menu

Friday 18 October 2013

မုံရွာမြို့တွင် မသင်္ကာဖွယ်ရာ ပါဆယ်အိတ်တစ်ခုမှ စတင်၍ ဗုံးလန့်မှုဖြစ်ပွားခဲ့သော်လည်း စိုးရိမ်ဖွယ်ရာမရှိဟုဆို

မုံရွာမြို့၊ ခရီးသည်တင် အဝေးပြေးကားအသင်းများစုဝေးတည်ရှိရာ ကားလေးကွင်းအတွင်း ယခုလ ၁၈ ရက်နေ့မနက် ၉ နာရီ အချိန်ခန့်က မသင်္ကာဖွယ်ရာ ပါဆယ်အိတ်တစ်ခုမှ စတင်၍ ဗုံးလန့်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း စစ်ဘက်ရေးရာအဖွဲ့အစည်း တစ်ခုမှ အတည်ပြုပြောကြားသည်။ ရန်ကုန်မြို့မှ မုံရွာမြို့သို့ စိန်ဌေးလှိုင် ခရီးသည်တင် အဝေးပြေးကားနှင့် တင်ပို့လိုက်သည့် ပါဆယ်စက္ကူအိတ်တစ်ခုတွင် ပေးပို့ရမည့် လိပ်စာပါသော်လည်း ပေးပို့သူ၏ လိပ်စာရေးသားထားခြင်းမရှိခဲ့သည့်အတွက် မသင်္ကာဖွယ်ရာ ပါဆယ်အိတ်ဟု သက်ဆိုင်ရာမှ ထင်မြင်ယူဆမိခဲ့ရာမှ ဗုံးလန့်မှု စတင်ဖြစ်ပွားခဲ့ရကြောင်း အဆိုပါ ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ယမန်နေ့ ညနေပိုင်းအချိန်ခန့်က ရန်ကုန်မြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ် ၊ ယာဉ်အမှတ် ၈ည/ ၄၀ × × အား ဦးသန်းအောင် ဆိုသူမှ မောင်းနှင်လာခဲ့ရာ မုံရွာမြို့ စုပေါင်းကာကွင်းသို့ ယနေ့မနက် ၅ နာရီအချိန်ခန့်က ဆိုက်ရောက်ခဲ့သည်။ ထိုကားပေါ်တွင် Myanmar Mobile အမှတ်တံဆိတ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူတစ်လုံး ပေါ်တွင် “ ဗိုလ်ချုပ် စိုးလွင်(တိုင်းမှူး) မုံရွာမြို့ ” ဟု ပေးပို့ရမည့် လိပ်စာအား ရေးသားထားသော်လည်း ပေးပို့သူ၏ လိပ်စာ မှာရေးသားထားခြင်းမရှိသည့်အတွက် သက်ဆိုင်ရာမှ အဆိုပါ အိတ်နှင့်ပတ်သက်၍ မသင်္ကာဖွယ်ရာ အိတ်တစ်လုံးဟု ယူဆခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုစဉ်က တိုင်းဒေသကြီး၏ အရေးကြီးစာပို့ တာဝန်ထမ်းဆောင်နေသူ အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့( မုံရွာ) တပ်ဖွဲ့ခွဲမှ ယာဉ်ထိန်း ရဲတပ်ကြပ် မြသိန်းထိုက် ဆိုသူမှ လုပ်ငန်းတာဝန်အရ ပေးပို့စာများနှင့် ပါဆယ်ပစ္စည်းများအား ၎င်းကားဂိတ်သို့ သွားရောက်ယူဆောင်ခဲ့ရာတွင် အဆိုပါ မသင်္ကာဖွယ်ရာ ပါဆယ်အိတ်တစ်လုံးကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ “ ဒီရက်ပိုင်းအတွင်းမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတစ်ခုကိုတွေ့ရှိရတယ်ဆိုရင် သက်ဆိုင်ရာကို ဖုန်းဆက်အ ကြောင်းကြားပါဆိုလို့ လုံခြုံရေးသတိအရ အခုလိုဖုန်းဆက်လိုက်ရတာဖြစ်ပါတယ်..” ဟု ၎င်းယာဉ်ထိန်းရဲတပ်ကြပ်မှ ပြောပြ သည်။ ထိုအချိန်က စုပေါင်းကားကွင်းအတွင်းရှိ မြင်တွေ့လိုက်ရသူများ၏ အတည်ပြုပြောကြားချက်များအရ သက်ဆိုင်ရာ ဗုံးရှင်း လင်းရေး အဖွဲ့ရောက်ရှိမလာခင် အဆိုပါ မသင်္ကာဖွယ်ရာ ပါဆယ်အိတ်အား ကွင်းပြင်သို့ထုတ်ယူ၍ ကားတာယာဘီးကြီးသုံး ခုဖြင့်ဖုံးအုပ်ထားရှိကြောင်း ပြောပြသည်။ မိနစ် ၂၀ ၀န်ကျင်ခန့် အချိန်ကြာမြင့်သော် ထိုအရပ်သို့ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးနှင့်အဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူး ကြူအင်းနှင့်အဖွဲ့ တို့မှ ရောက်ရှိလာပြီး ဗုံးရှင်းလင်းရေး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မနက် ၁၁ နာရီအချိန်တွင် အမှတ်(၉၀၉) စစ်မြေပြင် အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီး ချစ်ဆွေ နှင့်အဖွဲ့မှ ထပ်မံ ရောက်ရှိလာကာ အဆိုပါ မင်္သာဖွယ်ရာ လက်ဆွဲစက္ကူ အိတ်အားစီစစ်၍ ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ဒေသတွင်း ပြည်သူလူထု အထိတ်တလန့်မဖြစ်ပွားစေရန်အတွက် အဆိုပါ မသင်္ကာဖွယ်ရာ လက်ဆွဲစက္ကူအိတ်နှင့်ပတ်သက် ပြီး သီးခြားသတင်းအတည်ပြုချက်ရရှိရန် သက်ဆိုင်ရာ စစ်ဘက်ရေးရာဌာနသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းပါဆယ်စက္ကူ အိတ်အတွင်း၌ ပေါက်ကွဲပျက်စီးစေနိုင်သည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ တစ်စုံတစ်ခုမှပါဝင်ခြင်းမရှိကြောင်း၊ လိပ်မူပါ မိတ်ဆွေတစ်ဦးမှ ဂေါက်သီးများပေးပို့လိုက်ခြင်းဖြစ်ကြောင်း စိုးရိမ်ထိတ်လန့်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။ အဆိုပါ ဗုံးလန့်မှုဖြစ်စဉ်သည် ဒေသတွင် လုံခြုံရေးသတိအရ စိုးရိမ်စိတ်လွန်ကဲခြင်းတစ်ရပ်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လုံခြုံရေးသတိ ထပ်ကျမခွာထားရှိပြီး ဒေသတွင်း၌ မျက်ချေမပြတ်စောင့်ကြပ်ပေးနေခြင်းသာလျင်ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

သတင်း၊ ကိုတိုးကြီး အောက်တိုဘာ ၁၈
ဟာဂျူလီကသာ facebook မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis