menu

Thursday 10 October 2013

ဖိတ်စာပေးခြင်း သည်းခံပါ


ပျော်ရွှင်မြူးထူးနေသည့်ဟန်ဖြင့် ရယ်ရယ်မောမောနှုတ်ဆက်ကာ အိမ် ပေါ်မှ ဆင်းသွားသည့် စုံတွဲကိုကြည့်ရင်း ကိုကျော်ကြီး သက်ပြင်းချသည်။ ပြီး တော့မှ ”ဒီလို သီတင်း ကျွတ်လတိုင်း   မင်္ဂလာဆောင်တစ်ခုနဲ့ပတ်သက်ပြီးသူ ငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရတာကို အမြဲသတိရနေတယ်”ဟု ပြောလိုက် သည်။ ဤကဲ့သို့ ဝါလကင်းလွတ်ပြီဖြစ် သည့် တစ်ခုသော သီတင်းကျွတ်တွင် ဖြစ်သည်ဟု တာမွေမှ ဝပ်ရှော့ဆရာ ကိုကျော်ကြီးက ပြန်ပြောင်းပြောသည်။
သူ၏ အရင်းနှီးဆုံးသူငယ်ချင်း တစ်ယောက်က မင်္ဂလာဆောင်ပါသည် တဲ့။ တိုက်ဆိုင်စွာပင် ထိုနေ့ထိုရက်တွင် ကိုကျော်ကြီးတို့ လင်မယားအကြောင်း တစ်ခုကြောင့် ရန်ဖြစ်ကြသည်။ ငွေရေး ကြေးရေးဟု သူကဆိုပါသည်။
”ဖြစ်ချင် တော့ဗျာ။ အဲဒီရက်မှာပဲ အကြွေးတစ်ခုက ချက်ခြင်းအလော တကြီး လာပူတယ်။ အဲဒါနဲ့ပတ်သက်ပြီး လင်မယား ရန်ဖြစ်ရသလို ပြောရမယ် ဆိုရင်ဗျာ ပျက်လို့မရ တဲ့ တကယ်ငယ် ပေါင်းရဲ့မင်္ဂလာဆောင် သွားဖို့ပါ ပျက် ရော”
တကယ်တော့ ထိုမင်္ဂလာပွဲကို ဒီ အတိုင်းသွားရင် ရနိုင်သော်လည်း ထို စဉ်က သူ့စိတ်ထဲ မိတ်ဆွေဝတ္တရားအရ ထိုက်ထိုက်တန်တန် ကူညီလက်ဖွဲ့ချင် သော်လည်း အဆင်မပြေတော့၍ မသွား တော့ဟု ဆုံးဖြတ်ခဲ့ခြင်းဟု ဆိုပါသည်။

”အဲဒါက မှားသွားတယ်။ ကိုယ်က တွေးတာကတစ်မျိုးပါ။ သူငယ်ချင်းက ပြေလည်တာလည်း မဟုတ်သလို တစ် ဖက်မိသားစုနဲ့လည်း ဖိုက်ပြီး လုပ်ခဲ့ရ တာ။ ကိုယ်က ကိုယ့်အပူနဲ့ကိုယ်အပြင် အဲဒီအချိန်က ပိုက်ဆံက တကယ်ကိုဗျာ၊ ကားခတောင်မရှိတော့ နောက်မှ တောင်း ပန်လိုက်မယ်ဆိုပြီး ဖျက်လိုက်တာပဲ”ဟု ကိုကျော်ကြီးက စိတ်မကောင်းဟန်ဖြင့် ပြောသည်။
သာမန်အမြင်အားဖြင့် ဆိုပါလျှင် ဘာမှမဟုတ်ဟု ယူဆနိုင်သော်လည်း သူတို့ကတော့ ဖြစ်ခဲ့ပါသည်။ ပိုဆိုးခဲ့ သည်က သူ့ သူငယ်ချင်း၏ မင်္ဂလာပွဲက ရန်ကုန်တွင်မဟုတ်။ တစ်ဖက်အမျိုး သမီး၏ နယ်တွင် သူ့သူငယ်ချင်းက သူ ငယ်ချင်းများအားကိုးဖြင့် မာန်တင်းလုပ် ရခြင်းဖြစ်ရာ ငယ်ပေါင်းကြီးဖော်သူငယ် ချင်းက သူ့ကို တော်တော်နာခဲ့ သည်ဟု ကိုကျော်ကြီးက ပြောသည်။
”ပြောရရင်တော့ ဖြစ်ချင်တော့ လည်း ဟိုမှာ အဆင်မပြေတာတွေနဲ့ပါပေါင်းဖြစ်သွားတာပေါ့။ အခုဆို အဲဒီ သူငယ်ချင်းက လုံးဝကို စခန်းဖြတ်သလို အဆက်အသွယ် ပါ ပြတ်သွားတာဗျ။ ကိုယ့်အတွက်တော့ တကယ့်သင်ခန်းစာ ပဲ။ သီတင်းကျွတ်ရောက်ပြီဆို မင်္ဂလာ ဆောင်တွေတွေ့ရင် အဲဒါပြန်ပြန် သတိ ရ စိတ်မကောင်းဖြစ်ရ တယ်။ နောက်ပိုင်း ဆို ဖိတ်ပြီဆို မဖြစ်မနေကြံဖန်သွားဖြစ် အောင် ကြိုးစားရတာပါပဲ” ဟု ကိုကျော် ကြီးက အဆုံးသတ်သည်။
ဤသည်ကား လောကီထုပ္ပတ်လူ တို့ ဇာတ်မှ ဇာတ်ဝင်ခန်းတစ်ခန်းသာ တည်း။ ဖြစ်ကြောင်းကုန်စင်က အများ သားပင်။ သီတင်းကျွတ်လသည် မြန်မာ တို့အတွက် ဘာသာတရားအရ လထူး လမြတ် ဖြစ်သကဲ့သို့ ပျော်ပွဲရွှင်ပွဲများ အလှူအတန်းများကလည်း ခြိမ်းခြိမ်းညံ။
ထိုအထဲတွင် မြန်မာ့ရိုးရာအရ ဝါထွက်ပြီဆိုသည်နှင့် ဟိုကဒီက အသံ ကြားရသည်က မင်္ဂလာဆောင်ခတ်ကွင်း ပြင်သံများဖြစ်သည်။ မင်္ဂလာဆောင်များ ကို ဂေါ်မစွံသော လူပျိုကြီး အပျိုကြီးများ ကြောက်ကြသည့်နည်းတူ အသိအကျွမ်း အပေါင်းအသင်းမိတ်ဆွေပေါသော သူ များလည်းကြောက်ကြပါသည်။ တကယ် တော့ ကြောက်သည်ဟု သုံးနှုန်းပါလျှင် တစ်ပါးသူ၏ မင်္ဂလာယူမှုအပေါ် အဆိုး မြင်သည်ဟု ထင်ကောင်း ထင်ပါမည်။
သို့သော် ကြောက်ကြသည်က အ မှန်ဧကန်မလွဲတည်း။ အထူးသဖြင့်မူ လခစား ဝန်ထမ်းများနှင့် အပိုဝင်ငွေ မရှိသူများက ပို၍ ကြောက်သည်ဟု ဆို ပါလျှင် မည်သူငြင်း နိုင်ပါအံ့နည်း။
”ပြောမနေနဲ့ ။ ဒီလမှ မဟုတ်ဘူး။ ဘယ်လဖြစ်ဖြစ် ။ ဟိုးတစ်ခါက တစ်လ တည်းမှာတင် ရုံးမှာ သုံးယောက်လောက် ယူတယ်။ ကိုယ်နဲ့သိပ်မသိလည်း တစ်ရုံး တည်း ဆိုတော့ အချိုးကျ လက်ဖွဲ့ဝေစု ထည့်ရတယ်လေ။ အီစိမ့်သွားတာပဲ။ မယူနဲ့မပြောပါဘူး။ နားနားပြီး ဆွဲကြ ပေါ့ဗျာ”ဟု ဆိုသူက အစိုးရရုံးတစ်ခုမှ စာရေးကြီး လူပျိုကြီး ဦးနိုင်စိုးဖြစ်သည်။
မင်္ဂလာဆောင်ကြသည်ဆိုတော့ လည်း အများအားဖြင့် မိန်းကလေးဆန္ဒ အရ အလွန် ခမ်းခမ်းနားနားမဟုတ် သည့်တိုင် လှလှပပ ဝံ့ဝံ့ထည်ထည်လေး တော့ဖြစ် လိုကြစမြဲ။ထို့ကြောင့် ခန်းမ တတ်နိုင်သူက ခန်းမ၊ ဟိုတယ်တတ်နိုင်သူက ဟိုတယ်။ သို့မဟုတ်ပါကလည်း ဘိုးဘွားရိပ်သာလို နေရာမျိုး၊ စားသောက်ဆိုင်နှင့် နာမည်ရှိ သည့် နေရာမျိုးများ၌ လုပ်နိုင်အောင် အားထုတ်ကြရသည်။ ချဲ့လျှင် ချဲ့သ လောက် ကုန်ကျစရိတ်များသော ပွဲမျိုး မို့ ချိန်ရသည်၊ ဆရသည်။ တွက်ရသည်၊ ချက်ရသည်။ ဖိတ်ဖို့အတွက် သေသေ ချာချာ လုပ်ရသည်။ အရေးကြီးပုဂ္ဂိုလ် များ မကျန်ခဲ့အောင် ရွေးရသည်။ ထိုသို့ စနစ်တကျပြင် ဆင်ပြုလုပ်သည့် အ တွက်လည်း ဖိတ်ကြားခံရသူ များက သွားရမည့်နေရာဌာနအရ ပြင်ဆင်ရပြန် တော့သည်။
အငှားကား စရိတ်သာမက ရင်းနှီး မှု သို့မဟုတ် ပြုလုပ်သည့်နေရာနှင့်ကိုက် ညီမည့် လက်ဖွဲ့လက်ဆောင် တွက်ချက် ပြင်ဆင်ရပြန်သည်။ ဤကား လက်ရှိ မင်္ဂလာဆောင် ကကြိုးပင်ဖြစ်ပေတော့ သည်။
”တွက်ရတာပေါ့လေ။ ရန်ကုန်မှာ မင်္ဂလာဆောင်တစ်ခုသွားမယ်ဆို ကိုယ့် ရပ်ကွက်ထဲလုပ်တာမဟုတ်ရင် သွားရ ပြန်ရမယ့် ကားခ။ ဒါကလည်း ဝေးရင် တစ်သောင်းေ လာက်ကုန်မယ်။ တစ်ခါ လက်ဖွဲ့ကလည်း ပစ္စည်းဝယ်ရင်တောင် အနိမ့်ဆုံး တစ်သောင်းနီးပါးပေါ့။ ပိုက် ဆံဆိုရင်လည်း အဲလောက်မှ နည်းနည်း သင့်တော်သလို ဖြစ်နေ တာဗျ။ တွေး ကြည့်လေ။ အဲလိုပွဲမျိုးဆို အနည်းဆုံး နှစ်သောင်းလောက်သေချာတယ်။ တစ် လတည်းဒါမျိုး သုံးခုလောက်ဆို ပြဿ နာပေါ့ဗျာ။ ရွေးပယ်လုပ်ရပြီပေါ့” ဟု
အိုင်တီကုမ္ပဏီတစ်ခုမှ ကိုအောင်မျိုး ဦးက ပြောသည်။
သူသည်လည်းလူပျို။ လူပျိုဆို သည်ထက် ထိုသို့သောအကြောင်းများ ကြောင့် ဤကဲ့သို့ အထက်ပါအတိုင်းဟု ဆိုရမည့် ချစ်သူနှင့် ရွှေလက်တွဲဖို့ နှစ် ရှည်စီမံကိန်းဆွဲ၍ ကြိုးစားနေသူဟု ပြောက ပိုမှန်ပါမည်။  ”ကိုယ်တောင် ဒီလိုတွက်ရတာဗျာ။ ကျွန်တော်တို့ ယူဖြစ်ရင်တော့ ကျဉ်း ကျဉ်းပဲ လုပ်မယ်စိတ်ကူးတာပါပဲ။ မသိ သေးပါဘူး။ ဝန်ထုပ်ဝန်ပိုးက ကိုယ် လည်းမဖြစ်ချင် သူများကိုလည်းမဖြစ်စေ ချင်ပါဘူးဗျာ”ဟု သူက ရင်ဖွင့်ပါသည်။
မြောက်ဥက္ကလာပမြို့မှ မသဲသဲက လည်းတစ်ဘာသာပင်။ ”ဖိတ်စာက တစ်စောင်လောက် ရရင်ပျော်တယ်။ သြော် ငါ့သူငယ်ချင်းမင်္ဂလာဆောင် တော့မှာပါလား။ ငါသွား အားပေးရမယ် ဆိုပြီး ။ နှစ်စောင်လောက်လာရင်လည်း ဒီအပေါင်းအသင်းဆိုရင်လည်းဘယ်လို လေး လက်ဖွဲ့ရမလဲစိတ်ကူးလိုက်သေး တယ်”ဟု သူက သူ့စိတ်ကိုပြောပြ သည်။
သို့သော် ”၃ စောင်လောက်ဖြစ်လာ ရင်တော့ အရင်ဆုံးလာတဲ့ဖိတ်စာအ တွက် ဘာလက်ဖွဲ့ရမလဲဆိုတဲ့ စိတ်ကူး ပြီး အသုံးစရိတ်၊ ဝယ်မယ့် ပမာဏကို လျှော့လိုက်ရပြီ။ အဲလိုလက်ဖွဲ့ရင် ငါ့ ဝင်ငွေနဲ့ ထွက်ငွေကျန်ငွေတွေကို တွေး ရပြီ”ဟု မသဲသဲက တွက်ပြသည်။
”တစ်ခါတလေဆို သူငယ်ချင်း မင်္ဂလာဆောင်ပြီးတော့ သူငယ်ချင်း ညီမရဲ့ မင်္ဂလာဆောင်ဖိတ်စာဆိုတာ တွေပါ ရောက်လာရော။ သူငယ်ချင်း မင်္ဂလာဆောင်ကလည်း ကိုယ်နေတဲ့ နေရာနဲ့ မဝေးတဲ့ခန်းမဆိုတော့ ဝေးလို့ မလာနိုင်ဘူးဆိုပြီး အကြောင်းပြလို့လည်းမရ။ ဒီတော့သွားရတယ်။ တစ်ခါ တလေ ကိုယ့်သုံးဖို့ဝယ်ထားတဲ့ ပစ္စည်း   ကောင်းလေးတွေကို လက်ဖွဲ့ပစ္စည်းအ ဖြစ် ပြန်သုံးလိုက်ရတဲ့အခါတွေလည်းရှိ တယ်”ဟု မသဲသဲကသူ၏မင်္ဂလာဆောင် များနှင့် ပတ်သက်သည့် အတွေ့အကြုံ နှင့်   ဖြတ်သန်းမှုကို ပြောသည်။
အမှန်ဆိုရလျှင် မင်္ဂလာဆောင်နှင့် လက်ဖွဲ့ခြင်းက ချစ်စရာကောင်းသည့် မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာတစ်ခုပင်။ ပုဆိုးတန်းတင်၍ အကြင်လင်မယား ဖြစ်ပြီဟု သင်္ကေ တပြုပြီဆိုသည်နှင့် အိမ်နီးနားချင်းများက မိမိတို့ထံမှ ပိုလျှံ နေသော သို့မဟုတ် အသုံးမလိုသော ပစ္စည်းများကို အိမ်ရာထူထောင်စ ဇနီး မောင်နှံကို ဝေခြမ်းခွဲပေးကြသည့် ဓလေ့ မှ အခြေတည်ဆင့်ပွားလာခြင်းပင်။ သို့ သော်ခေတ်ကာလအခြေအနေအရ လက် ဖွဲ့ပေးရခြင်းကမဖြစ်မနေသဘောဆောင် လာပြီး ဝန်ထုပ်ဝန်ပိုးအသွင်ကိုလည်း
တစ်ခါတစ်ရံဆောင်လာခဲ့သည်။
”သီတင်းကျွတ် ရောက်ပြီဆို ကြောက်တယ်။ ဘာလို့ဆို ဖိတ်စာတွေ ရောက်လာတော့မယ်”ဟု ပြောလိုက်သူ က အသက် ၄၈ နှစ်ရှိ တာမွေမှ ဦးစိုး ဟန် ။ သူကအိမ်ေ ထာင်ရှင်ဖြစ်ပြီး သား သမီးတော့ မထွန်းကားသေး။  ”ကျွန်တော်တို့မှာ သားသမီးလည်း မရှိတော့၊ ကိုယ်အလှည့်ကျရင် ပြန်လာ မှာပဲဆိုတဲ့ မျှော်လင့်ချက်လည်း မရှိပါ ဘူး။ တစ်ခါတလေတစ်လထဲမှာ ဖိတ်စာ ၃ စောင်လောက် လာရင်ကိုပဲ ရူးချင် နေပြီ”ဟု သူက ထပ်လောင်းပြောလိုက် သည်။
ဦးစိုးဟန်၏ ရပ်တည်မှုအရ အ လုပ်က အတည်တကျမရှိ။ ကြုံရာကျ ပန်းသာ။ သို့သော် အပေါင်းအသင်းမိတ် ဆွေ ဆိုသည်က လူတိုင်းမကင်းနိုင်။ ထို့ အတွက် လူမှုရေး ဆိုသည်ကလည်း ခေါင်းစဉ်အမျိုးမျိုးနှင့် ရှိနေတတ်ပါ သည်။ ”ကျွန်တော်က ဝင်ငွေမမှန်တော့ ဒီလို ဖိတ်စာတွေလာရင် တစ်လငါး သောင်းလောက် ရတဲ့မိန်းမရဲ့ မဖြစ်စ   လောက်လစာလေးကိုပဲ ပြန်အားကိုးရ တယ်။ဖိတ်စာ ၂ စောင် ၃ စောင်လောက် ရရင်ပဲ အဲဒီလကတော့ အူခြောက်တဲ့ လဖြစ်ရောပေါ့ဗျာ။ အသုံးစရိတ်တွေ လျှော့ချရ တယ်။ အသုံးစရိတ်ဆိုတာက နေ့စဉ်ချက်ပြုတ်စားသောက်စရိတ်ကို ပြောတာပါ”ဟု သူက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
သူတို့လိုပင် အခြေခံနှင့်လူလတ် တန်းစားဘဝများအတွက်တော့ မင်္ဂလာ ဆောင်မှမဟုတ်ပါ။ သာရေးနာရေး၊ ရပ်ကွက်ရေး၊ မီးရေး ထင်းရေး စသည့် အရေးမျာစွာက လည်း မကင်းနိုင်သည့် အပူသက်သက်သာ။ မင်္ဂလာဆောင်ကဲ့ သို့ ကိစ္စများကတော့ မည်ရွေ့မည်မျှပေး ရမည်ဟု မည်သူကမျှ သတ်မှတ်မထား သော်လည်း အထက်တွ င်ရေးခဲ့သည့် အတိုင်း ရင်းနှီးမှု၊ ကျင်းပသည့်နေရာ နှင့် လျော်ညီအောင် ပေးကြသည်ချည်း ဖြစ်သည်။ တချို့ကတော့ ထည့်ပါသည်။ ”လက်ဖွဲ့ခြင်း သည်းခံပါ”ဟူ၍။ သို့သော်
ဤအခြေအနေက နေ့သားကျနေရုံ သာမက ပြည့်စုံချမ်းသာသူများအဖို့ စိတ်ထင်တိုင်းချဲ့နိုင်သော်လည်း အများ စုကမူ ကုန်ကျစရိတ်နှင့် ပြန်၍ တွက်နေ ရသည်က စတိုင်ဖြစ်နေခဲ့ပြီဖြစ်သည်။ အိမ်ထောင်သက်တမ်း တစ်နှစ်သာရှိ သေးသည့် ရန်ကင်းမှ မမျိုးမျိုးသူက   ”ဖိတ်စာ ၂ဝဝ လောက်ရိုက်ပေမယ့် တကယ်တမ်းလာတာက ၁၅ဝ   လောက် ပဲရှိပြီး ရတဲ့ပစ္စည်းတွေကတော့ ၄ဝ လောက်ပဲကောင်းကောင်းရတယ်။ ကျန် တာတွေက အဲလောက်မဟုတ်ပါဘူး။ ငါးဆယ်လောက်ကတော့ ငွေသားလက် ဖွဲ့ရတယ်။ ကိုယ့်တုန်းကသွားပြီး ပြန်မ လာတာတွေလည်းရှိတယ်။ လာမယ် တွက်ထားပြီး မလာတာတွေလည်း ရှိ တယ်။ အရင်းမဟုတ်တောင် နည်းနည်း တော့ ရှုံးတယ်။ ဒါပေမဲ့ မပြောပ လောက်တဲ့အရှုံးဆိုတော့ မင်္ဂလာဆောင် လိုက်ရတာနဲ့ပဲ ပြန်ဖြေကျေနပ်ပါတယ်” ဟု ပြောသည်။ တောင်ဥက္ကလာပမြို့ နယ်မှ ကိုမျိုးလင်းကလည်း မနှစ်က သူ့ မင်္ဂလာပွဲ အခြေအနေကို ”ဖိတ်စာ ပို့ သလောက်မလာကြဘူး။ ပြန်မရဘူး။ အရင်းတောင်မရဘူး။ ခန်းမစရိတ်၊ အဝတ်အစား အကျွေးအမွေးတွေ အ ကျဉ်းချုံးတာတောင် သိန်း ၂ဝ လောက် ကုန်တယ်။ ပြန်ရတာ ကျပ် ၁၂ သိန်း လောက်ပဲ။ နှစ်ဖက်မိဘတွေခံပေးတာ ပေါ့။ အဲလိုစိုက်လိုက်ရတော့ ကျွန်တော် တို့အတွက် ထပ်မပေးနို င်ကြေ တာ့ဘူး ပေါ့ဗျာ” ဟု သူ့မင်္ဂလာဦးအခက်အခဲကို ရင်ဖွင့်ပြန်သည်။ သို့သော်လည်း ဤသို့ တွက်ချက် ကျင်းပရသည်ကို အပြစ်ဟု ဆိုရန်လည်းမသင့်။
အစဉ်အလာအရ ၊ တန်ဖိုးထားမှုအရ၊ မဖြစ်မနေလုပ်ရမည့် တာဝန်အရ မကင်းနိုင်သည့်အရာ ဖြစ်သည်။ ထိုမျှမက မင်္ဂလာဆောင်ဆို သည်က မင်္ဂလာရှိသော အခမ်း အနားမို့ ကြုံရသူများအတွက် ပျော်စရာပင်။ သို့ သော် ငွေပိုငွေလျှံ မရှိသူများအတွက် ကတော့ စိတ်မအေးစရာဖြစ်နေသည်ကလည်းငြင်းမရ။ တချို့က ယင်းအ တွက်လည်း လက်တွန့်၍ တစ်ယောက် တည်း နေသကဲ့သို့၊ သီတင်းကျွတ် ပေါင်းများစွာသာ ကျော်လွန်သွားသော် လည်း မှန်းထားသည်နှင့် ပိုပိုဝေး၍ အသက်သာကြီးလို့သွားတယ် ဟူသော စုံတွဲများလည်းမနည်း။ အထူးသဖြင့် မြို့ပြမှာကား မလွယ်ရေးချမလွယ်ပါ။
မင်္ဂလာဟူသည် အမျိုးသမီးများ အတွက် တစ်သက်တွင် တစ်ခါသာရ သည့် အခွင့်အရေးဖြစ်သည်ဟု မြန်မာ့ ယဉ်ကျေးမှုနှင့် ဓလေ့အရ လက်ခံထား ကြသည်။ ဘဝ၏ အရေးကြီးသော အခန်းကဏ္ဍပင်မဟုတ်လော။ သို့သော် ဤမျှော်လင့်ချက်စိတ်ကူးကလည်း တစ် ဦးနှင့်တစ်ဦး မတူသကဲ့သို့ ခံယူချက် အမြင်တွေကလည်း ကွဲပြားနိုင်ပါ သည်။
စာရေးဆရာကြီး စစ်ကိုင်း ဦးဘိုး သင်းကတော့ ခေတ်မင်္ဂလာဆောင်များ သည် အမြတ်ကြီးစား အသွင်ဖြစ်လာ သည်ဟု လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်းက ”သူ့အတွေးသူ့အမြင်” စာအုပ် များထဲ ရေးခဲ့ဖူးသည်။ တချို့ကလည်း အပိုအလုပ်တွေဟု မြင်သကဲ့သို့ အကျိုး မရှိသော ငွေကုန်ကြေးကျအပြုအမူဟု လည်း မြင်သူကမြင်ကြ သည်။သေချာ သည်က မဖြစ်မနေလုပ်ရမည့် အခမ်း အနားကဲ့သို့ဖြစ်နေသော်လည်း ပေါင်း ဖက်ရမည့် နှစ်ဦးနှစ်ဖက်ပေါ်တွင်သာ မူတည်ပါသည်။
”ပွဲအတွက်ပြင်ဆင်ရတဲ့ဒုက္ခ၊ စိတ် ကျဉ်းကျပ်မှု၊ အဝတ်အစားချုပ်ရတာ၊ မိတ်ကပ်ပြင်ရတာ.. အဲ့ဒါတွေဟာ လူနှစ်ဦးပေါင်းဖက်လိုက်တဲ့အပေါ် ပေး ဆပ်ရတဲ့ ဘေးထွက် ဆိုးကျိုးတွေပါ.. မလိုလားအပ်တဲ့ အရာတွေပါ။ ကျွန်မ ကတော့ မင်္ဂလာဆောင်တွေကို ရယ်ချင် တယ်”ဟု မီဒီယာတစ်ခုမှ ဘာသာပြန်အယ်ဒီတာအမျိုးသမီးတစ်ဦးက သူ့ခံယူ ချက်နှင့်အမြင်ကို ဆိုပါသည်။
”ကျွန်တော်ကျွန်မတို့ ဟိုဒင်းဟို ဟာပြုကြလေသည်ဆိုတဲ့ ကိစ္စကို လူသိ ရှင်ကြားငွေကုန်ခံ၊ တတ်နိုင်သူတွေ၊ စား နိုင်သူတွေကို ကျွေးမွေးနေတာ အနှစ် သာရမဲ့တဲ့ ကိစ္စပါ။ ကိုယ့်ကြောင့် လာ ရမဲ့သူတွေလည်း ဒုက္ခမရောက်စေချင် ဘူး”ဟု သူက ဝေဖန်လိုက်သည်။
အနှစ်သာရရှိစေရန် ထိုသို့ပြုလုပ် ၍ ကုန်ကျမည့် ပိုက်ဆံကို မိဘမဲ့ကလေး များနှင့် မစားသောက်နိုင်သူများကိုရည် ရွယ်လှူဒါန်းခြင်းဖြင့် သူတို့အတွက် မ စားဖူး၊ မစားနိုင် သည့် အစားအသောက် အာဟာရမျိုးလှူဖို့ စုံတွဲတွေကို အကြံ ပေးချင်သည်ဟုလည်းသူက ဆိုပါသည်။  အကယ်၍ သူ၏ ချစ်သူနှင့်သာ ပေါင်းဖက်ခွင့်ရခဲ့လျှင်ဆိုသည့် သူ့စိတ် ကူးကိုလည်း ပွင့်လင်းစွာ ပြောပြပါ သည်။
”ကျွန်မဆိုရင်တော့ မင်္ဂလာ ဆောင်ထက် လက်ရှိလင်မယားနှစ် ယောက်ကျောခင်းနိုင်မဲ့၊ ဘဝထူထောင် နိုင်မဲ့ အိမ် လေးတစ်လုံးတည်ဆောက် မယ်။ အဲဒီ အိမ်လေးမှာ အိမ်တက် လေးအဖြစ်၊ ဘုရားနေကဇာတင်ပွဲလေးနဲ့ မင်္ဂလာ ဆွမ်းကျွေးလေးလုပ်မယ်”ဟု လက်တွေ့ ကျကျ ရိုးစင်းစွာ ပြောသည်။
ထိုရိုးစင်းသော ပွဲလေးအတွက် အမှတ်တရကိုတော့”အမှတ်တရ အနေ နဲ့ မိဘမဲ့ကလေးတွေကို သူတို့လေးတွေ မစားဖူးတဲ့ အစားအသောက်လေးတွေ ကျွေးချင်တယ်။ သူတို့ စားနေတာလေး ကို ဓာတ်ပုံရိုက်သိမ်းထားမယ်။ ဟိုတယ် ကြီးပေါ်က ပွဲထက်ခမ်းနားမှာပါ”ဟု သူ့ စိတ်ကူးအိပ်မက်ကို စကားဖြင့် သရုပ် ဖော်ပါသည်။ ပြီးတော့ သူက ပြောလိုက် ပါသေးသည်။
”လာသူရော၊ မလာသူရော ဘယ် သူ့ကိုမှ အပြစ်မမြင်ပါဘူး”
ထိုသို့သောအခြင်းအရာများစွာရှိနေသည့် သီတင်းကျွတ်လသည်ကား များမကြာမီ ရောက်လာတော့မည်ဖြစ် သည်။မိုးကတော့ လွတ်လွတ်ကျွတ်ကျွတ် မပြတ်သေး။ ဘဝနှစ်ခုပေါင်းဖက်ရေး အတွက် အချို့သော ချစ်သူစုံတွဲများ အိပ်မက်ကို အကွက်လှလှဖြင့် ဖော်နေ ကြတော့မည်။ တချို့ကျတော့လည်း တစ်ယောက်လက် တစ်ယောက် ဆုပ် ကိုင်ကာ အားပေးပြုံးဖြင့် မကြာတော့ပါ ဘူးဟု လောကဓံကို စိန်ခေါ်ချင်လည်း ခေါ်နေလိမ့်မည်။ တစ်ကိုယ်တည်းအထီး ကျန်နေဆဲ လူပျိုကြီး အပျိုကြီးများ ကလည်း ကိုယ်နှင့်မဆိုင်ခွင့်မပိုင် ဟူ သော မာန်ဖြင့် သီတင်းကျွတ်ကို တူ တူမလေးများလက်ဆွဲ၍ ပွဲဈေးလိုက်ပို့ ခြင်းဖြင့် တစ်ဖုံ၊ ဟိုခရီးသွားမလိုလို ဒီခရီး ထွက်မလိုလိုဖြင့် မရှောင်၏သို့ ရှောင်၏သို့ လုပ်သူများကလုပ်ကြပါ လိမ့်မည်။
မည်သို့ပင်ဆိုစေ တားမြစ်ထား သော်လည်း သီတင်းကျွတ်ပွဲတော်၏ အဓိပ္ပာယ်တစ်ခုဖြစ်သော ဗြောက်အိုး ဖောက်သံများ၊ ပွဲတော်အတွက်စောင့် ကြိုနေသော   ပျော်ရွှင်ခြင်းများနှင့် မီးပုံး လှလှလေးများကလည်းရောင်စုံအထွန်း ခံ၍ လင်းပြဖို့ စောင့်နေပြီဖြစ်သည်။
လောကသည် အဖြူနှင့်အမည်း၊ အလင်းနှင့်အမှောင်၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းမှုစသည့် ဆန့်ကျင်ဘက်လော ကဓံတို့ ကျောချင်းကပ်နေစမြဲဖြစ်ရာ တချို့ဘဝများ အတွက်တော့ မင်္ဂလာဆို သည်က နည်းနည်းတော့ အဖျားခတ် တုန်ခါနေမည်ဖြစ်သည်။ ကြုံရာကျပန်းလုပ်ကိုင်အသက် မွေးနေသော အိမ်ထောင်ရှင် ဦးစိုးဟန် ၏ စကား တစ်ခွန်းကတော့ သီတင်း မကျွတ်ခင် ကြိုဖောက်လိုက်သော ဗြောက်အိုးသံပင် ဖြစ်လိမ့်မလားဟု ထင်မိတော့သည်။ သူပြောလိုက်သည်က ”မင်္ဂလာဆောင်ဖိတ်စာဆိုပေမ ယ့် ကျွန် တော်တို့ မိသားစုစားဝတ်နေရေးအတွက် တော့ ခြိမ်းခြောက်စာပါ”
သတင်းအချက်အလက်- စိုင်းလမင်း၊ အိမ်စည်စိုးစံ အောင်ခွန်းဆက် ရေးဖွဲ့သည်။
Popular Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis