menu

Thursday 10 October 2013

မိန်းမလှကျွန်းတွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆ ပိုများလာ


ဖိုးစိုးသူ | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၄၄ မိနစ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းရှိ သားရဲတိရစ္ဆာန် ဘေးမဲ့ကျွန်းတစ်ခုဖြစ်သော မိန်းမလှကျွန်းပေါ်တွင် ရေချိုရေငန်စပ် မိကျောင်းများ ယခင်နှစ်များထက် နှစ်ဆပို၍များလာကြောင်း မိန်းမလှကျွန်း သဘာဝသားရဲ တိရစ္ဆာန် ဘေးမဲ့တော တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောသည်။

ယင်းသို့ အကောင်ရေပိုများလာခြင်းမှာ ဒေသခံများနှင့် ဘေးမဲ့တောမှ တာဝန်ရှိသူများက ထိန်းသိမ်းမှုများရှိ၍ ဖြစ်သည်ဟုလည်း ဦးဇော်ထူးအောင်က ပြောသည်။

၎င်းက “အခါတိုင်းနှစ်တွေမှာ မိကျောင်းတွေ ၁၂၀ နဲ့ ၁၅၀ ကြားလောက်ပဲ ရှိကြတယ်။ ဒီနှစ်မှာတော့ ရေလုပ်သားတိုင်းလိုလို မိကျောင်းတွေ့တာတွေ
ရှိတယ်။ အရမ်းကြီးတဲ့ အကောင်ကြီးတွေတော့ မဟုတ်ဘူး။ အကောင်
အရေအတွက် ၃၀၀ လောက်တော့ရှိတယ်။ အလတ်စားကောင်တွေ ညအချိန်မှာ တွေ့ကြတာ များတယ်”ဟု ပြောသည်။


မိန်းမလှကျွန်းတွင် ဇီဝမျိုးစုံမျိုးကွဲ သားရဲတိရစ္ဆာန်များ အစုံလင်ရှိပြီး အဆိုပါ သားရဲတိရစ္ဆာန်များကို ၁၉၉၄ ခုနှစ်မှ စတင်၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ချောင်းဗြဲကြီးကျေးရွာမှ ဦးမြင့်ဋ္ဌေးက “နာဂစ်မတိုင်ခင်ကတော့ ဒီဒေသမှာ ပေ ၃၀ လောက်ရှည်တဲ့ မိကျောင်းတွေ တော်တော်များများ ရှိခဲ့တယ်။ အခု အလတ်စား ၁၀ ပေ ကောင်တွေ ပိုပြီးလည်း တွေ့လာရတယ်။ ထိန်းသိမ်းတဲ့ အပိုင်းတွေလည်း ဒေသခံတွေကို ပညာပေးလုပ်ငန်းတွေ လုပ်ပေးကြတာတွေကြာင့်လည်း ပါတယ်”ဟု ပြောသည်။

မိန်းမလှကျွန်းမှ သားရဲတိရစ္ဆာန်များကို ခိုးယူရောင်းချမှု မဖြစ်စေရန်အတွက် မိန်းမလှကျွန်းတွင် ကင်းစခန်းခြောက်ခုနှင့် ၀န်ထမ်း ၁၂ ဦး ထားရှိသည်ဟုလည်း ဦးဇော်ထူးအောင်က ပြောသည်။

၎င်းက “မိန်းမလှကျွန်းမှာရှိတဲ့ သားရဲတိရစ္ဆာန်တွေကို ခိုးယူဖမ်းဆီးပြီး ရောင်းချတာတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ပါတယ်။ နောက်ပြီး ကျွန်းအနီးက မြို့တွေဖြစ်တဲ့ ဘိုကလေး၊ ဖျာပုံမြို့က ဈေးတွေမှာ လိုက်ပြီး စစ်ဆေးတာတွေကို ပြုလုပ်တယ်။ ထင်းခုတ်မှုတွေကလွဲပြီး ကျွန်းမှာရှိတဲ့ သားရဲတိရစ္ဆာန်တွေကို ဖမ်းဆီးတာတွေ မရှိပါဘူး”ဟု ပြောသည်။

သားရဲတိရစ္ဆာန်များကို ထိန်းသိမ်းရမည့် အာဆီယံအမွေနှစ်တစ်ခုဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်း တည်ရှိ၍ အကျယ်မှာ ၃၃,၇၇၉ ဧကရှိပြီး တောင်နှင့်မြောက် အလျား ၁၆ မိုင်ရှည်လျား၍ အရှေ့နှင့်အနောက် အနံ ခြောက်မိုင် ရှည်လျားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis