menu

Wednesday 16 October 2013

"မြန်မာနိုင်ငံစစ်ပွဲအပေါ် ကားလ်မာ့က်စ်၏ သုံးသပ်ချက်"

Photo: "မြန်မာနိုင်ငံစစ်ပွဲအပေါ် ကားလ်မာ့က်စ်၏ သုံးသပ်ချက်"

အရင်းရှင်စံနစ်၏ အမြင့်ဆုံးအဆင့်သည် နယ်ချဲ့စံနစ်ပင်ဖြစ်သည်။ အရင်းရှင်စံနစ်၏ အထင်ရှားဆုံးလက္ခဏာဖြစ်သည့် စက်မှုလုပ်ငန်းများ အလွန်အမင်းတိုးတက်လာခြင်းနှင့် ကုန်ထုတ်လုပ်မှုများ အဆမတန်တိုးတက်လာခြင်းကိုဖြေရှင်းရန် နောက်ဆုံးနည်းလမ်းမှာ နယ်ချဲ့ခြင်းပင်ဖြစ်တော့သည်။ မိမိတို့ နယ်ချဲ့သိမ်းပိုက်ထားသော နယ်မြေများသို့ မိမိတို့၏ထုတ်ကုန်များကို မိမိတစ်ဦးတည်း လက်ဝါးကြီးအုပ်ရောင်းချနိုင်သလို ထိုနယ်မြေမှ သယံဇာတများကိုလည်း မိမိတစ်ဦးတည်းပင် ဈေးချောင်ချောင်ဖြင့်ပြန်ရနိုင်သည့် အခွင့်အလမ်းသည် နယ်ချဲ့သူတို့မလွဲမသွေရရှိနိုင်သည့် အကျိုးအမြတ်များဖြစ်လေ၏။ သမိုင်းကိုပြည်လည်ငဲ့စောင်းကြည့်ပါက ထိုအဖြစ်များကို ရှင်းရှင်းကြီးမြင်နိုင်ပါသည်။ မိမိတို့နိုင်ငံသည်ပင် နယ်ချဲ့တို့လက်အောက်သို့ နှစ်ပေါင်းရာကျော်ရောက်ခဲ့ရသေးသည်။

ယနေ့ခေတ်တွင်မူ လွန်ခဲ့သော ရာစုများကကဲ့သို့ ပြောင်ပြောင်တင်းတင်းနယ်ချဲ့ခြင်းများမရှိတော့သော်ငြား အလားတူဖြစ်ရပ်များ ဖြစ်ပွားလျှက်ပင်ရှိနေသေး၏။ တရားဝင်နယ်ချဲ့ခြင်းမဟုတ်သဖြင့်လည်း နယ်ချဲ့သူများအနေဖြင့် ပို၍တာဝန်ကင်း၏။ မိမိနယ်ချဲ့ထားသော နယ်မြေအတွက် တရားဝင်တာဝန်ယူရန်မလို။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကာ ထုတ်သလောက်ရောင်းပြီး ရသလောက်ယူရန်သာရှိလေ၏။ လက်ဝါးကြီးအုပ်ခံလိုက်ရသော နိုင်ငံ၏အဖြစ်မှာမူ တိတ်တိတ်ပုန်း မယားငယ်တစ်ဦးထက်ပင်လျှင် ဆိုးရွားလှပါသည်။

အရင်းရှင်များကို တစ္ဆေခြောက်သလို ခြောက်လှန့်ခဲ့သည့် ကွန်မြူနစ်စနစ်ကို စတင်ခဲ့သူတစ်ဦးဖြစ်သည့် ကားလ်မာ့က်စ်သည် အရင်းရှင်စနစ်ကို မျက်ခြေမပြတ်စောင့်ကြည့်ကာ သူ၏ ဒိုင်ယာလက်တစ်နည်းဖြင့် အစဉ်ပင်သုံးသပ်လေ့လာခဲ့သည်။ သူ့ခေတ်က

နယ်ချဲ့စနစ်ကို အထူးဆောင်ရွက်နေသည်မှာ ထိုစဉ်ကသူအခြေချနေထိုင်ရာ နိုင်ငံဖြစ်သည့် ဗြိတိန်ပင်ဖြစ်တော့သည်။ ဗြိတိသျှတို့သည် အန္ဒိယကို ကိုလိုနီပြုပြီးနောက် မြန်မာနိုင်ငံကိုပါ အကြောင်းအမျိုးမျိုးရှာ အပြစ်အမျိုးမျိုးပြောကာ စစ်ပွဲ သုံးပွဲဖြင့်သိမ်းပိုက်ခဲ့သည်။ ဤသည်မှာ လက်ဝါးကြီးအုပ် ဂုတ်သွေးစုပ်လိုသော ဗြိတိသျှအရင်းရှင်ကုန်သည်ကြီးများအသင်းက မြန်မာနိုင်ငံကိုသိမ်းပိုက်နယ်ချဲ့ရန် အိန္ဒိယဘုရင်ခံအား မကြာမကြာတိုက်တွန်းပြောကြားခဲ့မှုများကြောင့်လည်းဖြစ်၏။

ထို့ကြောင့် အရင်းရှင်စနစ်ကိုလေ့လာလျှက်ရှိသော မာ့က်စ်သည် ဗြိတိန်တွင်နေထိုင်လျှက် ဗြိတိန်အစိုးရ၏ အပြုအမူများကို မျက်စေ့ဒေါက်ထောက် လေ့လာခဲ့၏။

သူနှင့် ဖရက်ဒရစ် အိန်ဂျယ်တို့ ပူးတွဲရေးသားခဲ့သော ကွန်မြူနစ်ပါတီကြေညာစာတမ်းကို ၁၈၄၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လန်ဒန်တွင် စာအုပ်ငယ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သလို အရင်းရှင်စနစ်၏ အပြောင်းအလဲများကိုလည်း ယခင်ကထက်ပိုမိုစောင့်ကြည့်ရမည့် မာ့က်စ်အတွက် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့ခြင်းသည် အကောင်းဆုံးလေ့လာစရာတစ်ခုဖြစ်ခဲ့ပုံရ၏။

ယခုဆက်လက်ဖော်ပြမည်တို့မှာ အင်္ဂလိပ်တို့မြန်မာနိုင်ငံကို ရန်စကျူးကျော်နယ်ချဲ့ခြင်းနှင့်ပတ်သက်၍ ၁၈၅၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က ပုံနှိပ်ထုတ်ဝေခဲ့သော နယူးယောက် ဒေးလီး ထြီဗျုးန် သတင်းစာ အမှတ်စဉ်-၃၈၃၃ တွင်ရေးသားခဲ့သည့် ကားလ်မာ့က်စ်၏
"မြန်မာနိုင်ငံစစ်ပွဲ၊ ရုရှားပုစ္ဆာ၊ ထူးဆန်းသော သံတမန်အပြန်အလှန်စာလွှာများ(War in Burma.The Russian Question. Curious Diplomatic Correspondence.)" ဟူသည့် ဆောင်းပါးမှ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကောက်နှုတ်ချက်များပင်ဖြစ်ပါသည်။ ထိုစဉ်ကမြန်မာသံတမန်များ အိန္ဒိယသို့ ရောက်ရှိခဲ့ပြီး အင်္ဂလိပ်တို့နှင့် ဆွေးနွေးခြင်းသတင်းကို အခြေခံ၍ ရေးသားထားခြင်းလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကားလ်မာ့က်စ်၏ ရေးသားခြင်းမှာ ဤတစ်ခုသာရှိမည်ဟုယူဆရပါသည်။

မည်သည့် အီလက်ထရွန်းနစ်သတင်းအချက်အလက်နည်းပညာမျှ မပေါ်ပေါက်သေးသည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၆၀ က သုတေသီပညာရှင်တစ်ဦး၏ လေ့လာသုံးသပ်ချက်ကိုဖတ်ရှုလေ့လာကြပါကုန်။ ယခုဆောင်းပါးတွင် မာ့က်စ်၏ ဆင်ခြင်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းကိုပါတွေ့မြင်နိုင်ပါကြောင်း။
                              
                                        * * *
မြန်မာနိုင်ငံစစ်ပွဲ
လန်ဒန်၊ သောကြာနေ့၊ ဇူလိုင် ၁၅၊ ၁၈၅၃။

မြန်မာသံတမန်များသည် ဗိုလ်ချုပ်ကြီးဂေါ်ဒွင်ကမ်းလှမ်းသော နှစ်နိုင်ငံသဘောတူညီချက်စာချုပ်ကို ပယ်ချလိုက်ကြောင်း အိန္ဒိယမှ နောက်ဆုံးရောက်ရှိလာသည့် စာများအရသိရသည်။ ဗိုလ်ချုပ်ကြီးက သူတို့ကို အကြောင်းပြန်ရန် ၂၄ နာရီမျှမကစဉ်းစားခွင့်ပေးခဲ့သော်လည်း ၁၀ နာရီမျှအချိန်အတောအတွင်းတွင်ပင် မြန်မာတို့ပြန်သွားကြပြီဖြစ်၏။  မဆုံးနိုင်သေးသော မြန်မာနိုင်ငံစစ်ပွဲ တတိယအကြိမ် မလွဲဧကန်ဖြစ်ပွားတော့မည်ကိုမြင်နေရပြီ။

အရှေ့တိုင်းတွင် ဗြိတိသျှတို့ ကျူးကျော်တိုက်ခိုက်ခဲ့မှုများအနက် မြန်မာနိုင်ငံကိုကျူးကျော်မှုလောက် အကျိုးအကြောင်းခိုင်လုံမှုအခြေခံကင်းမဲ့သောစစ်ပွဲမျိုးမရှိခဲ့။ ဗြိတိသျှပိုင်နယ်မြေများကို မြန်မာတို့က အနောက်မြောက်ဖက်မှဝင်ရောက်နိုင်သည်ဟု ဆိုနိုင်သော်ငြား ယင်းဖက်မှကျူးကျော်တိုက်ခိုက်လာနိုင်သည့် အန္တရာယ်မှာဖြစ်နိုင်ဖွယ်မရှိ။ဘင်္ဂလားနှင့် မြန်မာနိုင်ငံသည် တောင်တန်းကြီးများခြားနားနေပြီး ယင်းတို့ကိုမည်သည့်စစ်တပ်ကမျှ ကျော်လွှားချီတက် ၀င်ရောက်လာနိုင်မည်မဟုတ်။ အိန္ဒိယအစိုးရသည်လည်းမြန်မာနိုင်ငံကိုတိုက်ခိုက်လိုက ပင်လယ်လမ်းမှသာလျှင်မလွဲမသွေဝင်ရမည်။ မြန်မာတို့ကရေကြောင်းမှကျူးကျော်ဝင်ရောက်လာနိုင်သည်ဟူသည့်ပြောစကားများသည် ရယ်ဖွယ်ရာဖြစ်သကဲ့သို့၊ မြန်မာကမ်းခြေစောင့်တပ်များကဗြိတိသျှစစ်သင်္ဘောများကိုတိုက်ခိုက်ရန်ကြံစည်နေသည်ဟုဆိုခြင်းမှာလည်း မဖြစ်နိုင်သောအဆိုပင်ဖြစ်သည်။ ပဲခူးနယ်တစ်ဝိုက်ကို အမေရိကန်ယန်းကီးများက သိမ်းပိုက်ရန်ဆန္ဒပြင်းပြနေသည်ဟူသည့် ဟန်ပြလေလုံးများမှာလည်း မည်သည့်အထောက်အထားမျှမရှိ။

ထို့ကြောင့်ပင်လျှင် အကြောင်းမရှိအကြောင်းရှာနေကြသောအင်္ဂလိပ်မင်းမျိုးစိုးနွယ်များအား အင်္ဂလိပ်စာရေးဆရာတစ်ဦးပြောသလို "အရှေ့တိုင်းမှာ သူတို့အတွက် ပုံမှန်အလုပ်လုပ်စရာရုံးတစ်ခု ဒါမှမဟုတ် ဟမ်ပတန်နန်းတော်တစ်ခုလုပ်ပေးဖို့သာရှိတော့တာပဲ"ဟုပြောရန်သာရှိတော့သည်(ဟမ်ပတန်နန်းတော်ဆိုသည်မှာ လန်ဒန်မြို့ သိမ်းစ်မြစ်အနီးရှိနန်းတော်တစ်ခုဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအထိ အင်္ဂလိပ်ဘုရင်တို့စံမြန်းရာဖြစ်ခဲ့ကာ၊ မာ့က်စ်တို့ခေတ်တွင်မူ တော်ဝင်အကျဉ်းသားတို့အတွက် အိမ်ရာဖြစ်လေ၏)။

၁၈၂၄မှ ၁၈၂၆ အထိဖြစ်ပွားခဲ့သော အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲသည် လော့ဒ် အမ်းဟာ့စ်တ်၏ စိတ်ကူးယဉ်ဆန်လှသော စီမံခန့်ခွဲမှုအောက်တွင်ဖြစ်ပွားခဲ့ကာ စစ်ပွဲဖြစ်ပွားခဲ့သည့် ၂နှစ်ကျော်ကာလကလေးဝယ် အိန္ဒိယအစိုးရသည် အကြွေး စတာလင်ပေါင် ၁၃သန်း တိုးလာခဲ့၏။ အရှေ့တိုင်းဒေသများဖြစ်ကြသည့် စင်ကာပူ၊ ပီနန်နှင့် မလက်ကာတို့တွင်အခြေစိုက်ထားသည့်ရုံးဌာနများကိုနှစ်စဉ်ထောက်ပံ့ရသည့်ငွေမှာလည်း စစ်တပ်များအတွက်မပါသေးလျှင်သော်မှ ထိုဒေသများမှရရှိသည့်ဝင်ငွေထက်ပင် နှစ်စဉ် စတာလင်ပေါင်တစ်သိန်းပိုမိုကုန်ကျနေသည်။ ၁၈၂၆ ခုနှစ်က သိမ်းပိုက်ခဲ့သော မြန်မာ့ပိုင်နက်များအတွက်ကုန်ကျစရိတ်မှာ ထို့ထက်ပင်မကချေ။ ပဲခူးအတွက်ကုန်ကျစရိတ်မှာလည်း မတန်တဆများလျှက်ရှိသည်။

ယခုသော် အင်္ဂလိပ်တို့သည် ရုရှားကိုတိုက်ခိုက်နေခြင်းမျိုးကဲ့သို့သော ဥရောပတွင်အထူးလိုအပ်နေသည့်စစ်ပွဲများကို နောက်တွန့်လာခဲ့ပြီးနောက် အာရှရှိ အဆင်အခြင်ကင်းမဲ့သော စစ်ပွဲများဆီသို့ တစ်နှစ်ပြီးတစ်နှစ် အဘယ်ကြောင့် ကျွမ်းထိုးမှောက်ခုံကျလာနေရလေသနည်း။

ဥရောပစစ်ပွဲများကြောင့် နိုင်ငံတော်မှတင်ရှိနေသော အကြွေးများကို တုန်လှုပ်လာသော ဗြိတိသျှတို့သည် အာရှစစ်ပွဲတို့၏ ကုန်ကျစရိတ်များကို ဟိန္ဒူတို့ပခုံးပေါ်သို့ပစ်ချနေချေပြီ။ သို့သော် ယခုအခြေအနေတွင် ဘင်္ဂလားမှ ရစရာရှိသည့်ဘိန်းခွန်များလည်းမရသည့်ကြားကပင် မြန်မာနှင့်တိုက်ရမည့်စစ်စရိတ်ကလည်းထောင်းဦးမည်ဆိုပါက အိန္ဒိယနိုင်ငံဝယ် ဘဏ္ဍာရေးအကျပ်အတည်းဆိုက်လိမ့်မည်ဖြစ်ပြီး ယင်းအချက်ကပင်လျှင် အိန္ဒိယအင်ပါယာအား အင်္ဂလန်လွှတ်တော်မှ ပြုပြင်ပြောင်းလဲရေးသမားများ၏ စာတမ်းများ၊ မိန့်ခွန်းများထက်မကစွာပင် ကမ်းကုန်အောင်ပြုပြင်ပြောင်းလဲရန် အကြောင်းတရားဖြစ်လာချေလိမ့်မည်။

ဟက်ကာ
ref: "War in Burma. The Russian Question. Curious Diplomatic Correspondence." by Karl Marx

Popular Myanmar Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis