menu

Thursday 10 October 2013

သံတွဲပဋိပက္ခတွင် ပျောက်ဆုံးသူ နှစ်ဦး၏ အလောင်းပြန်တွေ့

Photo By narinjara.com
ကေဇင်ဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၂၄ မိနစ်

ဘာသာမတူသည့် လူမျိုးစု နှစ်စုကြား ဖြစ်ပွားခဲ့သည့် စက်တင်ဘာ နောက်ဆုံးပတ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် သံတွဲပဋိပက္ခဖြစ်စဉ်တွင် ပျောက်ဆုံးသွားခဲ့သော ရခိုင်လူမျိုးနှစ်ဦး၏ အလောင်းအား သံတွဲမြို့နယ် လင်းသီကျေးရွာအနီးတွင် အောက်တိုဘာ ၉ ရက်က ပြန်လည်တွေ့ရှိခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ရှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၉ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

ရဲမှူးကြီးကျော်တင့်က “ရွှေလှေအနောက်ဘက် နှစ်မိုင်လောက်ဝေးတဲ့ လင်းသီရွာနားက အလောင်းတွေကို ပြန်တွေ့တာပါ။ ဆေးစစ်ချက်ရယူဖို့ သံတွဲဆေးရုံကို ပို့ထားပါတယ်”ဟု ပြောသည်။ သေဆုံးသွားသူ နှစ်ဦးမှာ
တောင်ကုတ်ကျေးရွာမှ သံတွဲမြို့သို့ သွားရောက်ရာ လမ်းခရီးတွင် အကြမ်းဖက်ခံရခြင်းဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။

အဆိုပါ နှစ်ဦးအပါအ၀င် ခြောက်ဦးမှာ အောက်တိုဘာ ၁ ရက်တွင် တောင်ကုတ်မှ သံတွဲသို့ လာရောက်စဉ် လမ်းခရီးရှိ ရွှေလှေရွာအနီးတွင် အကြမ်းဖက်ခံရခြင်းဖြစ်ကာ လေးဦးကို ဆေးရုံတင်ထားပြီး နှစ်ဦး ပျောက်နေခြင်းဖြစ်ရာ ယင်းနှစ်ဦး၏ အလောင်းကို အောက်တိုဘာ ၉ ရက်မှ ပြန်တွေ့ခြင်းဖြစ်သည်။



ရဲမှူးကြီးကျော်တင့်က “ပဋိပက္ခဖြစ်တာ မီးရှို့မှုဖြစ်တာနဲ့ မဆိုင်ပါဘူး။ လေးယောက်က ဆေးရုံတင်ထားရပြီး နှစ်ယောက်ပျောက်နေတာ အခုမှ အလောင်းကိုရှာတွေ့တာပါ”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ခြောက်ဦးမှာ တောင်ကုတ်မြို့ သင်ပန်းရွှေရွာမှ ကိုသောင်းရွှေ၊ သံတွဲ အံတော်ရွာမှ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ကိုရန်နိုင်နှင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး ၊ ဇီးဖြူကုန်းမှ ရွာသားတစ်ဦး အပါအ၀င် စုစုပေါင်း ခြောက်ဦးတို့ ဖြစ်သည်။

“ဒီအမှုနဲ့ ပတ်သက်တဲ့သူ ရှစ်ဦးကို မိထားပါပြီ။ ထပ်ပြီးတော့လည်း ဖမ်းဆီးနေပါတယ်။ အားလုံးဥပဒေရှိတဲ့ အတိုင်း ဆောင်ရွက်မှာပါ”ဟုလည်း ဦးကျော်တင့်က ပြောသည်။

စက်တင်ဘာ ၂၈ ရက်က စတင်ခဲ့သော သံတွဲပဋိပက္ခဖြစ်စဉ်တွင် အထက်ပါ ရှစ်ဦးအပါအ၀င် ဖမ်းဆီးထားသူ ၅၈ ဦးရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် သံတွဲဒေသတွင်း အခြေအနေများ တည်ငြိမ်နေပြီး ငပလီ ဟိုတယ်ဇုန်တွင် ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်) ကို အောက်တိုဘာ ၈ ရက်က ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis