menu

Friday 18 October 2013

အမေရိကန်အစိုးရယန္တရား ပြန်လည် လည်ပတ်ရန် လွှတ်တော်သဘောတူ

Photo: အမေရိကန်အစိုးရယန္တရား ပြန်လည် လည်ပတ်ရန် လွှတ်တော်သဘောတူ

ဝါရှင်တန်၊ အောက်တိုဘာ ၁၇

အမေရိကန်အစိုးရယန္တရား ပြန်လည် လည်ပတ်နိုင်ရေးနှင့် အစိုးရအဖွဲ့ ချေးယူနိုင်သော ငွေပမာဏ သတ်မှတ်ချက် မြှင့်တင်ရေးတို့ကို လွှတ်တော်က သဘောတူညီလိုက်ပြီး ဥပဒေကြမ်း အတည်ပြုပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်များ ထိန်းချုပ်ထားသော အထက်လွှတ်တော်က အစိုးရပြန်လည် ဖွင့်လှစ်နိုင်ရေး သဘောတူညီချက်ကို ထောက်ခံမဲ ၈၁ မဲ၊ ကန့်ကွက်မဲ ၁၈ မဲဖြင့် သဘောတူညီခဲ့သည်။
အဆိုပါ သဘောတူညီချက်ကို အောက်လွှတ်တော်ကလည်း ထောက်ခံမဲ ၂၈၅ မဲ၊ ကန့်ကွက်မဲ ၁၄၄ မဲဖြင့် ထပ်မံ အတည်ပြုပေးလိုက်သည်။

အစိုးရအဖွဲ့ ချေးယူနိုင်သော ငွေပမာဏသတ်မှတ်ချက် ၁၆ ဒသမ ၇ ထရီလီယံ (၁ထရီလီယံ = ၁၀၀၀ဘီလီယံ) သတ်မှတ်ချက် တိုးမြှင့်ပေးရေး နောက်ဆုံးအချိန် မရောက်ခင် နာရီပိုင်းအလိုတွင် ယင်းကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အတည်ပြုနိုင်ခြင်းကြောင့် အမေရိကန်အစိုးရအဖွဲ့ ဘဏ္ဍာရေး ချောက်ကမ်းပါးတွင်းသို့ ကျရောက်မည့် အန္တရာယ်မှ အချိန်မီကာကွယ်နိုင်ခဲ့ပြီး အစိုးရအဖွဲ့ ချေးယူနိုင်သည့် ငွေပမာဏကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မတိုင်ခင်ထိ သက်တမ်း တိုးမြှင့်ပေးခဲ့သည်။
ထို့အပြင် အစိုးရရန်ပုံငွေကို ဇန်နဝါရီလ ၁၅ အထိ ခွင့်ပြုပေးလိုက်ခြင်းကြောင့် ဗဟိုအစိုးရ အေဂျင်စီများ လုပ်ငန်း ပြန်လည် လည်ပတ်နိုင်မည်ဖြစ်ပြီး ခွင့်ယူထားရသော အစိုးရဝန်ထမ်း ထောင်ပေါင်းများစွာ စတင်အလုပ်လုပ်နိုင်မည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ် အတည်ပြုထားသော သဘောတူညီချက် ဥပဒေမူကြမ်းကို အလျင်အမြန် လက်မှတ်ရေးထိုး အတည်ပြုပေးမည် ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။
ကြာသပတေးနေ့မှ စတင်ပြီး ဗဟိုအစိုးရ ဝန်ထမ်းများ စတင် အလုပ်ဆင်းနိုင်မည်ဟု လွှတ်တော်ရုံးက ပြောကြားသည်။

သို့သော်လည်း သဘောတူညီချက်မှာ လက်ရှိဖြစ်ပွားနေသော ပြဿနာများကို ယာယီ ဖြေရှင်းလိုက်ခြင်းသာ ဖြစ်ပြီး ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ခုကြား သဘောထား ကွဲလွဲနေသည့် အစိုးရအသုံးစရိတ် အရေးကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
အမေရိကန်အစိုးရ ချေးယူနိုင်သော ငွေပမာဏ သတ်မှတ်ချက်မှာ မေလအတွင်း ရောက်ရှိကျော်လွန်သွားပြီ ဖြစ်ခြင်းကြောင့် အစိုးရအဖွဲ့က အထူးနည်းလမ်းများ အသုံး ပြုပြီး အသုံးစရိတ်များကို ပေးချေခဲ့သည်။

သို့သော်လည်း ယင်းနည်းလမ်းများ မှာလည်း အောက်တိုဘာလ ၁၇ ရက်နေ့ တွင် သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်ပြီး ချေးငွေသတ်မှတ်ချက် မမြှင့်တင်နိုင်ပါက အမေရိကန်ပြည်ထောင်စု ပေးအပ်ရန်ရှိသည့် ချေးငွေများနှင့် ငွေကြေးဆိုင်ရာ လိုက်နာဆောင်ရွက်ဖွယ်ရာ များကို ပေးဆပ် နိုင်တော့မည်မဟုတ်ဘဲ ကမ္ဘာ့စီးပွားရေးပါ ထိခိုက်စေမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် အစိုးရယန္တရားတစ်ခုလုံး ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ရပ်ဆိုင်းသွားခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး ၂၄ ဘီလီယံဒေါ်လာထိ ရှိခဲ့ပြီး စီးပွားရေးတိုးတက်နိုင်မှု နှုန်းထား များကိုလည်း လျှော့ချခန့်မှန်းရမည်ဟု အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့ Standard Poor  က ပြောကြားလိုက်သည်။

The Voice weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis