menu

Thursday 10 October 2013

အရောင်များနှင့် ကစားခြင်း.....(ဂျူး)

                

                 အရောင်များနှင့် အသက်ရှင်နေထိုင်တတ်သူ ဖြစ်လာချိန်မှစ၍ ကျွန်မသည် အရောင်များရှိရာသို့ ရွေးချယ်၍သာ ခြေလှမ်း လှမ်းခဲ့ပါသည်။
                   အရောင်များဆီသို့ သွားရာလမ်းတွင် အဖော်တစ်ယောက်လောက် လိုချင်သည်။ အရောင်တွေက ပြောသည့် စကားကို နားထောင်တတ်သူ ဖြစ်ရမည်။ အရောင်တွေ၏တန်ဖိုးကို နားလည်တတ်သူ ဖြစ်ရမည်။ ကျွန်မ သိပ်လောဘကြီးသွားပြန်ပြီလား။

                   ကျွန်မသည် ငယ်ငယ်တုန်းက လမင်းကြီးထံမှာ ရွှေလင်ပန်းနှင့် ထည့်ပေးမည့် ထမင်းဆီဆမ်းကို ခဏခဏတောင်းခဲ့ဖူးသည်။ တောင်းခံရသည့် မျှော်လင့်ချက်ဖြင့် ပျော်ရွှင်ကျေနပ်နေခဲ့ဖူးသည်။ ယခုအခါ ကျွန်မသည် လောကကြီးထံမှ အဖော်တစ်ယောက် တောင်းဖို့ပင် တွန့်ဆုတ် တွေဝေနေရပြီ။ ဘာကြောင့်လဲဆိုတော့ လောကသည် ကျွန်မ၏ဆန္ဒကို အသိအမှတ်ပြုရာတွင် အမြဲတမ်း လွဲမှားစွာ နားလည်တတ်သောကြောင့် ဖြစ်သည်။ ကျွန်မ အလိုရှိ၍ တောင်းတိုင်း သူက ပေးအပ်တာတော့ မှန်ပါရဲ့။ သို့သော် အများအားဖြင့် ကျွန်မတောင်းသည့်အရာက တခြား သူပေးသည့်အရာက တခြားဖြစ်သည်။ ယခုအခါ ကျွန်မ မလိုချင်ဘဲ လက်ခံနေရသည့် မှားယွင်းသည့် လက်ဆောင်များစွာအတွက် လောကကို ကျေးဇူးတင်နေရတာ ဘယ်လောက်ရယ်စရာကောင်းလိုက်ပါသလဲ။ အချို့အမှားများကို သိမ်းဆည်းကာ မေ့ပျောက်ထား၍ ရနိုင်သော်လည်း အချို့အမှားများကို သိမ်းဆည်းဖို့ ဘယ်လိုမှမဖြစ်နိုင်ပါ။


                   အမှားတွေကို လက်ခံထားရသော လူတစ်ယောက်အတွက် အနီးစပ်ဆုံးသော အာရုံလွှဲပြောင်းနည်းမှာ အရောင်များကို ခံစားခြင်းပင်ဖြစ်သည်။ အရောင်များသည် သဘာဝအား ဆန်းကြယ်စွာ အလှဆင်ပေးတတ်သလို လူတို့၏ စိတ်ဝိညာဉ်အား ကြင်နာစွာ ဆေးကြောပေးတတ်ပါသည်။

                   ကျွန်မတို့၏စိတ်ကို ကလေးငယ်တစ်ယောက်လို ဖြူစင်သန့်ရှင်းစေဖို့အတွက် အဖြူရောင်ကို လိုအပ်သည်။ အဖြူရောင်များစွာရှိသည့်အနက် ကျွန်မအနှစ်သက်ဆုံးမှာ တိမ်၏အဖြူရောင်ပင်ဖြစ်သည်။ ဖြူဖွေးသော တိမ်ငွေ့တိမ်တန်းများသည် ကျွန်မအား သူတို့နှင့်အတူ မကြာခဏခေါ်သွားဖူးသည်။ ကျွန်မကလည်း တိမ်ငွေ့များနောက်သို့ လိုက်ပါဖို့ဆိုလျှင် မည်သည့်အခါမှ တွန့်ဆုတ်နှေးကွေးခြင်းမရှိ၊ သူတို့နှင့်အတူ ကောင်းကင်မှာ လိုက်ပါရွေ့လျားသည့်အခါ သူတို့၏အဖြူရောင်သည် ကျွန်မထံကူးစက်ကာ ကျွန်မချက်ချင်း ကလေးတစ်ယောက်ဖြစ်သွားလေ့ရှိသည်။ ကလေးတစ်ယောက်၏ အမြင်အာရုံဖြင့် လောကကို ငုံ့ကြည့်ရတာ ဘယ်လောက်ကြည်နူးစရာကောင်းလိုက်ပါသလဲ။ စောင်းရွဲ့နေသော လောကသည် ကလေး၏အမြင်အာရုံတွင် စနစ်တကျ တည့်မတ်နေလေသည်။ လိမ်ကောက်နေသောလမ်းများသည် ကလေး၏မျက်လုံးထဲတွင် ဖြောင့်စင်းနေလေသည်။ တိမ်များပေါ်ကကြည့်သောအခါ တောင်တန်းသည် ပို၍မြင့်မားပြီး တောအုပ်သည် ပို၍စိမ်းမှောင်ထူထပ်ကာ ပင်လယ်သည် ပို၍ပြာလွင်နက်ရှိုင်းနေသည်။ ဘေးမှာ အဖော်အဖြစ် တိမ်စိုင်တိမ်လိပ်များ၊ တိမ်ငွေ့တိမ်တန်းများ၊ တိမ်မျှင်အစအနကလေးများ လိုက်ပါရွေ့လျားနေသောအခါ ဘ၀သည် ကြည်နူးဖွယ်ရာ ရင်ခုန်ဖွယ်ရာပင် ဖြစ်၏။ အနီးအနားမှာ မြင်မြင်သမျှသည် အဖြူရောင်ချည်းဖြစ်၏။ အဖြူရောင်ကို ကျွန်မချစ်သည်။

                   ထို့ကြောင့် အိပ်ရာခင်းအဖြူရောင်သည် လူတစ်ယောက်အတွက် လိုအပ်သောအရောင် ဖြစ်သည်။ အဖြူရောင်အင်္ကျီ၊ အဖြူရောင်ဇာပ၀ါ၊ အဖြူရောင်ပန်းပွင့်၊ အဖြူရောင်တိုက်အိမ်၊ အဖြူရောင်မျက်နှာကြက်၊ အဖြူရောင်နှင်းကန့်လန့်ကာ။ နောက်ထပ် လှပသော အဖြူရောင်ကလေးတစ်ခုအကြောင်း ပြောပြချင်ပါသေးသည်။
                   အဲသည်တုန်းက နံနက်ခင်းသည် နှင်းငွေ့ဖြင့် မှုန်မှိုင်းလန်းဆန်းလျက်ရှိသည်။ အဲသည်တုန်းက ကျွန်မသည် အပြာရောင်မိုးကောင်းကင်အောက်မှာ စက်ဘီးစီးနေခဲ့သည်။ ကျွန်မ၏ဘီးများအောက်တွင် ပြောင်လက်စွာ နက်မှောင်သော ကတ္တရာလမ်းသွယ်ကလေးတစ်ခု၊ ကျွန်မ၏ဦးခေါင်းအထက်မှာတော့ အဖြူရောင်တိမ်ငွေ့တန်းတစ်ခု ညင်သာစွာ ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်မှာပင် တိမ်ငွေ့တန်းလို ဖြူဖွေးပါးလျားသော အရောင်တစ်ခုကို ကျွန်မ အမှတ်မထင် မြင်လိုက်ရခြင်း ဖြစ်သည်။

                   ကျွန်မ၏လက်ယာဘက်က ခြံဝန်းကျယ်ကြီးထဲမှာ အဖြူရောင်အရာတစ်ခု လှုပ်ရှားနေခဲ့လေသည်။ လှုပ်ရှားမှုက လှပလွန်းသဖြင့် ကျွန်မ စက်ဘီးခဏရပ်ကာ လှမ်းကြည့်မိ၏။ အဖြူရောင်သည် မြေညှိထားသော ကွင်းပြင်ကလေးတစ်ခုတွင် ပြေးလွှားခုန်ပေါက်လျက်ရှိသည်။ သိုးမွှေးလက်ရှည်အဖြူဆွတ်ဆွတ်၊ အားကစားဘောင်းဘီရှည် အဖြူဆွတ်ဆွတ်၊ သူ့တစ်ကိုယ်လုံး အဖြူရောင်။ ထိုအဖြူရောင်သည် လက်ထဲကဘောလုံးကို မြေပေါ်မှာ ထောက်ကာထောက်ကာ ပုတ်ယူလျက် ခဏကြာတော့ တစ်ကိုယ်လုံးမြောက်ကြွသွားအောင် တစ်ချက်ခုန်လိုက်သည်။ သူ့လက်ထဲမှ ဘောလုံးသည် လှပစွာ မြောက်တက်သွားပြီး ဘတ်စကတ်ဘောတိုင်၏ ပိုက်ခြင်းထဲသို့ ဖျတ်ခနဲ ၀င်သွားသည်။

                   ဖြောင့်စင်းသောကိုယ်လုံးဖြင့် သွက်လက်လျင်မြန်သော အဖြူရောင်ကလေးသည် ဘောလုံးကို ခုန်ဖမ်းလိုက်ပြီး သည်ဘက်သို့ လှည့်လိုက်၏။ ခြံစည်းရိုးသံဆန်ခါကွက်ကလေးများ၏ တစ်ဖက်မှာ စက်ဘီးတစ်စီး ရပ်ထားပြီး မိန်းမတစ်ယောက် ရပ်ကြည့်နေသည်ကို သူမြင်သောအခါ သူ့လက်ထဲက ဘောလုံးကို မြေပေါ်သို့ အရှိန်ပြင်းစွာ ပုတ်ချလိုက်သည်။
                   သူ့ဘောလုံးသည် နီဝါ၀ါအရောင်။ ကျွန်မစက်ဘီးလက်ကိုင်ရာဘာစွပ်၏ အရောင်နှင့် ဆင်တူသည်။
ထိုအရောင်သည် ဆိတ်ဖလူးပန်းပွင့်၏ အတွင်းဘက်ဝတ်မှုန်တံအရောင်နှင့် ဆင်တူသည်။ လိပ်ပြာကလေးတချို့တွင် ထိုအရောင်ဖြင့် လှပသော အတောင်ပံများ ရှိသည်။ ကျွန်မဖတ်သောစာအုပ်တချို့၏ မျက်နှာဖုံးအရောင်မှာ ထိုအရောင် တော်တော်များများပါဝင်၏။ မကြာသေးမီက ကျွန်မရေးဆွဲသော ပန်းချီကား၏ တိမ်တောက်ချိန် ကောင်းကင်နောက်ခံတွင် ထိုအရောင်တစ်ခု ပါဝင်ခဲ့သည်။ ထိုအရောင်သည် လူတို့၏စိတ်ကို လှုပ်ရှားတက်ကြွစေသည်။ ကျွန်မသည် ပခုံးဖြင့်လွယ်သော လက်ကိုင်အိတ်ကို လွယ်လျှင် ထိုနီဝါ၀ါအရောင်နှင့် ဆင်ဆင်တူသော သားရေအရောင်ကို ရွေးချယ်လေ့ရှိပါသည်။

                   သူသည် ဘောလုံးကို မြေနှင့်ထောက်ကာ လှည့်ပတ်ကစားနေပြီးမှ နောက်တစ်ကြိမ် မြောက်ခနဲခုန်၍ ခြင်းထဲသို့ ပစ်သွင်းလိုက်ပြန်သည်။ သည်တစ်ကြိမ်တွင် ဘောလုံးသည် ပိုက်ခြင်းထဲ ကျမသွားဘဲ ဘေးကကွင်း၏ နှုတ်ခမ်းနှင့်ထိကာ အောက်သို့ပြန်ကျလာသည်။ ကျွန်မသဘောကျစွာ လှစ်ခနဲပြုံးမိ၏။ ထိုအချိန်မှာပင် သူကဘောလုံးကို ဆီးမဖမ်းဘဲ ကျွန်မရှိရာသို့ လှည့်အကြည့်နှင့် ဆုံသွားသည်။ ကျွန်မ၏အပြုံးကို သူချက်ချင်းမတုံ့ပြန်ပါ။ ဒေါသကို ပြန်မျိုချပစ်နေရသောကြောင့် ဖြစ်မည်။ ခဏကြာအောင် အကြည့်ဆုံနေပြီးမှ သူ ဖျတ်ခနဲပြုံးကာ မျက်နှာလွှဲသည်။ ထိုအပြုံးမှာ ကျွန်မကို ပြုံးသည့်အပြုံးမဟုတ်ပါ။ သူ့ကိုယ်သူ ရယ်ချင်သောကြောင့် ပြုံးလိုက်ရသည့် အပြုံးဖြစ်ပါသည်။ သို့သော် ထိုအပြုံးကြောင့်ပင် သူ့မျက်နှာဆီမှ တောက်ပသော အလင်းတန်းတစ်ခုကို ကျွန်မ ခံစားရယူလိုက်ရသည်။

                   နေ၏အရောင်သည် အဖြူရောင်ရှိသလား၊ အ၀ါရောင်ရှိသလား၊ သို့မဟုတ် အနီရောင် ရှိသလား။ တကယ်တော့ နေ၏အရောင်သည် အဖြူရောင်လည်း မဟုတ်၊ အ၀ါရောင်လည်း မဟုတ်၊ အနီရောင်လည်း မဟုတ်၊ တောက်ပမှုတစ်ခုသာ ဖြစ်သည်။ တစ်ခါတစ်ခါ နွေးထွေးသည့်တောက်ပမှု၊ တစ်ခါတစ်ခါ အနည်းငယ် ပူနွေးသည့် တောက်ပမှု၊ တစ်ခါတစ်ခါ ပူပြင်းစူးရှသည့် တောက်ပမှု။ သူ့အပြုံးသည် နေ၏တောက်ပမှုသုံးမျိုး ရောနှောစွာ ခံစားစေသည် အပြုံး ဖြစ်သည်။

                   လ၏အရောင်သည် အဖြူရောင်လား၊ အ၀ါရောင်လား၊ သိုမဟုတ် အပြာရောင်လား၊ ခရမ်းရောင်လား၊ တကယ်တော့ လ၏ အရောင်သည် အဖြူရောင်လည်း မဟုတ်၊ အ၀ါရောင်လည်း မဟုတ်၊ အပြာရောင်လည်း မဟုတ်၊ ခရမ်းရောင်လည်း မဟုတ်ပါ။ လ၏ အရောင်သည် လင်းလက်သော တောက်ပမှုတစ်ခုသာဖြစ်သည်။ အမြဲတစေ အေးမြသည့် တောက်ပမှုတစ်ခုဖြစ်သည်။ သူ့အပြုံးသည် လ၏ အေးမြသည့် တောက်ပမှုကို ကျေနပ်စွာ ခံစားစေရသည့်အပြုံးမျိုးလည်း ဖြစ်သည်။
                   နေ၏အရောင်နှင့် လ၏အရောင်ကို တစ်ပြိုင်တည်း ခံစားလိုက်ရသောအခါ ကျွန်မ၏ ရင်ထဲမှာ ပြည့်စုံသော စိတ်ကျေနပ်မှုတစ်ခုကို ရလိုက်သည်။ ထို့ကြောင့် ကျွန်မသည် စက်ဘီကို တွန်းယူ၍ သူ့ခြံရှေ့မှ ဆက်လက်ထွက်ခွာရန် ဟန်ပြင်မိသည်။

                   သူ့ခြံစည်းရိုးတွင် တွယ်ကပ်၍ ဆင်းနေသော နွယ်ပင်များသည် အစိမ်းရောင်ဖြစ်၏။ အလွန်စိမ်းသော အစိမ်းရောင်ဖြစ်၏။ လူတစ်ယောက်မှာ အစိမ်းရောင်မြင်ကွင်းတစ်ခု အမှန်တကယ် လိုအပ်ပါသည်။ မျက်လုံး၏ကျန်းမာရေး၊ ဦးနှောက်၏ကျန်းမာရေး၊ စိတ် ကျန်းမာရေး၊ ထိုအရာများကို အစိမ်းရောင်မှတစ်ဆင့် ကျွန်မတို့ ရရှိနိုင်သည်။ အစိမ်းရောင်သစ်ပင်များ၊ အစိမ်းရောင်သစ်တောဖုံးလွှမ်းသည့် တောင်တန်းစိမ်းစိမ်းများ၊ အစိမ်းရောင်မြက်ခင်းလွင်ပြင်များ၊ ထိုအစိမ်းရောင်များသည် ကျွန်မကို အမြဲဆွဲဆောင်ခဲ့သည်။

                   သို့သော် ကျွန်မ တိုက်ခန်းအတွင်းနံရံ၏ မူလအရောင်မှာ စိမ်းပြာနုရောင် ဖြစ်ခဲ့၏။ ကျွန်မပိုင်ဆိုင်သွားသောအခါ ထိုအရောင်ကို ဖျက်ပစ်လိုက်ပြီး ကြက်ဥနှစ်ရောင်အသွေး စပ်ထားသော နို့နှစ်ရောင်ဖျော့ဖျော့ ဖြစ်သွားအောင် ဆေးသုတ်ပစ်လိုက်သည်။ ယခု ကျွန်မ၏အခန်းနံရံသည် စိမ်းပြာနုရောင် မဟုတ်တော့ပါ။ ၀ါဖျော့ဖျော့ နို့နှစ်ရောင် ဖြစ်သည်။ ထိုအရောင်သည် နံရံတစ်ခုအတွက် သင့်တော်သော အရောင်ဖြစ်သည်။ အခန်းကို သန့်ရှင်းစေသည်။ အာရုံကို ကြည်လင်စေသည်။ လုံလောက်သော အလင်းကို ရရှိစေသည်။ နံရံတွင် ပန်းချီကားများ ချိတ်ဆွဲရန် အဆင်ပြေသည်။

                   သို့သော် ကျွန်မ စက်ဘီးထိုင်ခုံ၏ အရောင်မှာ စိမ်းပြာနုရောင် ဖြစ်၏။ ထိုထိုင်ခုံကို ကျွန်မကိုယ်တိုင် ရွေးချယ်ထားခြင်းဖြစ်သည်။ ယခုအခါ ကျွန်မရွေးချယ်ထားသော ထိုင်ခုံ၏ စိမ်းပြာနုရောင်နှင့် ဆင်တူသော အရောင်တစ်ခုကို ထပ်တွေ့နေရပြီ။ ချာတိတ်၏ ဖိနပ်တွင် အနက်ရောင်နှင့်အတူ ထိုစိမ်းပြာနုရောင် အစင်း နှစ်စင်းကို မြင်တွေ့လိုက်ရပါသည်။

                   ထိုစိမ်းပြာနုရောင်ကလေးထံမှ မျက်နှာလွှဲပြီး စက်ဘီးနင်း၍ ထွက်ခွာလာချိန်တွင် ကျွန်မသည် စိတ်မှတ်မဲ့ လေတစ်ချက်ပင် ချွန်လိုက်မိသေး၏။ ကျွန်မအတွက် ခံစားနိုင်ဖို့သီးသန့် အရောင်ကလေးတစ်ခု ရလိုက်ပြီ။ ကျွန်မ ပျော်ရွှင်သွားပါသည်။ နောက်သို့ တစ်ချက်ပြန်လှည့်ကြည့်သောအခါ နွယ်ပင်စိမ်းစိမ်းများလွတ်သော ခြံစည်ရိုး သံဆန်ခါကွက်များသို့ရောက်မှ သူ့ကို လှမ်းမြင်ရသည်။ သူသည် သူ့ဘောလုံးနှင့်သူ အလုပ်ပြန်ရှုပ်နေပြီဖြစ်သည်။ သူ့အာရုံက ကျွန်မထံမှာ မရှိသောကြောင့် ကျွန်မဘယ်လိုမှ မခံစားရပါ။ ကျွန်မသည် သူ့အတွက် သူ့ဘောလုံးလောက် စိတ်ဝင်စားစရာမကောင်းနိုင်ပါ။ သူ့ဘောလုံးလေ့ကျင့်မှုလောက် အရေးမကြီးနိုင်ပါ။

                   ကျွန်မမှာ အရောင်တစ်ခုရှိနေသည်ဆိုလျှင် ထိုအရောင်သည် ယခုအခါ မှေးမှိန်သွားလောက်ပြီဖြစ်သည်။ မှေးမှိန်သော အရောင်တစ်ခုသည် လူငယ်ကလေးတစ်ယောက်၏ စိတ်အာရုံထဲသို့ ဘယ်တော့မှ ရောက်မလာနိုင်ပါ။ အလွန်သေချာပါသည်။ သို့သော် သူကတော့ ချစ်စဖွယ်တောက်ပသော အရောင်တစ်ခုဖြစ်သဖြင့် ကျွန်မ၏ စိတ်အာရုံထဲကိုတော့ သူဝင်ဝင်လာတတ်ပါသည်။ ထိုကြောင့်လည်း နံနက်တိုင်း ကန်တော်ကြီးတစ်ပတ် စက်ဘီးစီးပြီး အပြန်တွင် သူတို့ခြံရှိရာ လမ်းသွယ်ကလေးမှ ကျွန်မ အမြဲပြန်ပါသည်။

                   နံနက်တိုင်းလိုလိုပင် ကျွန်မ၏ အဖြူရောင်ကလေးကို ကျွန်မ မြင်တွေ့ရပါသည်။
                   သူ့ဆံပင်တွေက အညိုနုရောင်၊ ကျွန်မ၏ ပန်းချီစုတ်တံများ၏လက်ကိုင် အရောင်အတိုင်းဖြစ်သည်။ ထိုအညိုနုရောင်သည် သူ့ဆီမှာကျတော့ ပို၍ပင် လှပလေသည်။ ဘောလုံးကို မြေမှာထောက်ကာ ပုတ်၍ပြေးလွှားနေသည့်အခါ သူ့ဆံပင်များသည် နဖူးပေါ်မှာ ၀ဲကျနေတတ်၏။ ဘောလုံးကို ဟိုးအထက်က ပိုက်ခြင်းထဲသို့ ၀င်အောင် ခုန်မြှောက်၍ ပစ်သွင်းလိုက်သည့်အခါ ပျော့ပျောင်းသော ဆံပင်များသည် ဝေ့ခနဲဖွာလျက် လွင့်သွားတတ်၏။ သူမြေပေါ်ပြန် ခြေထောက်၍ ရပ်သောအခါကျမှ ဆံပင်ပျော့များက ပြန်၍စင်းကျသွားတတ်သည်။ တကယ်တော့ ထိုလှုပ်ရှားမှုသည် ခဏကလေးသာ ဖြစ်သည်။ တစ်စက္ကန့် နှစ်စက္ကန့်မျှသော အချိန်ကလေးသည် ကျွန်မမျက်လုံး၏ ပုံရိပ်ဖော်ကိရိယာကြောင့် ကျေနပ်လောက်အောင် ကြာမြင့်စွာ မြင်နေရသော အနှေးရိုက်ပြသည့် ရုပ်ရှင်ပြကွက်တစ်ခုပမာ စွဲထင်ကျန်ရစ်ခဲ့ရပါသည်။

                   သူ့ခြံရှေ့သို့ ရောက်လျှင် ကျွန်မသည် စက်ဘီးကို ဘီးလိမ့်ရုံသာ ထိန်း၍ နင်းတော့သည်။ နှေးကွေးစွာရွေ့လျားနေသော စက်ဘီးပေါ်မှ သူ ရှိ မရှိ အကဲခတ်ကြည့်ရသည်။ ဘတ်စကတ်ဘော အားကစားကွင်းကလေး၌ သူ မရှိလျှင် ထိုနံနက်ခင်းသည် တစ်ခုခု လျော့ဟာနေတတ်၏။ ကစားကွင်းကလေး၌ သူ့ကို ရိပ်ခနဲမြင်ရလျှင် ကျွန်မ နှလုံးအိမ်မှာ ကျေနပ်မှုဖြင့် သိမ်မွေ့စွာ လှုပ်ရှားလေသည်။ ကျွန်မလာနေမှန်း သူသိအောင် စက်ဘီးဘဲလ်ကို တစ်ချက် သာသာလေးဖိဆွဲလိုက်သည်။ ထိုအခါ သူသည် လမ်းဘက်သို့ ဖျတ်ခနဲ လှမ်းကြည့်လေသည်။ ကျွန်မက သူ့ကို စူးစိုက်ကြည့်ပြလျှင် သူက တစ်ချက်ပြုံးလိုက်ပြီး ဆံပင်များ ဝေ့ခနဲ ဖွာသွားအောင်ပင် ခုန်လိုက်၏။ သူ့လက်ထဲမှာ ဘောလုံးရှိနေလျှင် ဘောလုံးကို ခြင်းထဲသို့ ရောက်အောင် ပစ်ထည့်တတ်ပြီး သူ့လက်ထဲမှာ ဘောလုံးရှိမနေလျှင်တော့ ခုန်ရင်း ညာလက်ကို တန်းတန်းမြှောက်လိုက်ပြီး ခြင်း၏ ကွင်းဝနှုတ်ခမ်းသို့ လက်ဖျားကလေးများဖြင့် ထိလိုက်လေသည်။

                   ပြုံးနေသော သူ့မျက်နှာအရ ဤအပြုအမူသည် လိုချင်တာရသွားသည့် ကလေးတစ်ယောက်၏ ကျေနပ်ပျော်ရွှင်မှုကို ဖော်ပြသည့် အပြုအမူဖြစ်နိုင်သည်ဟု ကျွန်မ တွေးမိ၏။ သို့သော် ဤသို့မဟုတ်ပဲ ငါတော်တယ်၊ ငါလုပ်နိုင်တယ် ဟူသော ကလေးတစ်ယောက်၏ ဂုဏ်ဖော်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ထိုနှစ်မျိုးလုံးသည် ကျွန်မ သူ့ခြံရှေ့သို့ ရောက်လာနေသည်ကို သူအသိအမှတ်ပြု ဂရုထားသော အပြုအမူသာ ဖြစ်သောကြောင့် သူ အဲသည်လို ခုန်လိုက်သည့် အဖြစ်ကလေးကို ကျွန်မကျေနပ်သည်။ သူ အဲသည်လို ပေါ့ပါးစွာ လျှင်မြန်စွာ ခုန်လိုက်သည့်အချိန်တိုင်း ကျွန်မ ကြည်နူးနှစ်သိမ့်စွာ ပြုံးမိပါသည်။

                   သူ့နှုတ်ခမ်းကလေးက ပန်းနုသွေးရောင်၊ အပေါ်နှုတ်ခမ်း နည်းနည်းပါးပြီး နှုတ်ခမ်းအထက် အလယ်ဗဟိုတွင် အချိုင့်ရာကလေး ထင်ရှား၏။ အောက်နှုတ်ခမ်းက ပို၍ထူသယောင်ရှိသည်။ အရေပြားပါးလျားသော သူ့နှုတ်ခမ်းသည် ပြည့်တင်းကာ စိုလက်နေတတ်၏။ ထိုနှုတ်ခမ်းကလေးသည် ပြုံးလိုက်သည့်အခါ ပါးလှပ်စွာ ကော့ညွှတ်သွားလေသည်။ ထိုပန်းနုရောင်သည် ကျွန်မခြံထဲက ရေမွှေးနှင်းဆီပန်းတစ်ပွင့်၏ အရောင်ဖြစ်၏။ အချို့ ညနေခင်းများတွင် နေလုံးပျောက်ကွယ်သွားပြီးနောက် ကောင်းကင်၌ စွဲထင်ကျန်ရစ်တတ်သော အရောင်လည်း ဖြစ်၏။ ကျွန်မ နှစ်သက်စွာ အသုံးပြုလေ့ရှိသော လက်သည်းဆိုးဆေးအရောင်လည်း ဖြစ်၏။ ကျွန်မ ငယ်ရွယ်စဉ်တုန်းကသာ အဲသည် နှုတ်ခမ်းကလေး၏ အပြုံးကို မြင်တွေ့ခံစားရလျှင် သတိလက်လွတ် မိန်းမောသွားနိုင်လောက်ပါသည်။ ယခုအချိန်မှာတော့ အရာရာသည် ကျွန်မအတွက် မထူးဆန်းတော့ပါ။ ဘာကိုမျှလည်း ကျွန်မ မအံ့သြတတ်တော့ပါ။ သို့သော် အဲသည်ပန်းနုရောင်ကလေးကို ကျွန်မ ချစ်သည်။

                   သူ့နားရွက် အဖျားကလေးတွေက အဲသည်ထက်ပင် ပို၍ ပန်းရောင်ရင့်သေး၏။ နောက်ပြီး သူ့ဘယ်ဘက်ပါးပြင် အောက်ခြေနားက ၀က်ခြံဖုသေးသေးကလေးသည်လည်း ပန်းရောင်ပင်ဖြစ်သည်။ ယခုအခါ ကျွန်မသည် ပန်းနုရောင်၊ ပန်းရင့်ရောင်တို့ကို ဟိုစဉ်ကထက်ပင် ပို၍သတိထားမိလာသည်။ ပန်းရောင်သည် အိပ်မက်တစ်ခု၏ အရောင်ဖြစ်သည်။ ကျွန်မ ငယ်ငယ်ကလေးဘ၀တုန်းက အိပ်မက် မက်တိုင်း အိပ်မက်ထဲမှာ ပန်းရောင်တွေကို အများကြီးမြင်ခဲ့ရဖူးသည်။ ထိုအိပ်မက်များကို ပြန်လည် ပုံဖော်သောအခါ ကျွန်မ၏စိတ်အာရုံတစ်ခုလုံးတွင် ပန်းရောင်လွှမ်းမိုးလျက်ရှိသည်။ တလောဆီက ကျွန်မသည် ကင်းဘတ်စ်စ အဖြူပေါ်တွင် ပန်းနုရောင် အနုအရင့်အမျိုးမျိုးအား ရောစပ်တင်လျက် စိတ်လွတ်ကိုယ်လွတ် ကစားမိသည်။ ပန်းချီကား ပြီးသွားတာကြာပြီ။ ပန်းချီကားကို နာမည်မပေးရသေးပါ။ ငယ်အိပ်မက်ဟု ပေးရမလား။ ကလေးတစ်ယောက်ရဲ့ အိပ်မက်ဟု ပေးရမလား။ ကျွန်မ ဝေခွဲမရပါ။

                   သူ့ခြံရှေ့မှ ကျွန်မ ဆက်လက်ထွက်ခွာလာချိန်တွင် ကျွန်မ၏ အာရုံခံစားမှုသည် ယခင်ထက်ပို၍ ပါးလျားနေတတ်သည်။ အသွေးအရောင်ကလေး တစ်ခုတလေသည် ကျွန်မ၏ အမြင်အာရုံမှ တစ်ဆင့် နှလုံးသားဆီသို့ စွဲမြဲစွာ တွယ်ငြိသွားတတ်သည်။ လမ်းဖြတ်ကူးပြေးသော ကလေးမလေးတစ်ယောက်၏ မျက်လုံးထဲမှ သက်ဝင်လှုပ်ရှားမှုတစ်ခုသည် ပန်းနုဖျော့ဖျော့အသွေးဖြင့် ကျွန်မအာရုံထဲသို့ ၀င်ရောက်ငြိတွယ်နေဖူးသည်။ ကောင်းကင်မှာ ပျံသန်းသွားသော ငှက်ကလေးတစ်ကောင်၏ လွတ်လပ်မှုသည် တောက်ပသော အ၀ါရောင်အသွေးဖြင့် ကျွန်မအာရုံထဲသို့ ၀င်ရောက်ငြိတွယ်လာဖူးသည်။ မိခင်၏ ရင်ခွင်ထဲမှာ ကျေနပ်စွာရယ်မောလိုက်သော ကလေးငယ်ကလေး၏ အသံသေးသေးကလေးသည် ပြာလွင်သော အရောင်အသွေးဖြင့် ကျွန်မထံမှာ ရက်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေဖူးသည်။ ထို အာရုံပါးလျားမှုအတွက် ချာတိတ်ကို ကျေးဇူးတင်သင့်သလား၊ ကိုယ့်ကိုယ်ကိုပဲ ကျေနပ်နှစ်သိမ့်သင့်သလား၊ ကျွန်မ မသိပါ။ ကျွန်မကတော့ နေ့စဉ်လိုပင် နံနက်ခင်းများ၌ သူ့ခြံရှေ့မှ စက်ဘီး နင်းရတာ ကြည်နူးစွာသာယာမြဲ ဖြစ်ခဲ့သည်။

                   မိုးရွာသော နံနက်ခင်းများတွင် ကျွန်မ စက်ဘီးမစီးဖြစ်ပါ။ ကျွန်မ စက်ဘီးမစီးဖြစ်သည့် နံနက်များတွင် သူလည်း ခြံထဲသို့ဆင်း၍ ဘတ်စကတ်ဘော လေ့ကျင့်ဖြစ်မည် မဟုတ်ပါ။ နေသာသော နံနက်ခင်းများတွင် သူသည် စပို့ရှပ်လက်တိုဖြစ်ဖြစ်၊ စွပ်ကျယ် လက်ပြတ်ဖြစ်ဖြစ် ၀တ်ဆင်တတ်သည်။ သို့သော် ထိုအင်္ကျီများသည်လည်း အဖြူရောင်ပင်ဖြစ်လေသည်။ စိမ်းစိုသော ခြံဝင်းထဲမှာ အုတ်နီရောင် တိုက်အိမ်နံရံနောက်ခံတွင် အဖြူရောင်လေးတစ်ခု သွက်လက်စွာ ခုန်လိုက်သည့် မြင်ကွင်းသည် ကျွန်မအတွက် ဘယ်တော့မှ ရိုးအီမသွားပါ။

                   တစ်ခါတစ်ရံ ဖြူဝင်းသော သူ့လက်မောင်းသားများသည် ချွေးဖြင် စိုလက်ကာ နေရောင်ခြည်မှာ တောက်ပလျက်ရှိသေးသည်။ ထိုလက်မောင်းများ၏ အေးစက်ချောမွတ်မှုကို ကျွန်မ အဝေးကနေ ခံစား၍ ရပါသည်။ ထိုအေးစက်စက် ချွေးစိုသည့် ထိတွေ့မှုသည် ကျွန်မ လက်ဖျားများမှ နှလုံးသားဆီသို့ပင် လျင်မြန်စွာ ကူးစက်သွားတတ်သည်။ ထိုအခါ ကျွန်မ၏ နှလုံးသည် စိမ့်ခနဲအေးသွားရတတ်ပါသည်။ နောက်ပြီး သူ့မျက်လုံးများ၏ အရောင်။ အညိုရင့်ရင့်အရောင်မှ ဖြာထွက်နေသော အလင်းတန်းကလေးသည် ဘာနှင့်တူပါလိမ့်။ ကြယ်ကလေး တစ်ပွင့်နှစ်ပွင့်နှင့် တူသည်။ ကြယ်ကလေးတွေထံမှသာ ရရှိနိုင်မည့် အရောင်မျိုး။ အဲသည် အရောင်သည် သူ့မျက်လုံးများ၏ အရောင်ဖြစ်သည်။

                   ကျွန်မတို့နှစ်ယောက်၏ မျက်လုံးချင်း၊ အပြုံးချင်းသာ ရင်းနှီးခွင့်ရသည့်ကာလ ဘယ်လောက်ကြာခဲ့သလဲ ကျွန်မ မမှတ်မိပါ။ ဘာကြောင့်လဲဆိုတော့ သည်ထက်ပို၍ ရင်းနှီးဖို့ ကျွန်မ မမျှော်လင့်ခဲ့သောကြောင့် ဖြစ်သည်။ အချို့အရောင်များသည် ဝေးဝေးမှကြည့်လျှင် ပို၍လှပပြေပြစ်တတ်သည် မဟုတ်လား။  

                   သို့သော် မကြာသေးသည့် နံနက်ခင်းတစ်ခုတွင် ကျွန်မ သူ့ခြံရှေ့မှ စက်ဘီးနင်းလာသောအခါ ခြံဝင်းတစ်နေရာ၌ ပြိုင်ဘီး အသစ်ကလေးတစ်စီးကို တွေ့ရသည်။ အနက်ရောင် စက်ဘီးကလေး ဖြစ်သည်။ အနက်ရောင် ကတ္တရာလမ်းထက် ပို၍နက်မှောင်ကာ ပြောင်လက်နေ၏။ သူ့စက်ဘီးဖြစ်လေမလား။ သူသည် စက်ဘီးတစ်စီး ၀ယ်လိုက်လေသလား။ ထိုစက်ဘီးကို သူ ဘာအတွက် အသုံးချမှာလဲ။ ကျွန်မ စိတ်ထဲက ပြုံးမိကာ ဆက်နင်းလာတော့ ခြံဝသို့ ရောက်လာသည်။ ခြံဝမှ လှမ်းမြင်နေရသည့် ကျွန်မ၏ အဖြူရောင်ကလေးသည် ဘဲလ်တီးစရာမလိုဘဲ ကျွန်မရှိရာလမ်းဘက်သို့ လှမ်းကြည့်နေခဲ့လေသည်။

                   အညိုရောင်ဆံပင်များက စင်းကျလျက်၊ အညိုရင့်ရောင်မျက်လုံးများက စူးစူးရှရှ စိုက်ငေးလျက်၊ ပန်းနုရောင်နှုတ်ခမ်းက စိုလက်စွာ တင်းတင်းစေ့လျက်၊ သူ့လက်ထဲမှာ ဘယ်အချိန်ကတည်းက ရှိနေမှန်း မသိသည့် နီဝါ၀ါဘောလုံးကို ပိုက်လျက်၊ သူ ကျွန်မကို ပြုံးမပြပါ။ ကျွန်မ၏ အပြုံးကို စောင့်နေဟန်တူသည်ဟု ခံစားမိသဖြင့် ကျွန်မကပဲ ပြုံးပြလိုက်သည်။ ထိုအခါ သူပြုံးရင်း ဖျတ်ခနဲ မျက်နှာလွှဲလိုက်လေသည်။ ထို့နောက် ကျွန်မ သူ့ခြံရှေ့မှ ထွက်ခွာရင်း သီချင်းသံစဉ် တစ်ပိုင်းတစ်စကို လေချွန်မိသည်။ ကောင်းကင်သည် ပို၍ပြာကာ သစ်ပင်တို့သည် ပို၍စိမ်းရင့်ပြီး တိမ်တို့သည် ပို၍ ဖြူဖွေးတောက်ပနေခဲ့သည်။

                   ထို့နောက် သိပ်မကြာမီမှာ ကျွန်မ၏ နောက်ဘက်မှ စက်ဘီးဘဲလ်သံတစ်ခုကို ကြားရတော့ ချက်ချင်းပင် ရင်ခုန်စွာကျေနပ်သွား၏။ သူပဲ ဖြစ်ရမှာပေါ့။ အနက်ရောင်စက်ဘီးကလေးကို နင်းလာသည့် အဖြူရောင်အင်္ကျီဖြင့် ချာတိတ်ကလေးကို ကျွန်မ မြင်ရမှာသေချာပါသည်။ စိတ်ထဲမှ လောင်းကြေးတစ်ခု ထပ်ကာ နောက်ကြည့်မှန်မှာ အကဲခတ်ကြည့်မိ၏။ ကိုယ်ကို ရှေ့သို့ ငိုက်ကုန်းကာ စက်ဘီးနင်းနေချိန်၌ သူ့ဆံပင်များသည် လေဖြင့် နောက်သို့ လွင့်လျက် အညိုရောင် မီးလျှံများကို လှပနေသည်။ တဖြည်းဖြည်း စက်ဘီးချင်း နီးကပ်လာသောအခါ သူ၏ အသက်ရှူသံကို  ကြားရသည်။ ထို့နောက် သူ့စက်ဘီးက ကျွန်မ၏ ဘယ်ဘက်မှာ ယှဉ်ပြိုင်၍ နင်းနေတော့သည်။ သို့သော် သူကျွန်မကို လုံးဝ လှည့်မကြည့်ပါ။ သူ့ဘေးမှာ ကျွန်မစက်ဘီးရှိနေသည်ဟု သတိမထားမိဟန်ဖြင့် မျက်နှာကို ရှေ့သို့သာ စိုက်ထား၏။ ကိုယ်ကို တစ်ဝက်လောက် ငုံ့ကိုင်းထားရလို့လည်း ဖြစ်နိုင်ပါသည်။

                   သူ့ညာဘက်လက် လက်ဖျန်ဆီမှာ မွေးညင်းနုနုကလေးများသည် ရွှေရောင်လက်နေ၏။ ထိုမွေးညင်းကလေးများသည် အောက်ခြေတွင် ချွေးစက်မှုန်မှုန်ကလေးများဖြင့် စိုစွတ်တောက်ပလျက်ရှိသည်။ စက်ဘီးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ထားသည့် သူ့လက်ဖမိုးဆီမှာ စိမ်းပြာရောင်သွေးကြောမျှင်ကလေးများကို ကျွန်မ မြင်ရသည်။ ကျွန်မနှင့် သူ ဘယ်လောက်နီးကပ်စွာ တည်ရှိနေသလဲဆိုလျှင် သူ့ကိုယ်နံ့ကိုပင် ကျွန်မ အသက်ရှူခံစား၍ ရနေသည်။ ဆပ်ပြာမွှေး၏ရနံ့ သို့မဟုတ် ရေမွှေး၏ရနံ့နှင့် ချွေးနံ့ ပေါင်းစပ်နေသော ချိုချိုအီအီ ခပ်ပြင်းပြင်းရနံ့၊ ထိုရနံ့သည် အစိမ်းနုရောင်အသွေးဖြင့် ကျွန်မ၏ အာရုံထဲသို့ ၀င်ရောက်ငြိတွယ်သွားလေသည်။
                   သူနှင့် ကျွန်မ စကားမပြောဖြစ်ကြပါ။ တစ်ယောက်ကို တစ်ယောက်လည်း လှမ်းမကြည့်ကြပါ။ သို့သော် သူကျွန်မ၏ အိမ်ရှေ့အထိ စိတ်ရှည်လက်ရှည် လိုက်ပါလာ၏။ ကျွန်မ ခြံထဲသို့ဝင်ရန် စက်ဘီးပေါ်မှ ဆင်းလိုက်သောအခါ သူသည် စက်ဘီးကို ဖြည်းလေးစွာ နင်း၍ နောက်ပြန်လှည့်ကြည့်သွားသည်။ ကျွန်မ လှစ်ခနဲ ပြုံးပြလိုက်သောအခါ သူချက်ချင်းပင် မျက်နှာပြန်လွှဲသွား၏။ သို့သော် သူပြုံးလိုက်သည်ကို ကျွန်မ မြင်လိုက်ပြီးပြီ။ သူ့မျက်နှာနောက်ဘက်မှ လှမ်းမြင်ရတာဖြစ်ပေမယ့် နှုတ်ခမ်းထောင့်စွန်းလေး ကော့ပျံသွားသည့် လှုပ်ရှားမှုနှင့် ပါးပြင်က မို့တက်သွားသည့် လှုပ်ရှားမှုကို ကျွန်မ ဖမ်းမိလိုက်သည်။

                   ယခုအချိန်မှာတော့ ကျွန်မနှင့် သူသည် နံနက်ခင်း သို့မဟုတ် ညနေခင်း တစ်ချိန်မဟုတ် တစ်ချိန် ဆုံတွေ့နိုင်ကြပြီဖြစ်သည်။ နံနက်ခင်းအချိန်များတွင် ကျွန်မ၏ခြေလှမ်းများဖြင့် သူ့ကိုတွေ့နိုင်ပြီး ညနေခင်းများတွင်တော့ သူ့ခြေလှမ်းများဖြင့် ကျွန်မကိုတွေ့ဖို့ သူ ကြိုးစာလာသည်။ နံနက်ခင်းတစ်ချို့တွင် ကျွန်မ ပျက်ကွက်လျှင်လည်း ညနေမှာတော့ သူ ကျွန်မအိမ်ရှေ့မှာ စက်ဘီးနင်း၍ ဖြတ်သွားသောကြောင့် သူနှင့်ကျွန်မ နေ့စဉ်လိုလို မြင်တွေ့ရပါသည်။ ကျွန်မ၏ အိမ်ရှေ့သို့ရောက်လျှင် သူလည်း စက်ဘီးဘဲလ်ကို တီးလေ့ရှိသည်။ ထိုအချိန်များသည် ကျွန်မ ၀ရန်တာမှာ ပန်းချီဆွဲနေချိန် ဖြစ်တတ်သည်။ သို့မဟုတ် အိမ်ရှေ့က ခြံဝင်းသေးသေးကလေးမှာ ကြိုးစားပမ်းစား စိုက်ပျိုးထားသော နှင်းဆီပင်ကလေးများကို ရေလောင်းနေချိန်ဖြစ်တတ်သည်။ တစ်ခါတုန်းကတော့ ကျွန်မ အပေါ်ထပ် ၀ရန်တာမှာ ပန်းချီဆွဲနေသည်ကို သူစက်ဘီးဒေါက်ထောက်လျက် အကြာကြီး လှမ်းကြည့်နေခဲ့ဖူးပါသည်။   

                   သူ နှင့် ကျွန်မ၏ အခြေအနေကို တိုးတက်သည်ဟု ပြောဆိုခွင့်ရှိပါသလား။ သူ့ထံမှ ကျွန်မ ဘာကိုမျှ မျှော်လင့်မထားသောကြောင့် ဤအခြေအနေသည် တိုးတက်မှုဖြစ်သည်ဟု ကောက်ချက်မချသင့်ပါ။ သူက ကျွန်မကို ဒါထက်ပို၍ ချဉ်းကပ်လာမည်ဟုလည်း ကျွန်မ မထင်ပါ။ ကျွန်မ၏အရွယ်နှင့် သူ၏အရွယ်မှာ စိတ်ကူးယဉ်လို့ မရလောက်အောင် ကွာခြားလှသည်မဟုတ်လား။ ကျွန်မမှာ အိမ်ထောင်ရှိမရှိ၊ သားသမီးရှိမရှိ  သူ မသိနိုင်။ ကျွန်မ ဘယ်လိုမိန်းမမျိုးလဲဟု သူ မသိနိုင်။ ထို့ကြောင့်လည်း သူ့ခြေလှမ်းများ ဒါထက်ပို၍ ကျဲလာရန် ကျွန်မ မမျှော်လင့်ကောင်းပါ။
                   ကျွန်မအား သူ့ဘောလုံးထက် ပို၍ စိတ်မ၀င်စားခဲ့ကြောင်း ကျွန်မသိသာစေရန် နံနက်ခင်း ဘတ်စကတ်ဘော ကစားချိန်ကို သူဘယ်တော့မျှ ထပ်မံ မဖျက်တော့ပါ။ ကျွန်မ၏အိမ်ကို သူသိသွားအောင် ကြိုးစားသည့် ထိုမနက်ခင်းမှလွဲ၍ သူသည် ဘောလုံးကိုသာ သဲကြီးမဲကြီး ကစားနေခဲ့ပါသည်။ ထို့ကြောင့်လည်း ကျွန်မ ပို၍ကျေနပ်သွားပါသည်။ သူ ကျွန်မကို သူ့ဘောလုံးထက် ပို၍ စိတ်ဝင်စားသွားမှာကိုပင် ကျွန်မက စိုးရိမ်နေပြန်သည်။ သို့သော် ကျွန်မကိုယ်ကျွန်မကျတော့ သူ့ကို ယောက်ျားတစ်ယောက်အဖြစ် စိတ်ဝင်စားမိသွားမှာကို မစိုးရိမ်ပြန်။ ဘာကြောင့်လဲဆိုတော့ ကျွန်မသည် မရနိုင်သောအရာများကို မျှော်လင့်တတ်သော အရွယ်မှ လွန်မြောက်ခဲ့ပြီမို့ ဖြစ်သည်။

                   ကျွန်မသည် လောကထံမှာ အဖော်တစ်ယောက်ကို တောင်းခံဖို့ ၀န်လေးနေခဲ့ပြီ။ အဖော်တစ်ယောက် တောင်းခံတိုင်း ကျွန်မ ရရှိလာသော မှားယွင်းသည့် လက်ဆောင်များကိုလည်း ကျွန်မ စိတ်ကုန်စွာပင် ရယ်မောနိုင်ခဲ့ပြီ။ ဟိုတုန်းကတော့ ကျွန်မက လောဘအလွန်ကြီးခဲ့သည်။ ယောက်ျားတစ်ယောက်ထံမှ အရည်အချင်းဆိုတာကို ကျွန်မ မက်မောခဲ့သည်။ တကယ် သူ့ထံမှ ရလာသည်က မျက်လှည့်ပညာသာ ဖြစ်သည်။ နောက်ထပ် ယောက်ျားတစ်ယောက်ထံမှ ကတိဆိုတာကို ကျွန်မတောင်းခံခဲ့သည်။ တကယ် သူ့ထံမှ ရလာသည်က ရေစုန်မှာ လှေကြုံလိုက်တတ်သည့် ထူးဆန်းမှုတစ်ခုသာ ဖြစ်သည်။ ယောက်ျားတစ်ယောက်ထံမှ အပြန်အလှန် ဖေးမကူညီမှုနှင့် ညီညွတ်မှုကို ကျွန်မ လိုချင်စွာ မျှော်လင့်ခဲ့သည်။ တကယ် သူ့ထံမှ ရလာသည်က သူ့အတ္တများသာ ဖြစ်သည်။

                   ယခုတော့ ကျွန်မသည် ယောက်ျားတို့ထံမှ ဘာကိုမှ မမျှော်လင့်သူ၊ မလိုချင်သူ ဖြစ်ခဲ့ပြီ။ သူတို့၏ အရည်အချင်းဆိုတာကိုလည်း ကျွန်မ မလိုအပ်တော့ပါ။ သူတို့၏ ကတိတွေကိုလည်း ကျွန်မ မလိုအပ်တော့ပါ။ သူတို့ပေးလာမည့် နှင်းဆီပန်းများထက် ကျွန်မကိုယ်တိုင် စိုက်ပျိုးယူရသည့် နှင်းဆီပန်းများကို ပို၍မက်မောစွာ တန်ဖိုးထားပါသည်။ ဤအချက်ကို ကိုယ်တိုင်သတိပြုမိသောအခါ လောကသည် အသက်ရှင်နေထိုင်ရတာ ထိုက်တန်လာသည်ဟု ခံစားရသည်။
သို့သော် အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်မဘေးမှာ အဖော်တစ်ယောက်လောက်တော့ ရှိစေချင်သည်။ ထိုအဖော်သည် ချစ်သူတစ်ယောက် ဖြစ်စရာမလို၊ ခင်ပွန်းတစ်ယောက် ဖြစ်စရာမလို၊ သားတစ်ယောက် ဖြစ်စရာမလို၊ သမီးတစ်ယောက်လည်း ဖြစ်စရာမလို။ လူသားတစ်ယောက်ယောက်၊ အရောင်တွေကို နားလည်ခံစားတတ်သူ တစ်ယောက်ယောက်၊ ကျွန်မငိုလျှင် ၀မ်းနည်းပေးမည့်၊ ကျွန်မပျော်ရွှင်လျှင် ကြည်နူးပေးမည့် လူသားတစ်ယောက်ယောက် ကျွန်မ ဒါ့ထက်ပို၍ မမျှော်လင့်ပါ။ သို့သော် ထိုမျှလောက် ဆန္ဒကလေးကိုပင် လောကထံမှ မတောင်းခံရဲ။ သည်တစ်ခါ လွဲမှားလျှင်ဖြင့် ကျွန်မ ရယ်နိုင်ဖို့ ခွန်အားတွေ မရှိတော့ဘူးမဟုတ်လား။

ထို့ကြောင့်လည်း ကျွန်မ၏ ချာတိတ်ထံမှ ကျွန်မ ဘာကိုမှ မလိုအပ်တာ သေချာပါသည်။ ယခုအချိန်ထိ သူသည် ကျွန်မအတွက် ချစ်စရာ အရောင်ကလေးတစ်ခုသာ ဖြစ်သည်။ ကြယ်များနှင့်တူသော မျက်လုံး၊ နေရောင်ခြည် လရောင်ခြည်နှင့်တူသော အပြုံး၊ အညိုရောင်မီးလျှံများနှင့်တူသော ဆံပင်၊ တိမ်စိုင်တိမ်တန်းတစ်ခုပမာ ပေါ့ပါးလွတ်လပ်သည့် ခန္ဓာကိုယ်၊ ရေဂယက်ကလေးတစ်ခုလို ကြည်လင်စွာ လျင်မြန်သည့် သူ့လှုပ်ရှားမှု ဒါတွေအားလုံး ပေါင်းစပ်ခြင်းသည် ကျွန်မ ခံစားနှစ်သက်သည့် အရောင်ကလေးတစ်ခုဖြစ်သည်။

ထိုအရောင်ကလေး ဝေးသွားမှာကိုလည်း ကျွန်မ မစိုးရိမ်ပါ။ တချို့အရောင်များသည် ဝေးသွားမှ ပို၍လှပသည်မဟုတ်လား။ ထိုအရောင်ကလေး နီးကပ်လာမှာကိုလည်း ကျွန်မ မစိုးရိမ်ပါ။ အရောင်သည် ကတိတစ်ခု မဟုတ်သောကြောင့် ဖောက်ဖျက်သွားမှာ မစိုးရိမ်ရ။ အရောင်သည် မျှော်လင့်ချက်တစ်ခု မဟုတ်သောကြောင့် အလိုဆန္ဒ မပြည့်ဝမှာ မပူပင်ရ။ အရောင်သည် လေးစားရမည့် အရည်အချင်းတစ်ခု မဟုတ်သောကြောင့် ဟန်ဆောင်မှုကွာကျသွားမှာကို မစိုးရိမ်ရ။ အရောင်သည် ရိုးစင်းစွာပင် အရောင်တစ်ခုသာဖြစ်သည်။ အရောင်တစ်ခုကို ပိုင်ဆိုင်ရန် မဖြစ်နိုင်။ ထို့ကြောင့် ထိုအရောင်ကို ဆုံးရှုံးရတော့မှာ မဟုတ်။ ဘယ်တော့မှ ဆုံးရှုံးတော့မည်မဟုတ်ပါ။                                  

Typing Credit & Special Thanks to Cho Nwe Soe

Copy From

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis