေး ပြုလုပ်ရန် ရောက်ရှိလာသော ရခိုင်အမျိုးသားများ ဖြစ်သော ခိုင်နေမင်း(ခ)တင်မောင် နှင့် သိန်းညွှန့် (ခ) ဂျပန်ကြီးတို့သည် လှိုင်သာယာမြို့နယ်၊ ပဒံကျေးရွာရှိ အအေးခန်း ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် ၎င်းတို့ တည်းခိုနေသော အခန်းအမှတ်(ဒီ-၁၅)သို့ ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း သတင်းများအရ သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ယင်းသို့ ရှာဖွေဖမ်းဆီးမှုကြောင့် အလျား ၆ လက်မ၊ အချင်း ၁ လက်မရှိ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် ချည်ကြိုးစပါ ပိုက်နှစ်ချောင်း၊ အရှည် ၄ ပေခန့်ရှိ ၀ါနီကြား လျှပ်စစ်ဝိုင်ယာကြိုး တစ်ချောင်း၊ ခဲခေါက်တံတစ်ခု၊ ဘက်ထရီနှစ်လုံး၊ စားပွဲတင်နာရီ ဖြုတ်လက်စ တစ်လုံးတို့ကို တွေ့ရှိရကြောင်း သိရသည်။
ထို့ပြင် အစိမ်းရောင်ဗန်းအတွင်း ထည့်ထားသော ယမ်းပြား ၄၀ ၀ိုင်း၊ ဓာတ်ဆီတစ် လီတာ တစ်လုံး၊ ဒီဇယ်တစ်လီတာ တစ်လုံးတို့အပြင် ၁၅ ပေနှင့် ရှစ်ပေခန့်ရှည်သော နှစ်ပင်လိမ် ကြိုးနှစ်ချောင်း၊ ပလတ်စတစ်ဇလုံဖြင့် ထည့်ထားသော မီးသွေးတစ်ပိဿာခန့် တို့ကိုလည်း ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ရှာဖွေ စစ်ဆေးရာ U Tin Maung အမည်ပါ Yangon-Sittewe လေယာဉ်လက်မှတ် တစ်စောင်၊ ထုံးဟုယူဆရသော အဖြူရောင်အမှုန့် တစ်ပိဿာခန့်၊ ဓားအိမ်ပါ ဘက်နက်တစ်ချောင်း၊ နှာခေါင်းကာ Mask တစ်ခု၊ ဆေးထိုးပိုက်တစ်ခု၊ ဦးတင်မောင် အမည်ပါ နိုင်ငံစိစစ်ရေး ကတ်ပြားတစ်ခု၊ လက်ကိုင်ဖုန်းတစ်လုံး၊ ပင်နယ်စလင်းပုလင်း နှစ်လုံးနှင့် ၉V၊ ခဲခွေ၊ ခဲခေါက်၊ ကွိုင်ကြိုးစာတမ်းများပါ စာရွက်တစ်ရွက် တို့နှင့်အတူ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်နေစဉ် အဆိုပါကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းတို့နှစ်ဦးကို သောင်ကြီးနယ်မြေရဲစခန်းမှ (ပ) ၇၀၀/၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ ဖြင့် စစ်ဆေးနေကြောင်း သိရသည်။

SKY အအေးခန်း ဧည့်ရိပ်သာမှ မန်နေဂျာ ကိုဝင်းထွဋ်က ''တည်းခိုသွားတဲ့ သူတွေက နိုဝင်ဘာ ၁၃ ရက် မနက် ၉ နာရီ ၁၅ လောက်မှာ ရောက်လာတယ်။ ဘယ်လောက်မှ သိပ်မကြာလိုက်ဘူး။ ၁၀ နာရီလောက်မှာ တိုင်းရဲတပ်ဖွဲ့က ၀င်ဖမ်းသွားတယ်။ ကျွန်တော်တို့က သတင်းပေးတာတွေ မရှိပါဘူး။ ရဲမရောက်လာခင် ၅ မိနစ်၊ ၁၀ လောက်မှာပဲ သူတို့သုံးယောက်ထဲက တစ်ယောက်က အပြင်ထွက်သွားလို့ လွတ်သွားတယ်လို့ ကြားတယ်။ ကျွန်တော်တို့ဆီမှာ တပ်ထားတဲ့ စီစီတီဗီ မှတ်တမ်းကို ရဲကိုပေးလိုက်ပါတယ်။ စီစီတီဗီက အပြင်မှာ တပ်ထားတော့ သူတို့ဝင်လာတာနဲ့ ရဲတွေဝင်ဖမ်း တာတွေတော့ပါတယ်။ အထဲမှာ သူတို့ဘာလုပ်နေလဲ ဆိုတာတော့ မပါဘူး'' ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမှုစစ်အဖြစ် ဆောင်ရွက်နေသူ သောင်ကြီးရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်ချစ်ကိုကိုက ''ဒီဖြစ်စဉ်ကို တိုင်းရဲတပ်ဖွဲ့ဝင်တွေက ၀င်ရောက်ဖမ်းဆီးခဲ့တယ်။ ကျွန်တော်က အမှုစစ်အဖြစ်ပဲ တာဝန်ယူရတာပါ။ ဒါပေမဲ့စစ်ဆေးတာတွေ အကုန်းလုံးက တိုင်းရုံးကပဲ ဆောင်ရွက်နေပါတယ်။ နောက်ဆက်တွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘာတစ်ခုမှ မသိရသေးပါဘူး'' ဟု နိုဝင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

အလားတူ ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရုံးက စစ်နေတဲ့အတွက် ဘာမှမသိရသေးဘူး။ အားလုံးစစ်ဆေး ပြီးရင်တော့ ပြောကြားသွားပါမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis