menu

Thursday 10 October 2013

အာဏာသိမ်းမှုကြောင့် ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းပြီးနောက် အီဂျစ်ကိုပေးသည့် စစ်ရေး အကူအညီများ ဖြတ်တောက်ရန် အမေရိကန် ပြင်ဆင်

Photo: အာဏာသိမ်းမှုကြောင့် ဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းပြီးနောက် အီဂျစ်ကိုပေးသည့် စစ်ရေး အကူအညီများ ဖြတ်တောက်ရန် အမေရိကန် ပြင်ဆင်

ဝါရှင်တန်၊  အောက်တိုဘာ ၉

စစ်တပ် အာဏာသိမ်းပိုက်မှုနှင့် ပြည်တွင်း နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသော အီဂျစ်နိုင်ငံ အပေါ် ပေးအပ် ထောက်ပံ့လျက်ရှိသည့် စစ်ဘက်ဆိုင်ရာ အကူအညီအချို့ကို ဖြတ်တောက်မည့် အစီအစဉ်အား လာမည့်ရက်များအတွင်း ထုတ်ပြန် ကြေညာရန် အမေရိကန်အစိုးရ အနေနှင့် ပြင်ဆင်လျက် ရှိသည်ဟု အိမ်ဖြူတော်က ထုတ်ဖော် ပြောဆိုကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီဂျစ်ကို ပေးအပ်နေသည့် အကူအညီများ ဖြတ်တောက်မည်ဟု ဆိုရာတွင် စစ်ဘက် ဆိုင်ရာ အကူအညီများသာ ဖြစ်ပြီး ကျန်ရှိသည့် အကူအညီများ အားလုံးကို ဆိုလိုရင်း မဟုတ်ကြောင်း အမေရိကန် အစိုးရ အရာရှိကြီးများက ပြောကြားသည်။ 
 
ထိုသို့ အီဂျစ်ကို ပေးနေသည့် အကူအညီများ ဖြတ်တောက်ရန် ဆုံးဖြတ်မှုမှာ ပြီးခဲ့သည့် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော စစ်တပ် အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် လတ်တလော အီဂျစ်၌ ဖြစ်ပေါ်နေသော အဓိကရုဏ်းများနှင့်လည်း ဆက်စပ်မှု ရှိကြောင်း ၎င်းတို့က ဆိုသည်။ 

သို့သော်လည်း အချို့သော အကြမ်းဖက် နှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ အကူအညီများကို ဆက်လက်ပံ့ပိုး ပေးသွားနိုင်သည်ဟု အမေရိကန်အစိုးရ အကြီးတန်း  အရာရှိတစ်ဦးက CNN သို့ ပြောကြားသည်။ 

အီဂျစ်နိုင်ငံ၌ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အကူအညီပေးနိုင်မည့် စစ်ဘက် မဟုတ်သော ရန်ပုံငွေများ ပံ့ပိုးပေးမှုကိုလည်း အမေရိကန်ပြည်ထောင်စုက ဆက်လက် ပေးသွားမည် ဖြစ်သည်။ 

အမေရိကန်သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် အီဂျစ်ကို ပေးအပ်နေသည့် စစ်ဘက်အကူအညီ အချို့ကို ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရပ်ဆိုင်းခဲ့သည်။

အမည်မဖော်လိုသော အမေရိကန် အစိုးရ အရာရှိကြီးတစ်ဦးကမူ တစ်နှစ်လျှင် ၁ ဘီလီယံခန့်ရှိသည့် အကူအညီ အထောက်အပံ့များ ရပ်ဆိုင်းရန် ပြင်ဆင်မှုသည် လတ်တလော အီဂျစ်နိုင်ငံ၌ ဆန္ဒပြ ပြည်သူများအပေါ် အကြမ်းဖက် နှိမ်နင်းခြင်းနှင့် ယင်းဖြစ်ရပ်ကြောင့် လူအများ သေဆုံးခဲ့ရခြင်းတို့ကြောင့် ရုတ်ခြည်းပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ပြောကြားသည်။ 

သို့သော် အမေရိကန်ပြည်ထောင်စုသည် အီဂျစ်ကို စစ်ရေးအကူအညီ ဖြတ်တောက်ကြောင်း တရားဝင် အသိပေး အကြောင်းကြားမှု မပြုလုပ်ရသေးကြောင်း ၎င်းကဆိုသည်။ 

အီဂျစ်နိုင်ငံတွင် သမ္မတမိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချကာ ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် အမေရိကန် အစိုးရက ‘အာဏာသိမ်းမှု’ အဖြစ် သတ်မှတ် ဖော်ပြခဲ့ခြင်း မရှိပေ။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis