menu

Friday 18 October 2013

မြန်မာနိုင်ငံသား ၁၀၀၀ ခန့် အလုပ်လုပ်နေနေသည့် ထိုင်းနိုင်ငံ ဖူးကက်ရှိ ကုန်တိုက်တစ်ခု မီးလောင် ဘတ်သန်း ၁၀၀ ကျော်ခန့်ဆုံးရှုံး

October 18, 2013 at 9:50am
ကွန်ချမ်း | သောကြာနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၂၄ မိနစ်

မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင်ခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့ရှိ Super Cheap ကုန်တိုက်ကြီး မီးလောင်မှု အောက်တိုဘာလ ၁၆ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အတည်မပြုနိုင်သေးသော်လည်း ထိုင်းသတင်းအချို့ကမူ ဘတ်သန်း ၁၀၀ ကျော် (ကျပ်သန်း ၃၀၀၀ ခန့်) ဆုံးရှုံးလိမ့်မည်ဟု ခန့်မှန်းကြသည်။

အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းသည့် အဆိုပါ လောင်ကျွမ်းမှုသည် နံနက်ပိုင်း ၃ နာရီဝန်းကျင်တွင် မီးစွယ်ကျိုးသွားသော်လည်း အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းထိ မီးကြွင်းမီးကျန်များကို ဆက်လက် ငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း အဆိုပါကုန်တိုက်အနီးတွင်နေထိုင်သူ ကိုဝင်းမွန်က ပြောသည်။


Super Cheap ကုန်တိုက်ဝင်းတစ်ခုလုံးသည် ၃၅ ရိုင်ကျော် (၁၅ ဧကခန့်) ကျယ်ဝန်းပြီး ၀င်းအတွင်းတွင် ကုန်တိုက်၊ အလုပ်သမားတန်းလျားနှင့် ကားဂိုဒေါင်များရှိကာ၊ အလုပ်သမားတန်းလျားသို့ မီးကူးစက် လောင်ကျွမ်းမှုမရှိကြောင်း အဆိုပါကုန်တိုက်မှ အလုပ်သမားများက ပြောသည်။ ကုန်တိုက်တွင် အလုပ်သမားပေါင်း သုံးထောင်ဝန်းကျင် အလုပ်လုပ်ကိုင်လျက်ရှိသော်လည်း မီးလောင်သည့်အချိန်တွင်မူ စုစုပေါင်း လူတစ်ထောင်ခန့်သာ ရှိသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။

မီးစတင်လောင်ကျွမ်းသည့် အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ရသူ ကုန်တိုက် အလုပ်သမားအချို့နှင့် အတည်မပြု ရသေးသည့် ထိုင်းသတင်းများက လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ စတင် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါကုန်တိုက်မှ အထွေထွေလုပ်သား ကိုနိုင်ထွန်းက “ကျွန်တော်တို့ ရေခဲပုံးကို ပြင်နေတဲ့အချိန်မှာ အပေါ်ဘက် က လျှပ်စစ်ကြိုးနှစ်ချောင်းရိုက်ပြီး မီးစလောင်တယ်။ အလုပ်သမား ငါးယောက် ခြောက်ယောက်လောက်က မီးသတ် ဘူးတွေနဲ့ဖျန်းတယ်။ ဖျန်းလေမီးကများလေနဲ့ ရော်ဘာပုံးတွေကို ကူးတယ်။ အဲဒီကနေ ဂက်စ်ဘူးတွေကိုကူးပြီး မနိုင်တော့လို့ ကျွန်တော်တို့အားလုံး ထွက်ပြေးကြတယ်”ဟု မီးစတင် လောင်ကျွမ်းပုံကို ပြောသည်။

မီးသတ်ကား အစီး ၅၀ နှင့် မီးသတ်ဝန်ထမ်း အင်အား ၃၀၀ ကျော်ကို အသုံးပြုကာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင် ကျွမ်းမှုကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ထိုင်းသတင်းများက ရေးသားသည်။

မြန်မာနိုင်ငံသားများသည် ထိုကုန်တိုက်တွင် ပစ္စည်းသယ်ပို့ခြင်း၊ ဖြည့်စွက်ခြင်း စသည့် အထွေထွေ လုပ်ငန်းများကို လုပ်ကိုင်ကြရပြီး မီးလောင်ကျွမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အများစုမှာ တန်းလျားမှမိမိ တို့နှင့် ရင်းနှီးသူများ၊ နီးစပ်ရာဆွေမျိုးများထံသို့ ရွှေ့ပြောင်းလျက်ရှိသည်ဟု ကူညီပို့ဆောင်ပေးနေသူ ကိုဝင်းမွန်က ပြောသည်။

 Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis