menu

Wednesday 16 October 2013

တရားမ၀င် ၀င်ရောက်မှု တားဆီးရေးပါဝင်သည့် ရခိုင်တိုင်းရင်းသားတို့၏ တင်ပြချက်ကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ သူရဦးရွှေမန်း တောင်းဆို


မင်းမင်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၄၈ မိနစ်

ရခိုင်တိုင်းရင်းသားများ တောင်းဆိုထားသည့် တရားမ၀င် ၀င်ရောက်မှု တားဆီးရေး အပါအ၀င် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားတိုးတက်ရေးတို့ကို အစိုးရက အမြန်ဆောင်ရွက်ပေးရန် သူရဦးရွှေမန်းက သမ္မတထံသို့ အောက်တိုဘာ ၁၅ ရက်က သ၀ဏ်လွှာ ပေးပို့လိုက်သည်။

“စောလျင်စွာ ဆောင်ရွက်ပေးခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမှုလျော့ပါးကာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုများရှိလာနိုင်မည်” ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက သ၀ဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။


သူရဦးရွှေမန်းနှင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ အဖွဲ့အစည်းများက စက်တင်ဘာလ ၂၉ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ စီးပွားရေးဗဟိုခန်းမ (IBC) တွင် “ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး မိသားစုတွေ့ဆုံပွဲ” အမည်ဖြင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံပွဲမှ ရခိုင်တိုင်းရင်းသားများ၏ တင်ပြချက်များကို အမြန်ဆောင်ရွက်ပေးရန် သမ္မတထံ ယခုကဲ့သို့ သ၀ဏ်လွှာပို့ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မိသားစုများနှင့်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် အပါအ၀င် ရခိုင်သားများက နယ်စပ်လုံခြုံရေး အားနည်းနေခြင်းကြောင့် တပ်မတော်အောက်တွင် ပြည်သူ့စစ်များ ဖွဲ့ပေးရန် အဓိက တောင်းဆိုခဲ့သည်။ သို့သော် သ၀ဏ်လွှာတွင် ပြည်သူ့စစ် ဖွဲ့စည်းပေးရန် မပါဝင်ပေ။

သူရဦးရွှေမန်းက ပို့မည့် သ၀ဏ်လွှာကို သမ္မတထံ မပို့မီ အောက်တိုဘာလ ၁၅ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမတ်များအား ဖတ်ပြခဲ့သေးသည်။

သ၀ဏ်လွှာတွင် “လွှတ်တော်အနေဖြင့်လည်း လွှတ်တော်နှင့်သက်ဆိုင်သည့် ကိစ္စများအား စောလျင်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်သည်”ဟုလည်း ထည့်ရေးထားသည်။

ရခိုင်တိုင်းရင်းသားများနှင့် စက်တင်ဘာ ၂၉ ရက်က တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက စတင်ဖိတ်ကြားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်မှ ကိုယ်စားလှယ်များက ပြည်သူ့စစ်ဖွဲ့ပေးရန် တောင်းဆိုခဲ့ကြကာ တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးက နယ်မြေလုံခြုံရေးနှင့် ပတ်သက်သည့် အားနည်းချက်များကို တင်ပြကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ရခိုင်ပြည်နယ်၏ ပထ၀ီနိုင်ငံရေး၊ လူမှုရေးနှင့် နယ်စပ်လုံခြုံရေးကိစ္စများကို တင်ပြခဲ့ပြီး န.စ.က ဂိတ်များ ဖျက်သိမ်းပြီးနောက်ပိုင်း နယ်မြေ တည်ငြိမ်မှု မရှိသည့် အခြေအနေများကို တင်ပြခဲ့သည်။

“ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ မြို့နယ်အသီးသီးမှာ ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေကို ယုံကြည်ပါ။ ကျွန်တော်တို့ကို တာဝန်ပေးပါ”ဟု ဦးဇော်အေးမောင်က ယင်းတွေ့ဆုံပွဲ တွင် တောင်းဆိုထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis