menu

Wednesday 16 October 2013

မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ

မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ အခင်းဖြစ်ပွားရာ စားသောက်ဆိုင်

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။

ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင် ဒုတိယခရိုင် တရားသူကြီး (၂) ၏ စွဲချက်ပုဒ်မကို ကျူးလွန်သူ ၂၃ ဦးထဲမှအချို့က မကျေနပ်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ပြင်ဆင်မှု တင်သွင်းခဲ့ရာ တိုင်းတရားလွှတ်တော်ရုံးမှ အောက်တိုဘာ ၁၅ ရက်က ကြားနာဖို့အတွက် ယင်းအမှုတွဲကို တောင်းခံခဲ့ကြောင်း၊ ထို့ပြင် စွဲချက်အမိန့်ကို ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းသည့် ၁၆ ဦးဘက်မှ ရှေ့နေများနှင့် တိုင်းဥပဒေ အရာရှိတို့က နှစ်ဖက်လျှောက်လဲများကို ကြားနာအမိန့်ချပြီးမှ မြောက်ပိုင်းခရိုင်ရုံးတွင် ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။


ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် နိုဝင် ဘာလ ၁၇ ရက် ည၈နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ရှိနေစဉ် "မင်းက ကျော်မင်းလား" ဟုမေးကာ လူငါးယောက်မှ ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ တိမ်ရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျှက်ရှိသော လူများက ထပ်မံခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်း စစ်ချက်များအရ သိရသည်။

၎င်းအမှုကို မြောက်ဥက္ကလာပရဲစခန်းမှ (ပ)၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၂၃ ဦးအား ၂၀၁၁ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားလိုပြ သက်သေများအား စတင်စစ်ဆေးခဲ့ပြီး လုံခြုံရေးအင်အား လိုအပ်ချက်များ ရှိသောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

့Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis