menu

Wednesday 16 October 2013

သံတွဲပဋိပက္ခတွင် ဖမ်းဆီးမှုများမှာ စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်အရဟုဆို


ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၁ မိနစ်

စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သော သံတွဲပဋိပက္ခနှင့် ပတ်သက်၍ ဖမ်းဆီးမှုများမှာ သံသယရှိသူများနှင့် စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်များအရ ဖမ်းဆီးခြင်းဖြစ်ပြီး ထပ်မံ ဖမ်းဆီးမှုများလည်းရှိ နိုင်သည်ဟု သံတွဲခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက အောက်တိုဘာ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ သံတွဲတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အောက်တိုဘာ ၁၃ ရက်အထိ ဖမ်းဆီးထားသူဦးရေ ၇၈ဦး ရှိပြီးဖြစ်ကြောင်းကိုလည်း အစိုးရက အောက်တိုဘာ ၁၄ရက် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားပြီး ယင်းတို့ အနက် အချို့မှာ စစ်ဆေးခံရသူများ၏ ထွက်ဆိုချက်များအရ ထပ်မံ ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ဦးထွန်းဝေက ဆိုသည်။

ဦးထွန်းဝေက “ထပ်ဖမ်းတဲ့အထဲက အချို့က စစ်ဆေးခံရသူတွေရဲ့ ထွက်ဆိုချက်အရ ထပ်ဖမ်းတာဖြစ်တယ်၊ သံသယရှိတဲ့သူတွေကို ထပ်ဖမ်းတာဖြစ်တယ်၊ ထပ်မံဖမ်းဆီးဖို့လဲ ရှိပါသေးတယ်၊ အပြစ်မရှိတဲ့ သူကို ပြန်လွှတ်ပေး မှာပါ” ဟု မဇ္ဈိမကို ပြောသည်။


သံတွဲမြို့ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး ဒေသခံများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိနေကြောင်းကိုလည်း သံတွဲသို့ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့သည့် ရန်ကုန်ရောက် ရခိုင်တိုင်းရင်းသားများအဖွဲ့မှ ကိုဖိုးသားက အောက်တိုဘာ ၁၄ တွင် မဇ္ဈိမသို့ ပြောသည်။

၎င်းက “ဖုန်းကတ်တွေဖောက်တာ ပွင့်လင်းမြင်သာမှု မရှိတာကို ဖော်ထုတ်တဲ့သူတွေကို ဖမ်းတယ်။ အစိုး ရအဖွဲ့တွေ လာဘ်စားတဲ့ကိစ္စတွေကို ဖော်ထုတ်ရဲတဲ့သူတွေ၊ နာရေးကူညီမှုအသင်းက ကိုယ်စားပြု လူတွေကို ဖမ်းတယ်။ ကျွန်တော်တို့ သံတွဲကိုရောက်တော့ ဒုက္ခသည်စခန်းတွေကို လိုက်မယ့် ပရဟိတအဖွဲ့တွေ မရှိတော့ဘူး”ဟု ဆိုသည်။

ယင်းအပြင် သံတွဲမြို့နယ်မှ ဖမ်းဆီးထားသူ ၁၇ ဦးကို အောက်တိုဘာ ၁၁ ရက်က ကျောက်ဖြူ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ရာ ယင်းသို့ပြုလုပ်ခြင်းမှာလည်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအတွက် ပိုမိုစိုးရိမ်စရာဖြစ်နေ သည်ဟုလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

၎င်းက “သံတွဲကလူတွေကို ကျောက်ဖြူထောင်ပို့တာဟာ မိသားစုဝင်တွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်ပါတယ်။ ထောင်ဝင်စာတွေ့လို့လည်းမရ စစ်ဆေးနေတဲ့သူတွေဟာ အမိန့်မချရသေးသ၍ တရားခံမဟုတ်တဲ့အတွက် မိသားစုဝင်တွေရှိတဲ့မြို့မှာပဲ စစ်ဆေးသင့်ပါတယ်”ဟု ပြောသည်။

သံတွဲမြို့ ပဋိပက္ခဖြစ်စဉ်တွင် လူ ခုနစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis